ချင်းမိုင် (မဇ္ဈိမ) ။ ။ မီဒီယာ လွတ်လပ်ခွင့်ကို ရှေးရှု့သည့် ခြေလှမ်းတရပ်အနေဖြင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတင်း မီဒီယာ များ၏ ဝေဖန်အကြံပြုမှုကိုခံယူသွားမှာ ဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားသွား သည်။
ပြည်သူ့လွှတ်တော်၏ ဒုတိယအကြိမ် ပုံမှန် အစည်းအဝေး အဖွင့် မိန့်ခွန်းတွင်သူရဦးရွှေမန်း က “သတင်း မီဒီယာများ အပါအဝင်အများပြည်သူ များနှင့် နိုင်ငံတကာမှ ဝေဖန် အကြံပြုမှုများကို လည်း မိမိတို့ ခံယူသွားရမှာ ဖြစ်ပါတယ်” ဟု ထည့်သွင်း ပြောကြားသွားသည်။
ပထမအကြိမ် ပုံမှန် အစည်းအဝေးတွင် သတင်းထောက်များ တက်ရောက် သတင်းယူခွင့် မပြုသော်လည်း ယနေ့တွင် ပြည်တွင်း၊ ပြည်ပသတင်းဌာနများမှ သတင်းထောက် ၅၀ ကျော် တက်ရောက်သတင်းယူနိုင်ခဲ့ သည်။
ထို့အပြင် လွှတ်တော်၏ အခန်းကဏ္ဍကို ခိုင်မာတောင့်တင်းအောင် အထူးအလေးထား ပြောကြားသွားရာတွင် “ အတိတ်က သင်ခန်းစာများကို ရယူပြီး ယနေ့ မျက်မှောက်ကာလမှာ ဆောင်ရွက်သင့်တဲ့ ကိစ္စများကို မိမိတို့ အားလုံးက ရဲရဲဝံ့ဝံ့၊ သတ္တိရှိရှိ၊ ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟုပြောကြားသွား သည်။
အရပ်ဝတ်လဲ စစ်ဘက်အရာရှိဟောင်းများ အကြား ပြုပြင် ပြောင်းလဲရေး လိုလားသူ တဦးအဖြစ် ရှု့မြင်ခံရသူ သူရဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ်များကိုလည်း အရည်အချင်း တိုးတက် မြင့်မားအောင်လေ့ကျင့် နေဖို့ လိုသည်ဟု ပြောသွားသည်။
“ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားနှင့် ပြည်သူ့ မျှော်လင့်ချက်များကို အလေးထား ဆန်းစစ် သုံးသပ်ဝေဖန်ပြီး လက်တွေ့ နယ်ပယ်တွင် ပြည်သူ့အကျိုး အတွက်နိုင်ငံတော် အကျိုးအတွက် ဖြစ်ထွန်းစေမည့် ဥပဒေများ အမြန်ပေါ်ထွန်းရေးနှင့် ထိုဥပဒေများနှင့် အညီ နိုင်ငံသား အားလုံးနှင့် အဖွဲ့အစည်း အားလုံးက လိုက်နာ ကျင့်သုံးရေး အတွက် ထိန်းညှိ ကူညီဆောင်ရွက်ရန် လွှတ်တော်တွင် တာဝန်ရှိပါတယ်” ဟု ပြောကြားသွားသည်။
ယနေ့ အစည်းအဝေးသို့ အမတ် ၃၈၉ ဦးတက်ရောက်ပြီး လွှတ်တော် ကျင်းပမည့် ကာလကို သုံးပတ်မှ လေးပတ်အထိ ခန့်မှန်းထားသည်။