နိုင်ငံရေး အကျဉ်းသားအရေး ကွင်တားနားနှင့် လေးပါတီဆွေးနွေး

နိုင်ငံရေး အကျဉ်းသားအရေး ကွင်တားနားနှင့် လေးပါတီဆွေးနွေး
by -
မဇ္စျိမသတင်းဌာန

ရန်ကုန် (မဇ္ဈိမ) ။        ။ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အပါအဝင် ရွေးကောက်ပွဲဝင် မဟာမိတ်ပါတီ ၄ ခုနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဂျေကွင်တားနားတို့ ကြာသပတေးနေ့ တွေ့ဆုံ ဆွေးနွေးရာ တွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိစ္စမှာ အဓိကဆွေးနွေးချက်တခု ဖြစ်ခဲ့သည်။

အစိုးရဘက်မှ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးအပေါ် စိုးရိမ်စိတ်များ ရှိနေကြောင်းလည်း မဟာမိတ် လေးပါတီနှင့် မစ္စတာ ကွင်တားနားတို့ တွေ့ဆုံမှုတွင် ကွင်တားနားက ပြောဆိုသွားသည်ဟု ဒီမိုကရက်တစ် ပါတီမြန်မာ၏ ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
ojk
“ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ ကျနော်တို့ကတော့ မျှော်လင့်တာပေါ့။ သူ(ကွင်တားနား)က ဘာပြောလဲ ဆိုတော့ နေပြည်တော်မှာ နိုင်ငံရေးအကျဉ်းသားကိစ္စ မေးတယ်တဲ့။ မေးတော့ အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးလို့ရှိရင် လမ်းပေါ်ပြန်ရောက်သွားပြီးတော့ ဆူပူမှုဖြစ်မှာ စိုးရိမ်တယ်လို့ပြောတယ် တဲ့” ဟု ဦးသုဝေက ဆိုသည်။

ဦးသုဝေ၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးအောင်သန်း၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဗဟိုကော်မတီဝင် ဦးခင်မောင်၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးသန်းငြိမ်းတို့နှင့် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ရုံးတွင် မွန်းလွဲ၂ နာရီခွဲမှ ၃ နာရီခွဲအထိဆွေးနွေးခဲ့ ကြသည်။

၂,ဝဝဝ နီးပါးရှိ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးသည် အတိုက်အခံနှင့် အစိုးရအကြား ယုံကြည်မှု တည်ဆောက်ရေးတွင် အရေးပါသော ဖြစ်ရပ်တခုအဖြစ် ပြည်တွင်း ပြည်ပ အတိုက်အခံများက လက်ခံထားပြီး လူ့အခွင့်အရေး ကိုယ်စားလှယ်၏ ခရီးစဉ်တွင်း အမေးခံရအများဆုံးသော အကြောင်းအရာတခုဖြစ်ခဲ့သည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီမှ တာဝန်ရှိသူတဦးက “ လက်ရှိ အခြေအနေကတော့ ပြောင်းလာနေပြီလေ၊ နည်းနည်းပါးပါးပေါ့။ အရင်တခါက လွတ်ငြိမ်းချမ်းသာခွင့် တနှစ်ပေးခဲ့တယ်။ မကြာသေးခင်က ပြည်ပ ရောက်တွေကို ပြန်လာခွင့်ပြုတာရှိတယ်။  ကျန်တာတခုက နိုင်ငံရေးအကျဉ်းသားတွေပဲလေ” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေကို လေ့လာသိရှိနိုင်ရန် သြဂုတ်လ ၂၁ ရက်နေ့မှစတင်၍ လာရောက်သော မစ္စတာကွင်တားနား၏ ၅ ရက်ကြာခရီးစဉ်အတွင်း နေပြည်တော်ရှိ ဝန်ကြီးအဆင့် အစိုးရအရာရှိများနှင့် လွှတ်တော် ဥက္ကဋ္ဌများ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်ပါ တွေ့ဆုံခဲ့သည်။ မစ္စတာကွင်တားနားသည် ကြာသာပတေးနေ့ညနေတွင် ရန်ကုန်မြို့မှ လေကြာင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက "မစ္စတာကွင်တားနား အပေါ်မှာ သုံးသပ်ရတာ ကတော့ လက်ရှိအခြေအနေကို တော်တော်လေး သဘောပေါက်သွားတယ်။ ကောင်းသော အပြေင်းအလဲကို သွားနေတယ်ဆိုတာ သဘောပေါက်ပုံရပါတယ်။ အရင်တုန်းကဆိုရင် သူက မြန်မာနိုင်ငံ လူ့အခွင့်အရေးကိုတော်တော်လေး ဝေဖန်ခဲ့တဲ့ပုဂ္ဂိုလ်” ဟု ပြောသည်။

လေးပါတီနှင့် အစည်းအဝေးတွင် မြန်မာနိုင်ငံတွင် ကလေးစစ်သား စုဆောင်းနေမှုကိုလည်း ဆွေးနွေးခဲ့ကြပြီး အစိုးရ တပ်ရော၊ တော်လှန်ပုန်ကန်နေသော လက်နက်ကိုင်အဖွဲ့အစည်းအချို့တွင်ပါ ကလေးစစ်သား စုဆောင်းမှုများ ရှိနေကြောင်း ပြောဖြစ်ခဲ့ကြသည်ဟုဆိုသည်။ ထို့အပြင် အဓမ္မလုပ်အားပေးခိုင်းစေမှုကို လည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ဆွေးနွေးမှု အသေးစိတ်ကို မထုတ်ပြန်ပေ။