ကျောက်ဖြူတွင် လူခွန်ကောက်သည်ကို ရပ်တန့်ရန် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူများ တောင်းဆို

ကျောက်ဖြူတွင် လူခွန်ကောက်သည်ကို ရပ်တန့်ရန် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူများ တောင်းဆို
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် ကျောက်ဖြူတွင် လေလံရထား သူများက စက်လှေခွန်များကိုသာမက လူခွန်များ ကိုပါ ကောက်ယူနေသဖြင့် လူအများ အပြားက မကျေမနပ် ဖြစ်ကာ လူခွန်ကောက်မူကို ရပ်တန့်ရန် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် စည်ပင်ရုံးသို့ သွားရောက်ပြီး တောင်းဆိုခဲ့ကြသည်ဟု သတင်း ရရှိသည်။

ကျောက်ဖြူရှိ အများပြည်သူများ အသုံးပြုနေသော ဂျပန်မ ဆိပ်ကမ်းအား စည်ပင်မှ ပုဂ္ဂလိက လက်သို့ လေလံပေးထားပြီး လေလံရသူများက အဆိုပါ ဆိပ်ကမ်းတွင် ကူးတို့လှေများ၊ စက်လှေများကို သာမက ခရီးသွားပြည်သူများကို လူတစ်ဦးလျှင် အတက် ၄၀၀ ကျပ်၊ အဆင်း ၄၀၀ ကျပ် ကောက်ခံနေကြောင်း သိရသည်။

ဤ ကျောက်ဖြူ ဂျပန်မ ဆိပ်ကမ်းတွင် ပြဿနာ ပေါ်နေခြင်း ဖြစ်သည်။ " ခုလို ကောက်ခံနေတဲ့ အတွက် လူတွေမှာ အထူး အခက်အခဲ ဖြစ်နေကြရတယ်။ ဒီလို လုပ်တာဟာ မတရားတဲ့ အတွက် လူပေါင်း ၄၀ လောက်က ဂျပန်မ ဆိပ်ကမ်းမှာ စုရုံးပြီး အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရယ်၊ စည်ပင်ရုံးများသို့သွားရောက် ကာ ဒီပြဿနာကို ဖြေရှင်းပေးဖိုု့ တောင်းဆိုခဲ့ပါတယ်" ဟု ပါ၀င်သူ တစ်ဦးက ပြောသည်။
Kyauk-pru-Japan-Ma-port
တောင်းဆိုသည့် ပြည်သူများ အထဲတွင် ကုန်တင် ကုန်ချ ပြုလုပ်နေသည့် နွားလှည်းသမားများနှင့် စက်လှေ သမားများလည်း ပါ၀င်ကာ ယနေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် စည်ပင်ရုံးသို့ စတင် သွားရောက်ကာ တောင်းဆိုခဲ့ကြသည်။

" ကျွန်တော်တို့ ပထမဆုံး စည်ပင်ရုံးကို သွားပါတယ်။ စည်ပင်ရုံးမှာ ထိုင်ပြီးတော့ တောင်းဆိုပါတယ်။ ကျွန်တော်တို့ တောင်းဆိုတာက ခုလို အခွန်အကောက်တွေ ကောက်နေတာကို ကျွန်တော်တို့ မပေးနိုင်ဘူး။ ဒါကြောင့် အခွန်ကောက်တာကို ရပ်တန့်ပေးဖို့ ပြောပါတယ်။ ပီးရင် ကျွန်တော်တို့ တောင်းဆိုထားတဲ့ စာကိုလည်း သူတို့ကို ပေးပါတယ်။ စည်ပင်က စာကိုလည်း လက်မခံတဲ့ အပြင် ဒီပြဿနာကို ဖြေရှင်းကို သူတို့ တာဝန် မယူနိုင်ဘူးဆိုတဲ့ သဘောမျိုး ပြောပါတယ်" ဟု သူက ဆက်ပြောသည်။

၎င်းနောက် တောင်းဆိုသူ လူအုပ်သည် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် ခရိုင် အုပ်ချုပ်ရေးမှူး ရုံးသို့ ဆက် လက် သွားရောက်ကာ အခွန်အကောက် မတရား ကောက်ခံနေခြင်းကို တိုုင်ကြားပြီးအခွန်ကောက်နေ မူကို ရပ်တန့်ရန် ဆက်လက် တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

" ခရိုင်ဦးစီးမှူးတို့ မြို့နယ်ဦးစီးမှူးတို့ကတော့ မနက်ဖြန် ဂျပန် ဆိပ်ကမ်းကို လာရောက်ပြီး စစ်ဆေးမယ်လို့ ပြောပါတယ်။ ဒါကြောင်း ရေးထားတဲ့ စာကို တင်ပြီး ပြန်လာကြပါတယ်" ဟု သူက ပြောသည်။

နွားလှည်းသမားများ ပါ၀င်ပြီး တောင်းဆိုရကြောင်းကို ဒေသခံ နွားလှည်း သမား တစ်ဦးက နိရဥ္စရာသို့ ယခုလို ပြောသည်။

" ကျွန်တော်တို့က ဂျပန်မှာ ဆိပ်ကမ်းမှာ ကုန်တင် ကုန်ချ လုပ်နေတဲ့ နွားလှည်းသမားတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ နွားလှည်း တစီးကိုသူတို့က ကျပ် ၅၀၀ စီ ကောက်ပါတယ်။ နွားလှည်းပေါ် လူပါလာရင်လည်း သူတို့က ကောက်ပါတယ်။ လူပါတာကို မပေးဘဲ ဆင်းရင် သူတို့က ကျပ် ၅၀၀၀ စီ ဒဏ်တပ်ပါတယ််။ ဒီလို လုပ်တဲ့ အတွက် နွားလှည်းသမားတွေနဲ့ သူတို့နဲ့ ပြဿနာ တက်တာ (၅) ကြိမ်လောက်ရှိပါပြီ။ နောက်ဆိုရင် သွေးထွက် သံယိုမူတွေ ဖြစ်လာနိုင်တဲ့ အတွက် ဒီလို မတရား အခွန်ကောက်နေတာကို ရပ်တန့်ဖို့တောင်းဆို ရ တာ ဖြစ်ပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ကောက်ခံရာတွင် လေလံရထားသူများက လူမိုက်များကို မွေးထားပြီး မပေးလျှင် နွားလှည်း သမားများ၊ ခရီးသွားပြည်သူများကိုလည်း ရိုက်နက် ကန်ကျောက်မူများ ပြုလုပ်သည်ဟုလည်း သိရသည်။ ၎င်းပြင် နယ်ကလာသူ ပြည်သူများမှာလည်း လူခွန်ခ ပေးနေရသဖြင့် အထူး ဒုက္ခရောက်နေကြရသည်ဟု သိရသည်။

လေလံရထားသူများသည် ပဲ့ထောင် စက်လှေ တစီးဖြင့် နယ်မှ ၀င်လာသော စက်လှေများကို ကျောက်ဖြူ အနီးတွင် ရပ်တန့်ပြီး စက်လှေပေါ် ပါလာသူများထံမှ အတင်း အဓမ္မမှ ငွေကြေးများလည်း ကောက်ခံကြောင်း သိရသည်။

ယခုကဲ့သို့ ကောက်ခံနေမူကို ဂျပန်မ ဆိပ်ကမ်း လေလံ ရထားသူ ဦးကျော်တင်နှင့် ဒေါ်ဝင်းသာဖြူလင်မယား မှ ကောက်ခံနေကြောင်း ဖြစ်သည်ဟု သိရသည်။

Most read this week