ထိုင်းနိုင်ငံအတွင်း ယာယီပတ်စ်ပို့ကိုင်ဆောင်ထား သော်လည်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေနှင့် ဖမ်းဆီးခံရမှုများ ရှိသလိုခရီးသွားလာခွင့် များ တားမြစ်ခံနေရဆဲ ဖြစ်သည်။
ထိုင်းနိုင်ငံမြောက်ပိုင်း တာ့ခ်ခရိုင် မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ ထွက်ခွာလာသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား (၆) ဦးအား ယမန်နေ့က မဲဆောက်မြို့အထွက် ဌာနဆိုင်ရာဂိတ်က တားမြစ်ခဲ့ခြင်း ဖြစ်သည်။
ယင်းခြောက်ဦးမှာ ယာယီပတ်စပို့စ် ကိုင်ဆောင်ထားသော်လည်း ခရီးသွားလာရာတွင် သက်ဆိုင်ရာ မြို့နယ်များရှိ ထိုင်းအာဏာပိုင်တို့ထံ အသိပေး အကြောင်းမကြားသည့် အတွက် တားမြစ်ခံရခြင်း ဖြစ်သည်ဟု ထိုင်းတာဝန်ရှိသူများက ပြောကြောင်း ၎င်းတို့နှင့် အတူလိုက်ပါ လာသည့် ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့ လက်ထောက်ဒါရိုက်တာ ဒေါ်အိုက်ချမ်းက ယခုလိုပြောသည်။
“ကျမကတော့ ပတ်စပို့စ်ကြီးကိုင်ထားတော့ ပြဿနာ မရှိဘူးလေ။ ကျမတို့အဖွဲ့က ကလေး နှစ်ယောက်က ယာယီပတ်စ်ပို့နဲ့ ဆွဲချခံရတော့ ကျမလည်း သူတို့အတွက် စိုးရိမ်ပြီး လိုက်ဆင်း ခဲ့တာပေ့ါ။ သူတို (ထိုင်း အာဏာပိုင်)ပြောတာက အဓိကကတော့ ဒီ Temporary ပတ်စပို့စ်တွေက တကယ်လို့ ခရီးသွားမယ်ဆိုရင် သူတို့ရဲ့ Immigration ဒါမှမဟုတ် ရဲစခန်းကို အကြောင်းကြား ရမယ်တဲ့။ ကျမတို့က အကြောင်းမကြားလို့ ခရီးသွားခွင့်မပေးဘူးတဲ့။”
(FED) အဖွဲ့အနေနှင့် ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငဒေသတွင် အခြေစိုက်၍ မြန်မာရွှေ့ပြောင်းအလုပ် သမားများ အရေး ကူညီဆောင်ရွက်ပေးခဲ့ရာ ထိုဒေသတဝိုက် ခရီးသွားလာရာတွင် ယခုလိုအကြောင်း ကြားမှုမျိုး တကြိမ်တခါမျှ မရှိခဲ့ဖူးသော်လည်း မဲဆောက်ဒေသတွင် ပထမဆုံးအကြိမ် ကြံုတွေ့ရခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ယင်းကိစ္စအပေါ် ယာယီ ပတ်စပို့် ကိုင်ဆောင်ထားသူများ ခရီးသွားလာခွင့်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ဥပဒေအရ တစုံတရာ ကန့်သတ် ပိတ်ပင်ထားခြင်းမျိုးမရှိဘဲ လွတ်လပ်စွာ သွားလာခွင့်ရှိသည်ဟု (FED) အဖွဲ့ ဒါရိုက်တာ ဦးထူးချစ်က ဆိုသည်။
တချိန်တည်းတွင် ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့ရှိ ငါးသေတ္တာ စက်ရုံ၌ ယမန်နေ့ နံနက်က ဒေသ အာဏာပိုင်အဖွဲ့မှ လာရောက်စစ်ဆေးခဲ့ပြီး ယာယီပတ်စပို့စ် ကိုင်ဆောင်ထားသူ (၇) ဦးနှင့် အလုပ်သမား လက်မှတ် ကိုင်ဆောင်ထားသူ (၇) ဦးတို့အား ဖမ်းဆီးခဲ့သည်။
၎င်းတို့ (၁၄) ဦးအား စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး စက်ရုံတာဝန်ရှိသူမှ လာရောက် အာမခံသည့် အတွက် နေ့လည် ပိုင်းတွင် ပြန်လည် လွတ်ပေးခဲ့သော်လည်း ရဲစခန်းအတွင်း သန့်ရှင်းရေး လုပ်ငန်းများလုပ်ပေးခဲ့ရ သည်ဟု အဖမ်းခံရသူ မြန်မာအလုပ်သမား ကိုမောင်ဝင်းက ယခုလိုပြောသည်။
“ကျနော်တို့ကို ဓါတ်ပုံတွေရိုက်ပြီးတော့ အောက်ကို ဆင်းခိုင်းတယ်။ အောက်ရောက်တော့ တံမျက်စည်း လှဲခိုင်း၊ အိမ်သာတွေကို ရေပိုက်နဲ့ဆေးခိုင်း၊ အမှုုိက်သရိုက်တွေကို သန့်ရှင်းရေးတွေ လုပ်ခိုင်းတယ်။”
ယာယီပတ်စပို့ ပြုလုပ်ရာတွင် ငွေကြေးအကုန်အကျအလွန်များသည့်အပြင် ကိုင်ဆောင် ထားသူများ အနေနှင့် မကြာခနဆိုသလို အဖမ်းအဆီးခံနေရပြီး လွတ်လပ်စွာ သွားလာခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် မရပါက ယာယီပစ်စပို့အပေါ် ယုံကြည်မှုအားနည်းလာနိုင်သည်ဟု ဒေါ်အိုက်ချမ်းက ပြောဆိုသည်။
ထို့အပြင် နောက်ပိုင်းတွင် ပတ်စပို့စ် ပြုလုပ်သူနည်းလာပြီး တရားမဝင် နည်းလမ်းများဖြင့် သွားလာသူ ပိုမိုများပြား လာနိုင်သည့်အတွက် လူကုန်ကူးမှုများ ပိုဖြစ်လာနိုင်ဖွယ် ရှိသည်ဟု ဒေါ်အိုက်ချမ်းက မှတ်ချက်ပြုသည်။
“ထိုင်းပေါ်လစီအရ သူတို့ရဲစခန်းမှာ လူကုန်ကူးမှု ပပျောက်ရေးဆိုတဲ့ စာတမ်းတွေ ချိတ်ဆွဲထား တာ ရှိတယ်။ အဲလိုမျိုးသူတို့က အဖမ်းအဆီးတွေ လုပ်နေမယ်ဆိုရင် လူကုန်ကူးမှုကို အားပေးရာ ရောက်တယ်။ နောင်တချိန်မှာ ကျမတို့ မြန်မာပြည်သားတွေအတွက်လည်း ပိုပြီးတော့ ဒုက္ခရောက် လာနိုင်တယ်။”
ယာယီပတ်စပို့စ် လုပ်ငန်းစဉ်အား မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူများက ညှိနှိုင်း၍လုပ်ကိုင် ခဲ့သော်လည်း ယခုလို အားနည်းချက်များ တွေ့နေရခြင်းအပေါ် နှစ်နိုင်ငံ တာဝန်ရှိသူများ အနေနှင့် ပြန်လည် သုံးသပ်၍ ပိုမို ကောင်းမွန်သည့် နည်းလမ်းများ ရှာဖွေသင့်သည်ဟု ၎င်းကဆက်ပြော သည်။
ထို့အပြင် လက်တွေ့လုပ်ငန်းခွင်အတွင်း တာဝန်ယူနေကြသည့် ထိုင်းအာဏာပိုင်များ အနေနှင့် ယာယီပတ်စပို့စ် လုပ်ငန်းစဉ်အပေါ် ကောင်းစွာ သဘာမပေါက်ခြင်း ဖြစ်နိုင်သလို မြန်မာ အလုပ်သမားများ အနေနှင့်လည်း ထိုင်းနိုင်ငံ၏ ပေါ်လစီအပေါ် သဘောပေါက်နိုင်ရန် လိုအပ်သည့်အတွက် ထိုင်းနိုင်ငံရှိ အလုပ်သမား ကူညီပေးရေး အဖွဲ့များမှ အသိပညာပေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေး သင့်သည်ဟု ဆက်လက်ပြောဆိုသည်။
ယာယီ နိုင်ငံကူး လက်မှတ် လုပ်ငန်းစဉ်အား လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်က စတင်ခဲ့ပြီး လောလောဆယ်တွင် နှစ်နှစ်အတွင်း ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ပြီးသူပေါင်း ငါးသိန်း နှစ်သောင်းကျော်ရှိသည်ဟု ယခုလ (၁၉) ရက်နေ့ထုတ် မြန်မာတိုင်း(မ်) သတင်းတစ်ပုဒ်၌ ဖော်ပြပါရှိသည်။