ထိုးဆင်းနေပြန်တဲ့ ဒေါ်လာစျေး

ထိုးဆင်းနေပြန်တဲ့ ဒေါ်လာစျေး
by -
သဲသဲ

နယူးဒေလီ(မဇ္စျိမ) ။      ။ ဒုတိယအကြိမ် လွှတ် တော် ခေါ်ယူသည့်နေ့မှာပင် အမေရိကန် ဒေါ်လာ၏ မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာ တဒေါ်လာလျှင် ၆၈ဝ ကျပ်သို့  ရုတ်တရက် စံချိန်တင်ကျဆင်းသွားခဲ့ ကြောင်း နိုင်ငံခြားငွေရောင်းဝယ်သူများကပြော သည်။

dollarအစိုးရသစ်မှ နိုင်ငံခြားငွေလဲနှုန်းကို ပြင်ဆင် ပြောင်းလဲ သတ်မှတ်ရန် ကြိုးပမ်းနေဆဲတွင် ကျပ် ရ၅ဝ ဝန်းကျင်ပေါက်စျေးရှိနေသည့် ဒေါ်လာစျေးမှာ တနင်္လာနေ့တွင် ကျပ် ရဝဝ အောက် ကျဆင်းခဲ့ကာ ဆယ်နှစ်အတွင်း အနိမ့်ဆုံး ဖြစ်သွားခြင်းဟု ငွေလဲလှယ်ဌာနများက ဆိုသည်။ ၂ဝဝ၁ ခုနှစ်က တဒေါ်လာလျှင် ၉ဝဝ ကျပ် ဝန်းကျင် အထိသာ ကျဆင်းခဲ့ဘူးသည်ဟု ရည်ညွှန်းကြသည်။

“ စျေးကျနေပေမယ့် ရောင်းတဲ့သူများတယ်” ဟု ရန်ကုန်တိုင်း တာမွေမြို့နယ်ရှိ  နိုင်ငံခြားငွေ ရောင်းဝယ်သူတဦးက ဆိုသည်။

ထိုသို့ ဒေါ်လာဈေး ကျဆင်းမှုမှာ မည်သည့်အချိန်တွင် ရပ်မည်ကို ခန့်မှန်း၍ မရနိုင်သေးကြောင်းလည်း စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ)က သုံးသပ်သည်။

“အခြေခံတွေ ပြောင်းလဲသွားတယ်လို့ ယူဆတယ်၊ အခုက တယောက်ယောက်က စျေးကစားတာမဟုတ်ဘဲနဲ့ အခြေခံကိုက ပြောင်းသွားတာပေါ့၊ အဲဒါက ဘယ်မှာ ရပ်မယ်လို့ ပြောလို့မရဘူး” ဟု စီးပွားရေး ပညာရှင် ဦးခင်မောင်ညို(ဘောဂဗေဒ) က ပြောသည်။

၂ဝဝ၉ နှစ်ကုန်ပိုင်းမှ စတင်ကာ တစစ ကျဆင်းလာခဲ့သည့် ပြည်တွင်း ဒေါ်လာစျေးမှာ ဇွန်လ အတွင်း ကျပ် ရ၅ဝအထိ ထိုးဆင်းသွားခဲ့ပြီး ပို့ကုန်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းဌာနများ၊ ပြည်ပတွင် အလုပ် လုပ်ကိုင်သူများနှင့်ပြည်တွင်းရှိ FEC လခစားများ ကမောက်ကမ ဖြစ်ခဲ့ရသည်။

ဒေါ်လာ ငွေလဲနှုန်း ကျဆင်းခြင်းမှုသည် မြန်မာ့စီးပွားရေးကို ရိုက်ခတ်မှုကြောင့် သမ္မတ ဦးသိန်းစိန်က စီးပွားရေး လုပ်ငန်းရှင်များကို သြဂုတ်လ ၁၇ ရက်နေ့ တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။

ဒေါ်လာစျေး ကျဆင်းမှုကြောင့် ပို့ကုန်လုပ်ငန်းများ ထိခိုက်မှုမရှိစေရန်နှင့် အလုပ်လက်မဲ့ ပြဿနာများ မဖြစ်ရန်ပြည်ပပို့ကုန်လုပ်ငန်းများကို ပို့ကုန်ခွန် မကောက်ခံတော့ဘဲ အမြတ်ခွန် ၂ ရာခိုင်နှုန်းသာ ပေးဆောင်ရန် သြဂုတ်လ၁၈ ရက်နေ့တွင် ပြောင်းလဲ သတ်မှတ်ခဲ့သည်။

ပြည်တွင်း၊ ပြည်ပမှ မြန်မာနိုင်ငံသားများ ပေးဆောင်ရမည့် ဝင်ငွေခွန်ကို ၁ဝ ရာခိုင်နှုန်းမှ ၂ရာခိုင်နှုန်းသို့ သြဂုတ်လ၁၉ ရက်နေ့မှ စတင်ကာ ခြောက်လတာ လျှော့ပေါ့ပေးရန်လည်း ပါဝင်သည်။

ပို့ကုန်ခွန်များကင်းလွတ်သော်လည်း ဒေါ်လာစျေး ကျဆင်းသည့်ဒဏ်ကို ခံနေရဆဲပင်ဖြစ်ကြောင်း အထည်ချုပ် လုပ်ငန်းများ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။

“စက်ရုံတွေမှာက အလုပ်တွေလည်း ရှိပါတယ်။ ဒါပေမယ့်  အလုပ်သမားတွေကို ရှင်းပေးစရာ ပိုက်ဆံမရှိဘူးဖြစ်နေတယ်။ ပိတ်ပစ်လို့ မဖြစ်တော့ ဒီလိုပဲ စခန်းသွားနေကြရတယ်၊ ” ဟု ဦးမြင့်စိုးက ပြောသည်။ ဒေါ်လာစျေးနှင့် ချိတ်ဆက်နေသည့် FEC မှာလည်း တယူနစ်လျှင် ကျပ် ၆၂ဝ ပေါက်စျေးရှိသည်။

ယခုကဲ့သို့ ဒေါ်လာစျေးကျဆင်းခြင်းမှာ ကမ္ဘာ့ရွှေစျေးမြင့်တက်လာခြင်းနှင့်လည်း ဆက်နွယ်သည့်အကြောင်း တရပ်ဟု ဦးခင်မောင်ညို(ဘောဂဗေဒ) ကဆိုသည်။

“ကမ္ဘာမှာက ရွှေစျေးတက်ရင် ဒေါ်လာက ကျလာတယ်လေ။ အဲဒီအချက်ကလည်း အတိုင်းအတာတခုထိ ပါတာပေါ့” ဟု ဦးခင်မောင်ညိုက ပြောသည်။

ကမ္ဘာ့ရွှေစျေး တက်နေသော်လည်း ဒေါ်လာပေါက်စျေး ဆက်တိုက် ကျလာသဖြင့် မြန်မာ့ရွှေစျေး ထင်သလောက်စျေးမတက်နိုင်ဟု ရွှေဆိုင်များက ပြောသည်။

လွန်ခဲ့သည့် ၂ ရက်ခန့်တွင် ကမ္ဘာ့ရွှေစျေး ကမ္ဘာ့ရွှေစျေး တအောင်စ (၁ ဒဿမ ရ၆ ကျပ်သား) လျှင် ဒေါ်လာ၁၈၅ဝ ခန့် ပေါက်စျေး ရှိနေချိန်တွင် ရန်ကုန်ရွှေေစျေးကွက်တွင် အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ရ သိန်း အထက်သို့ ရောက်ရှိသွားခဲ့သည်။

သို့သော် ဒေါ်လာစျေး ဆက်တိုက်ကျဆင်းလာသဖြင့် တနင်္လာနေ့တွင် ကမ္ဘာ့ရွှေစျေး  ဒေါ်လာ ၁,၈၇ဝ အထိ မြင့်တက်သွာခဲ့သော်လည်း  အခေါက်ရွှေ တကျပ်သားလျှင် ၆၈၈,ဝဝဝ ကျပ်သာ စျေးဖွင့်ခဲ့သည်။

သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ဝင် ဦးမြင့်က တနင်္ဂနွေနေ့တွင် ပြီးဆုံးသွားခဲ့သည့် ၃ ရက်တာ အမျိုးသားအဆင့် စီးပွားရေး ဖွံ့ဖြိုးတိုးမှု အလုပ်ရုံဆွေးနွေးပွဲတွင်လည်း “ မြန်မာငွေလဲနှုန်းကိစ္စ” ခေါင်းစဉ်ဖြင့် စာတမ်းတင်သွင်း ဖတ်ကြားခဲ့သေးသည်။ လက်ရှိ တရားဝင် ငွေလဲနှုန်းမှာ အမေရိကန် တဒေါ်လာကို မြန်မာငွေ ခြောက်ကျပ်မျှသာ ဖြစ်သည်။

လာမည့် အောက်တိုဘာတွင် မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့မှ ပညာရှင်များလာ ရောက် ကာ ငွေလဲနှုန်းများကို ပြုပြင်ရန် ဆောင်ရွက်ရန်အတွက် နည်းလမ်းရှာ အကူညီပေးမှာဖြစ်သည်။