မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်ဆောင်ဆန်းစု ကြည် နှင့် သမ္မတဦးသိန်းစိန်တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမှုသည် အစိုရသစ်အနေဖြင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးစတင်လာခြင်း ဖြစ်နိုင်သည်ဟုချင်းနိုင်ငံရေးခေါင်းဆောင် များ က ရှုမြင်ကြသည်။
ချင်းအမျိုးသားတပ်ဦး(CNF) အထွေထွေအတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးက ‘‘ သမ္မတနဲ့ ဒေါ်စုတွေ့ဆုံမှုက ကောင်းတဲ့ လက္ခဏာ လို့မြင်တယ်၊ အရင်က နဲ့ နှိုင်းယှဉ်ရင်တော့ အစိုးရသစ်ကသဘောထားပျော့ပြောင်း ပြီးတော့ အမျိုးသားပြန် လည်ရင်ကြားစေ့ရေးဘက်ကို ရှာနေတဲ့ပုံတော့ပေါ်တယ်’’ဟုပြောသည်။
ချင်းအမျိူးသားတပ်ဦးသည် ဖက်ဒရယ်ပြည်ထောင်စု စနစ် တည်ဆောက်ရေး၊ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေးနှင့် ဒီမိုကရေစီရရှိရေး အတွက် မြန်မာအစိုးရအဆက်ဆက်ကို ၁၉၈၈ ခုနှစ်ကတည်းက လက်နက်ကိုင် ဆန့်ကျင် တော် လှန်နေသော အဖွဲ့ဖြစ်သည်။
ဒေါ်ဆောင်ဆန်းစုကြည်သည် သြဂုတ်လ ၁၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပသောစီးပွားရေးပြုပြင်ပြောင်း လဲမှု ဆိုင်ရာဆွေးနွေးပွဲသို့တက်ရောက်သည့်အချိန်တွင် သမ္မတဦးသိန်းစိန်နှင့် ၁နာရီခန့်တွေ့ဆုံဆွေးနွေးခဲ့ သည်။
အစိုးရသစ် တက်လာသည့်နောက်ပိုင်း ဦးသိန်းစိန် နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံး အကြိမ်တွေ့ ဆုံခြင်းဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပါ၀င်ခဲ့သော ချင်းအမျိုးသားပါတီမှအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘခ် ထောင်း ကယခုတွေ့ဆုံမှုမှတဆင့်သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးတက်လှမ်းရန် လိုအပ်သည်ဟု ပြောသည်။
‘‘ကျနော်တို့နိုင်ငံရဲ့ အခြေအနေက နှစ်ပွင့် နဲ့တော့ ပြီးဆုံးနိုင်မှာမဟုတ်ဘူး၊ သုံးပွင့်ဆိုင်ဖို့တော့ လိုတယ်၊ အနှေးနဲ့အမြန် တိုင်းရင်းသားအရေးကို ထည့်တွက်ဖို့လိုပါတယ်၊ တိုင်းရင်းသားတွေပါ၀င်လာမှသာသုံးပွင့် ဆိုင်ဖြစ်လာမှာပါ၊ ဒီဟာကို မလွှဲမရှောင်သာ ကျနော်တို့လုပ်ရမယ့်ဟာ ဖြစ်ပါတယ်’’ဟု ဆလိုင်းကျဲအိုဘခ် ထောင်က ဆိုသည်။
၁၉၉၀ ရွေးကောက်ပွဲဝင် ဇိုမီးအမျိူးသား ကွန်ဂရက်ပါတီ၏ ဥက္ကဌ ဦးကျင့်ရှင်းထန်ကမူ သမ္မတ နှင့်ဒေါ်စုတွေ့ဆုံ မှုအပေါ် အကောင်းဘက်မှ ရှုမြင်သော်လည်း အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဖြစ်ပေါ်လာရန် နိုင်ငံရေး အရဖမ်းဆီးချုပ်နှောင်ခံ ထားရသူများကို အစိုးရအနေဖြင့် အမြန်ဆုံး လွှတ်ပေးရန်လိုအပ်သည်ဟု ပြောဆိုသည်။
‘‘အမျိူးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် အရေးကြီးဆုံးအချက်ကတော့ အစိုးရသစ်အနေနဲ့လွတ်ငြိမ်းချမ်း သာခွင့်ကို ကြေညာပြီးတော့ နိုင်ငံရေးအရအဖမ်းခံထားရတဲ့သူအားလုံး ကို ပြန်လွှတ်ပေးဖို့ပဲ’’ဟု သူက ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ၂၀၀၀ ကျော်ရှိသည်ဟု နိုင်ငံရေးအကျဉ်းသား များ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)၏ စာရင်းအရ သိရသည်။