မြောက်ဦးတွင် အခွန်အကောက်တိုး၍ အနှေးယာဉ် သမားများ ၀န်ကြီးချုပ်ကို စာရေးတိုင်ကြား

မြောက်ဦးတွင် အခွန်အကောက်တိုး၍ အနှေးယာဉ် သမားများ ၀န်ကြီးချုပ်ကို စာရေးတိုင်ကြား
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် မြောက်ဦးတွင် စည်ပင်အဖွဲ့မှအခွန် အကောက်များ တိုးမြှင့်ကောက်ခံနေမူကြောင့် အခက်အခဲ ဖြစ်နေကြရသောဆိုက်ကားသမားများမှ စုပေါင်း လက်မှတ်ရေးထိုးပြီးအခွန်ကောက်မူ ရပ် ဆိုင်းပေးရန် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထံမေတ္တာ ရပ်ခံံစာ ပေးပို့လိုက်ကြောင်း သတင်း ရရှိသည်။

မြောက်ဦးစည်ပင်မှ ဆိုက်ကားသမားများကို တခြား ဆံပင်ညှပ်ဆိုင်၊ လမ်းဘေး လဘက်ရည်ဆိုင်၊ မုန့်တီများကဲ့သို့ အခွန်များ သတ်မှတ်ကောက်ခံရာမှ မတတ်နိုင်သဖြင့် ထိုသို့ စာရေးမေတ္တာရပ်ခံ လိုက်ခြင်း ဖြစ်ကြောင်း ဆိုက်ကားသမားများ အရေးကို ဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။
Mrauk-U-Entrace-gate
" အခု မြောက်ဦးမှာ သုံးဘီးကားတွေ တွင်ကျယ်လာတာကြောင့် တနေ့လုပ်မှ တနေ့စားရတဲ့ ဆိုက်ကားသမားတွေ လူမကျတဲ့ အတွက် ဆိုက်ကားနှင်းစားရတာ တော်တော်ကို အခက်အခဲ ဖြစ်နေပါတယ်။ ဒီလို အချိန်မှာ စည်ပင်အဖွဲ့က ဆိုက်ကား တစီးကို ကျပ် ၈၀၀၀ စီ လိုင်စင်ကြေး သွင်းရမယ်ဆိုပြီး ကောက်ခံ နေပါတယ်။ ဒီလောက် အခက်အခဲ ဖြစ်နေကြတဲ့ မိုးရာသီမှာ ဒီလို ကောက်ခံ တာဟာ ဘယ်လို ပြောရမလဲ။ လဲရာဖိထောင်းဆိုသလို မျိုး ဖြစ်နေတယ်။ ဒါကြောင်း ဆိုက်ကားသမားတွေက စုပေါင်း လက်မှတ်ရေးထိုးပြီး ပြည်နယ် ၀န်ကြီးချုပ်ဆီကို တိုင်ကြားစာ ပေးပို့တာ ဖြစ်ပါတယ်။"

မြောက်ဦး စည်ပင် အဖွဲ့သည် ဆိုက်ကားသမားများကို သာမက ယခုအခါ လမ်းဘေး ဆံသဆိုင် တဆိုင်ကို ကျပ်ရှစ်ထောင်၊ လမ်းဘေး လဘက်ရည်ဆိုင် တဆိုင်ကျပ် တစ်သောင်း၊ မုန့်တီဆိုင် တဆိုင်ကို ကျပ် ရှစ်ထောင် စသဖြင့် ကောက်ခံနေသည်ဟု သိရသည်။

ဆိုင်ကြီးများကိုသာမက ဆိုင်ငယ်များကို ကောက်ခံလာသဖြင့် ဆင်းရဲသား လက်လုပ် လက်စားများ အထူး အခက်ကြံုနေကြရသည်ဟုု သိရသည်။ ထိုသို့ စည်ပင်မှ မြင်မြင်သမျှ စျေးဆိုင်များကိုအခွန် စည်းကြပ် ကောက်ယူလာခြင်း အပေါ် သူက အခုလို ပြောသည်။

" အခု မြောက်ဦးစည်ပင်မှာ ဖြစ်နေတာက အခွန်နဲ့ ပတ်သက်ပြီး စည်ပင်အဖွဲ့ကအဖွဲ့ထဲက ၀န်ထမ်း တွေကို အခွန်ကောက်တာကို လေလံ ပေးပါတယ်။ ဘယ်သူက ပိုက်ဆံဘယ်လောက်ပေး နိုင်မလဲ။ ဥပမာ ပြောရရင် စည်ပင်ဝန်ထမ်းထဲက မြောက်ဦးမြို့ပေါ် အခွန်နဲ့ ပတ်သက်ပြီးဘယ်သူ က ပိုပေးနိုင်လဲ။ ပေးနိုင်တဲ့ ၀န်ထမ်းကို အခွန်တွေကို ကောက်ခိုင်းလိုက်တာပေါ့။ ဒီတော့လေလံရ တဲ့ စည်ပင် ၀န်ထမ်းက သူအနေနဲ့ မရှံုးဖို့ ရတဲ့နည်းနဲ့ ရသလို ကောက်တော့တာပါဘဲ။ အခု ဒီဒဏ်ကို မြောက်ဦးမြို့ခံတွေက ခံနေကြရတာ ဖြစ်ပါတယ်။"

ယခုကဲ့သို့ စည်ပင်အဖွဲ့ထဲ၌ အခွန်ကို ၀န်ထမ်းများ အတွင်း လေလံပေးပြီး ကောက်ခိုင်းနေခြင်းမှာ နိုင်ငံတော်၏ တည်ဆဲ ဥပဒေများကို ချိုးဖေါက်ရာ ရောက်နေကြောင်းလည်း သူက ပြောသည်။

မြောက်ဦးမြို့ စျေးထဲရှိ ရွှေဆိုင်များ၊ စျေးဆိုင်ကြီးများကိုလည်း အမြတ်ခွန်က အခွန်များတိုး ကောက် နေပြီး စျေးဆိုင်များ အနေဖြင့် အမြတ်ခွန်ကို တကြိမ် စည်ပင်ကို တကြိမ်ကျစီအခွန်ပေး ဆောင်နေကြရသည်ဟု သိရသည်။

အလားတူ ပဲ့နှင်း စက်လှေငယ်များမှလည်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးမှကောက်ခိုင်း သည်ဟု ဆိုကာ စာရေး(၃) ဦးက ပဲ့နှင်း စက်လှေ တစ်စီးကို ကျပ် ၁၀၀၀၀ စီကောက်ခံနေသည်ဟု သိရသည်။

မြောက်ဦးမြို့နယ်တွင် အဆိုပါ ပဲနှင်းစက်လှေ တစ်ထောင်ကျော်ခန့်ရှိသဖြင့် အဆိုပါကောက်ယူနေ သောငွေများမှာ နိုင်ငံတော် အတွက်လား၊ ကောက်ခိုင်းနေသူ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး အတွက်လားဆိုသည်ကို မည်သူမျှ မသိရှိကြောင်း သိရသည်။

ယခုကဲ့သို့ မြောက်ဦးတွင် ဌာနဆိုင်ရာများက အကြောင်း အမျိုးမျိုးပြကာ အခွန်များ တိုးမြှင့် ကောက်ခံနေသဖြင့် လူထု အတွင်း ထိခိုက်မူများ ရှိနေပြီး အဆိုပါ အခွန်ကိစ္စ ဖြစ်ပျက်နေမူနှင့် ပတ်သက်ပြီး ယခုလက်ရှိ အစိုးရ အပေါ် ပြည်သူများက ဝေဖန်မူများ တိုးပွားနေကြောင်းသိရ သည်။

Most read this week