နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ကွင်တားနားကို အကြံပြု

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ကွင်တားနားကို အကြံပြု
by -
ကိုဝိုင်း

ချင်းမိုင် (မဇ္စျိမ) ။       ။ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဂျေကွင်တားနား Tomas Ojea Quintana ကို အစိုးရက လူ့အခွင့်အရေး

ချင်းမိုင် (မဇ္စျိမ) ။       ။ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဂျေကွင်တားနား Tomas Ojea Quintana ကို အစိုးရက လူ့အခွင့်အရေးဆိုင်ရာ အချက်လက်စုံစမ်းခွင့် ပေးခြင်းကို နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူတို့က သတိဖြင့် ကြိုဆိုကြပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို မျက်ခြေမပြတ်သင့်ကြောင်း ကွင်တားနားအားအကြံပြု တိုက်တွန်း ပြောဆိုကြသည်။

“ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ ကျနော်တို့မိတ်ဆွေ သူငယ်ချင်းတွေ မြောက်များစွာရှိတယ်။ ဒီဟာ ကျနော်တို့ နေ့တိုင်းနေ့တိုင်း မျှော်လင့်နေတဲ့ကိစ္စတခု။” ဟု ချင်း CNP - ဦးဇိုဇမ် ဥက္ကဋ္ဌက မဇ္စျိမကို ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၁,၉၉၅ ဦးရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်နေ သည့် AABB-B က ထုတ်ဖော်ထားသည်။

အာဂျင်တီးနားနိုင်ငံသား၏  ၅ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်မှာ တနင်္ဂနွေနေ့မှစတင်ခဲ့သည်။ ခရီးစဉ်အတွင်း အစိုးရ အရာရှိများနှင့် တွေ့ဆုံမည်ဖြစ်သလို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အကြီးတန်း ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။ ထို့အပြင်နေပြည်တော်တွင် ကျင်းပနေသည့် လွှတ်တော်အစည်းအဝေးသို့လည်း တက်ရောက်လေ့လာမည်ဖြစ်သည်။

တနင်္လာနေ့ မနက်တွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဦးအောင်ကြည်၊ မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း၊ သမ္မတ၏ အကြံပေးအဖွဲ့ဝင်များနှင့် သီးခြားစီ တွေ့ဆုံသည်ဟု အတူပါသွားသူ ရန်ကုန် ကုလရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက မဇ္စျိမကိုပြောသည်။

တနင်္ဂနွေနေ့ကလည်း နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏအောင်လွင်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး အဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ကိုယ်စား ဒုတိယရဲချုပ် ရဲမှူးချုပ် ဇော်ဝင်းတို့နှင့်တွေ့ဆုံခဲ့သည်။

ကွင်တားနားသည် ၂ဝဝ၈ ခုမှစ၍ သုံးကြိမ် ပြည်ဝင်ခွင့်ရခဲ့ပြီးနောက် ယခင်စစ်အစိုးရက ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများ အတွက် ကော်မရှင်တခုဖွဲ့ပြီး စုံစမ်းစစ်ဆေးသွားရန် ကုလလူ့အခွင့်အရေးကောင်စီသို့ အကြံပြုခဲ့ပြီးနောက် ပြည်ဝင်ခွင့်တနှစ်ခွဲခန့် ပိတ်ခံခဲ့ရသည်။

လေးကြိမ်မြောက်တွင် စစ်အစိုးရလက်ထက်၌ မပေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရသဖြင့် ကွင်တားနား၏ အခန်းကဏ္ဍသည် ယခင်ထက် ပိုအရေးကြီးလာသော်လည်း အစိုးရဘက်က နိုင်ငံရေး အမြတ်ထုတ် နိုင်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးပညာပေးအဖွဲ့ HREIB ဒါရိုက်တာ ဦးအောင် မျိုးမင်းက သံသယရှိနေသည်။

“သူ့အနေနဲ့ အပေါ်ယံမှာ ပြောင်းလဲနေတဲ့ဟာ မကဘဲနဲ့ နိုင်ငံရေးအကျဉ်းသား ကိစ္စတွေ၊ ရှမ်းနဲ့ ကချင်နဲ့ဒေသတွေမှာ ဖြစ်နေတာတွေကိုလည်း လေ့လာဖို့ လိုအပ်ပါတယ်” ဟု သူကပြောသည်။

ရှမ်းနှင့် ကချင်ပြည်နယ်တွင် အစိုးရတပ်များနှင့် ဒေသတွင်း တန်းတူရေး တိုင်းရင်းသားတပ်များနှင့်တိုက်ပွဲ များ ဖြစ်နေသည်မှာ ၅ လကျော်ရှိနေပြီး စစ်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုများရှိသည်ဟု စွပ်စွဲနေကြသည်။

၂၅ ရက် နေ့လည် ၁၂ နာရီတွင် ကွင်တားနားနှင့် ရန်ကုန်၌ တွေ့ဆုံရန်ရှိသည့် ရှမ်းပါတီ SNDP မှ ဘဏ္ဍာရေး တာဝန်ခံ ဦးစောသန်းမြင့်ကမူ ရှမ်းနှင့် ကချင်ပြည်နယ် တိုက်ပွဲများကိစ္စ မေးနိုင်သည်ဟု ခန့်မှန်းသည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စီးပွားရေးပိတ်ဆို့ရေး များနှင့် ချိတ်ဆက်နေသည်ဟု ယူဆသူ NDF ပါတီ နိုင်ငံရေးတာဝန်ခံ ဦးခင်မောင်ဆွေက ကွင်တားနားကို သူ၏ တာဝန်အား မှန်မှန်ကန်ကန် လုပ်ဆောင်နေသူတဦးဟု ထင်မြင်ကြောင်း ပြောသည်။

“ထောင်ထဲမှာရောက်နေတဲ့ နိုင်ငံရေးသမားတွေကို အကုန်လွတ်စေချင်တယ်ဆိုတာ ဒါ အရေးပါတဲ့အချက် တချက် အနေနဲ့ ကျနော်တို့ တောင်းရမှာပဲလေ။ ပြောပြရမှာပေါ့ဗျာ” ဟုသူကပြောသည်။

အန်အယ်ဒီ ပြောခွင့်ရ ဦးဉာဏ်ဝင်းကမူ ကွင်တားနားနှင့် အာဏာပိုင်များ တွေ့ဆုံသည်ကို ထောက်ရှု၍ အစိုးရ  အသစ် အနေဖြင့် ပြုပြင်ပြောင်းလဲရေးအတွက် အဆင်သင့်ဖြစ်နေဟန်ရှိသည်ဟု ယူဆကြောင်း ဗီအိုအေ မြန်မာပိုင်း အစီအစဉ်သို့ တနင်္ဂနွေက ပြောသည်။

ကွင်တားနားက သူ၏ပဏာမ တွေ့ရှိချက်ကို သြဂုတ် ၂၅ ခရီးစဉ် နောက်ဆုံးနေ့တွင် ရန်ကုန်သတင်းစာရှင်း ပွဲတွင် ထုတ်ဖော်မည်ဖြစ်ပြီး ယခုနှစ်ကုန်ပိုင်း ကုလသမဂ္ဂ အထွေထွေညီလာခံကို အသေးစိတ် တင်သွင်းမည် ဖြစ်သည်။