မြစ်ကြီးနားမြို့ ကချင်ရပ်ကွက်တွင် ဗုံးဖောက်ရန် အာဏာပိုင်များ လုပ်ဆောင်

မြစ်ကြီးနားမြို့ ကချင်ရပ်ကွက်တွင် ဗုံးဖောက်ရန် အာဏာပိုင်များ လုပ်ဆောင်
by -
ကချင်သတင်းဌာန

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား၊ ကချင်သီးသန့်ရပ်ကွက်တစ်ခုတွင် ပြင်းအားမြှင့် ဗုံးဖောက်ရန်မြန်မာအစိုးရအာဏာပိုင် များ စီမံပြုလုပ်ခဲ့ကြောင်း ဒေသခံတာဝန်ရှိ သူများ ပြောသည်။

du-kahtawng-Myan
TNT ဗုံးတစ်လုံးအား ဒူကထောင်ရပ်ကွက် (Du Kahtawng) ကချင်နှစ်ခြင်းခရစ်ယာန်ဘုရား ကျောင်းရှေ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးရုံးအနီးရှိ မီးအားမြှင့်စက်ကြီး (Transformer)တွင် ကပ်ထောင်နေစဉ် ရပ်ကွက် လုံခြုံရေးကင်းမှ ကြိုတင်တွေ့ရှိလိုက်ခြင်းဖြစ်သည်။

သြဂုတ်လ (၂၅)ရက် နံနက်ပိုင်း ၁ နာရီခွဲခန့်တွင် အမည်မသိ ယောက်ကျား (၃) ဦး ရပ်ကွက်အုပ် ချုပ်ရေးရုံးနား ဆိုင်ကယ်တစ်စီးရပ်တန့်ကာ အနီးရှိ မီးအားမြှင့်စက်တွင်မိုင်းတပ်ဆင်ခြင်းဖြစ် သည်ဟု ထိုည ရပ်ကွက်ညမီးကင်းတာဝန်ကျသူများနှင့် နီးစပ်သူများပြောသည်။

ရုံးအနီး ဆိုင်ကယ်နှင့် လူ တဦးအား ညကင်းတာဝန်ကျသူများက မသင်္ကာ၍ သွားရောက်ပြီး အကျိုးကြောင်းမေးမြန်းရာ ဆိုင်ကယ်ဆီဖြည့်ရန် ရပ်တန့်နေခြင်းဖြစ်ကြောင်း ဗမာလို ပြန်လည် ပြောဆိုသည်။

သို့သော် ထိုနေရာတွင် ဆီဆိုင်မရှိခြင်းကြောင့် လုံခြုံရေးကင်းများမှ ၎င်းအား နှင်ထုတ်ရာမီးအားမြှင့် စက် ဘက်မှ လူတစ်ယောက်၊ ရပ်ကွက်ရုံးဘက်မှ လူတစ်ယေက် ထွက်လာပြီး ရပ်နေသော ဆိုင်ကယ် တစ်စီးဖြင့် (၃) ယောက် အမြန်မောင်းပြေးကြသည်ဟုဆိုသည်။

ညမီးကင်းစောင့်သူများက မီးအားမြှင့်စက်ဆီ သွားရောက်ကြည့်ရှုရာတပ်ဆင်နေသောဝိုင်ယာ မီးကြိုး စများနှင့် အတူ TNT ဗုံးတလုံးကို တွေ့ရှိသည်ဟု ၎င်းတို့၏ပြောပြချက်အရ သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဒူကထောင် ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ ကချင်သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ဟုတ်မှန်ကြောင်းနှင့် မီးအားမြှင့်စက်ကြီးတွင်ထောင်ထားသောဗုံးအား သြဂုတ် ၂၅၊ ကြာသပတေးနေ့က မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ ဗိုလ်မှူးတစ်ဦး ဦးဆောင်သည့် BE အဖွဲ့မှ ဖြုတ်လိုက်သည်ဟု ရှင်းလင်းပြောဆိုသည်။

ဗုံးထောင်သည့်နေရာသည် ရပ်ကွက်အုပ်ချုပ်ရေးရုံးနှင့်အတူ ပတ်လည်တွင် ရပ်ကွက်စျေးကြီးနှင့် ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းရှိကာ လူအစည်ကားဆုံး နေရာဖြစ်သည်။

မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းအား ကချင်သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ယင်း အကြောင်း အရာအား သိရှိလိုပါက ရဲစခန်းသို့ လူကိုယ်တိုင်လာရောက်စုံစမ်းပါရန်ပြန်လည်ဖြေ ဆိုခဲ့သည်။

ယင်း မအောင်မြင်သော ဗုံးခွဲအကြမ်းဖက်လုပ်ရပ်ကို မြန်မာအစိုးရမှ စီမံလုပ်ဆောင်ခြင်းဖြစ်သည်ဟု ရပ်ကွက်ပြည်သူများ ထင်မြင်ချက်ပေးပါသည်။

မြန်မာအစိုးရက သြဂုတ်လ (၁၂) ရက်တွင် ပထမအကြိမ် သတင်းစားရှင်းလင်းပွဲပြုလုပ်ပြီး KIO အား “သောင်းကျန်းသူအဖြစ်” ဖော်ပြခဲ့သည်။

ဒေသခံနိုင်ငံရေးလေ့လာသူများက ယခုလုပ်ရပ်သည် သမ္မတဦးသိန်းစိန် ဦးဆောင်သောမြန်မာ အစိုးရအဖွဲ့သစ်၏ စီမံချက်ဖြစ်ပြီး KIO အား “သောင်းကျန်းသူ၊ အကြမ်းဖက်သမားအဖြစ်” ပြည်သူများ ထင်ယောင်ထင်မှား ဖြစ်စေရန် ရည်ရွယ်လုပ်ကြံဖန်တီးခြင်းဖြစ်နိုင်သည်ဟုသုံးသပ် သည်။

Most read this week