ရှေ့နေကွန်ယက်ဝင် တဦး လိုင်စင်သိမ်းခံရ

ရှေ့နေကွန်ယက်ဝင် တဦး လိုင်စင်သိမ်းခံရ
by -
ဖနိဒါ

ချင်းမိုင်(မဇ္စျိမ) ။       ။ အမျိုးသား ဒီမိုရေစီ အဖွဲ့ချုပ်မှ ဖွဲ့စည်းထားသည့် ရှေ့နေ ကွန်ယက်တွင် ပါဝင်သူ အထက်တန်းရှေ့နေ တဦးကိုပြည်ထောင် စု တရားလွှတ်တော်ချုပ်က ရှေ့နေလုပ်ခွင့်ရုပ်သိမ်း လိုက်သည်။

မင်းဘူးမြို့နယ် အမှတ် ၄ ရပ်ကွက် ဝေဋ္ဌုဝန်ကျောင်းလမ်း အမှတ် ၅၉  နေ အထက်တန်းရှေ့နေ ဦးတင်အောင်ထွန်း (လိုင်စင်အမှတ် ၂၁၄၈၃)အပေါ် လိုင်စင်ရုပ်သိမ်းသည့် သြဂုတ်လ ၉ ရက်နေ့ ရက်စွဲပါ အမိန့်စာကို နေပြည်တော်ရှိ တရားလွှတ်တော်ချုပ်ရုံး ညွှန်ကြားရေးမှူး ဒေါ်တင်တင်ဝါမှ လက်မှတ်ထိုးကာ မကွေးတိုင်း မင်းဘူးတရားရုံး ကြော်ငြာ ဆိုင်းဘုတ်တွင် ကပ်ထားသည်။

“၎င်းလိုက်ပါဆောင်ရွက်သည့် အမှုများတွင် အခြေအနေ မကောင်းပါက ၎င်း၏ အမှုသည်များက တိုင်စာများ ပေးပို့ လေ့ ရှိသည့် အတွက် ဦးတင်အောင်ထွန်းသည် တိုင်စာများ ရေးပေးသည်ဟု ကျော်စောသတင်း ရှိကြောင်း၊ ဦးတင်အောင်ထွန်းသည် အမှုများ လိုက်ပါ ဆောင်ရွက်ရာတွင် ကောင်းသတင်း ကျော်စောခြင်းဖြင့် လိုက်ပါသူ တဦး မဟုတ်ကြောင်း ရှေ့နေကျင့်ဝတ် သိက္ခာနဲ့ အညီ အမှုလိုက်ပါ ဆောင်ရွက်သူတဦး မဟုတ်ကြောင်း  တိုင်းတန်းမှု အစီရင်ခံစာအရ စိစစ်တွေ့ရှိရသည်”ဟု အမိန့်စာတွင် ဖော်ပြထားသည်။

ထို့အပြင် မေလ ၅ ရက်နေ့က ကျင်းပသော ပြည်ထောင်စု တရားလွတ်တော်ချုပ် တရားသူကြီးများ၏အစည်း အဝေး တွင် အက်ဥပဒေ ပုဒ်မ ၁၃(စ)အရ ဦးတင်အောင်ထွန်းကို အထက်တန်းရှေ့နေ အဖြစ်မှ ထုတ်ပစ်ရန် ဆုံးဖြတ်ခဲ့ သည်ဟု ဖော်ပြထားသည်။

ပြည်ထောင်စု လွှတ်တော်ချုပ်ရုံးက စုံစမ်းမှု အစီရင်ခံစာ အရ စိစစ်တွေ့ရှိရသည်ဟု ရေးသားထားသော်လည်း မည်သို့ စုံစမ်းထားသည်ကိုမူ ဖော်ပြခြင်း မရှိပေ။

ရှေ့နေကွန်ယက်တွင် ပါဝင်သော်လည်း NLD အဖွဲ့ဝင် မဟုတ်သူ ဦးတင်အောင်ထွန်းက သူ့အပေါ် တရားရုံးချုပ်၏ စွပ်စွဲချက်များကို ငြင်းပယ်လိုက်ပြီး တဘက်သတ် အစီရင်ခံစာဖြစ်သည်ဟု တုံ့ပြန်လိုက်သည်။

“ကျနော်ကတော့ လာဘ်ပေးလာဘ်ယူမှုတွေကို အတော် ရွံမုန်းတာဗျ၊ ဒီမှာလည်း ခက်တာက အဲဒါတွေနဲ့ ပြည့်နေတဲ့ အခါကျတော့ ရွံမုန်းလို့ ကင်းအောင်နေတဲ့ လူတွေက သူတို့အတွက်တော့ ခလုတ်ကန်သင်း ဖြစ်တာပေါ့ဗျာ။ အဲဒီလို လာဘ်ပေးလာဘ်ယူတွေနဲ့ အဆင်ပြေအောင် မနေတဲ့ အတွက်လည်း ဒီလောကမှာ ကျနော်တို့ ကို မမြင်ချင်လို့ ပုတ်ခတ်ပြီး ကျနော့်ကို ထွက်သွားအောင်လုပ်တဲ့ အပိုင်းမျိုးတွေလို့ကျနော်ထင်တယ် ဗျ”ဟု ဦးတင်အောင်ထွန်းကပြောသည်။

အသက် ၄၆ နှစ်အရွယ်  ဦးတင်အောင်ထွန်းသည် ရှေ့နေသက် ၁၅ နှစ်ကြာအတွင်း မတရား သိမ်းခံရသည့် လယ်သမားများ၏ အမှုများကို လိုက်ပါ ဆောင်ရွက်ပေးခဲ့သည်။

ဦးတင်အောင်ထွန်းသည် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပြုချက်အရ မတရား တရားစွဲခံထားရသူများဘက်မှ အခမဲ့ အကျိုးဆောင်ပေးရန် NLD ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့က ရှေ့နေကွန်ယက် အဖွဲ့တွင်အဖွဲ့ဝင် တဦးဖြစ်သည်။

လက်ရှိတွင် မန္တလေး၊ မုံရွာ၊ မကွေး၊ စစ်ကိုင်း၊ ပခုက္ကူ စသည့် တိုင်းနှင့် ပြည်နယ်များမှ ရှေ့နေကွန်ယက် အဖွဲ့ဝင် ပေါင်း ၅ဝ ဦးခန့် ရှိပြီဟု ရန်ကုန်မြို့မှ ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

ရှေ့နေ ဦးတင်အောင်ထွန်းကို လိုင်စင် ရုပ်သိမ်းလိုက်ခြင်းမှာ မကွေးတိုင်း ကံမမြို့နယ်မှ လယ်သမားများ၏ အမှု အယူခံကို လိုက်ပါ ဆောင်ရွက်ပေးခြင်းကြောင့် ဖြစ်နိုင်သည်ဟု ရှေ့နေကြီး ဦးအောင်သိန်းက သုံးသပ်သည်။

ကံမမြို့နယ် စစ္စရံကျေးရွာတွင် အစိုးရနှင့် နီးစပ်သူ ဦးတေဇပိုင် ထူးကုမ္ပဏီနှင့် မြန်မာ့ဦးပိုင် လီမိတက်တို့က ကော့စတစ်စက်ရုံ တည်ဆောက်ရန် ရွာသားများ ပိုင်ဆိုင်သော လယ်ယာများ သိမ်းဆီးခဲ့သလို၊ လယ်သမား ၅ ဦးကို နိုင်ငံတော် စီမံကိန်းအား နှောင့်ယှက်မှု၊ ပိုင်နက် ကျူးလွန်မှုတို့ဖြင့် ထောင်ဒဏ် ၈ နှစ်ကျော်စီချမှတ်ခံ ရသည်။

ထိုအမှုကို ဦးတင်ထွန်းအောင်ကမှ မင်းဘူးခရိုင် တရားရုံးသို့ ဆက်လက် အယူခံဝင်ခဲ့ရာ ၈ နှစ်မှ ၃ လသို့ ပြောင်းလဲ သတ်မှတ်ပေးခဲ့သည်။ လယ်သမားများသည် ပြီးခဲ့သည့် ဇွန်လ ၃ဝ ရက်နေ့က လွတ်မြောက်သွားပြီ ဖြစ်သည်။

Most read this week