ဆင်းရဲ မွဲတည်မူ လျှော့ချရန် စီစဉ်နေချိန်တွင် ရခိုင်၌ အခွန်များ တိုးကောက်နေ

ဆင်းရဲ မွဲတည်မူ လျှော့ချရန် စီစဉ်နေချိန်တွင် ရခိုင်၌ အခွန်များ တိုးကောက်နေ
by -
နိရဥ္စရာ သတင်းဌာန

လက်ရှိ သမ္မ ဦးသိန်းစိန် အစိုးရမှ ဆင်းရဲမွဲတည် မူ လျှော့ချရန် စီစဉ်နေချိန်တွင် အောက်ခြေ ဌာနဆိုင်ရာများမှ အခွန်များတိုးကောက်နေ သဖြင့် ရခိုင်ပြည်သူများ ဒုက္ခ ရောက်နေကြရ ကြောင်း သတင်း ရရှိသည်။

ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာတွင် ငါးဖမ်းစက်လှေများမှ ငွေလက်ခံ ရရှိကြောင်း ပြေစာ မပေးဘဲ လိုင်စင်ကြေးဟု ဆိုကာ အခွန်များ တိုးကောက်နေကြောင်းကို ကျောက်ဖြူ ပြည်နယ် လွှတ်တော် အမတ် ဦးကျော်လွှင်က ယခုလို ပြောသည်။

Fishing-Vilage-in-Arakan-photo-by-Narinjara
" ကောက်တာက ငါးဖမ်းစက်လှေ တစီးကို ၂၅၀၀၀ ကျပ်ကောက်ပါတယ်။ အဲသလို ကောက်တဲ့ နေရာမှာ ငွေလက်ခံ ရရှိကြောင်း ပြေစာလည်း မပေးဘုူး။ အဲသလို အစိုးရ ဌာန တစ်ခုကနေ တရားဝင် ပြေစာတွေ မပေးဘဲ အခွန် ကောက်နေတဲ့ အပေါ်မှာ လူတွေက သံသယ ဖြစ်လာတော့ ကျွန်တော်ကို လာတိုင်ကြပါတယ်" ဟု သူက ပြောသည်။

ယခင်နှစ်က လိုင်စင်ကြေးကို ၁၈၀၀၀ ကျပ်သာ ကောက်ခံသော်လည်း ယခုနှစ်တွင် ၂၅၀၀၀ ကျပ်ထိ တိုးကောက်လာခြင်း ဖြစ်ပြီး ထိုသို့ ကောက်ခံရာတွင်် ငွေလက်ခံ ရရှိကြောင်း ပြေစာကိုလည်းထုတ်မပေး သဖြင့် ပြည်သူများအကြား သံသယ ဖြစ်နေကြောင်း သိရသည်။

" ဇင်ချောင်းမှာ ငါးဖမ်းစက်လှေ အစီးပေါင်း ၂၀၀ ကျော်ရှိပါတယ်။ အတိအကျ စာရင်းတော့ မရသေးပါဘူး။ အခုလို လာကောက်တဲ့ အခါ ပေးတဲ့သူလည်းပေး၊ မပေးတဲ့သူလည်း မပေးသေးဘဲ ရှိနေတာကိုတွေ့နေရ တယ်။ လိုင်စင်ကြေးက တိုးသွားတော့ အများစုကတော့ မပေးချင်ကြဘူး။ တဘက်မှာလည်း ဒီကောက်နေတဲ့ ငွေတွေက တကယ် နိုင်ငံတော်က ကောက်ခိုင်တာလား စသဖြင့်လည်း လူတွေက သံသယ ဖြစ်နေကြပါတယ်" ဟု ဦးကျော်လွှင်က ပြောသည်။

ယခု ငွေကောက်နေသာ အဖွဲ့မှာ ကျောက်ဖြူ ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဆောင်သော အဖွဲ့ တဖွဲ့ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် အစိုးရမှ ဆင်းရဲ မွဲတည်မူ လျှော့ချရေး အတွက် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် အောက်ခြေတွင် လုပ်ချင်သလို လုပ်ကြနေသဖြင့် ပြည်သူများ အနေဖြင့် နားမလည်အောင် ဖြစ်နေကြသည်ဟု သူက နိရဥ္စရာသို့ ဆက်ပြောသည်။

" စနစ်တွေ ပြောင်းလာပြီ။ အစိုးရလည်း ပြောင်းလာပြီ ဖြစ်တယ်ဆိုပြီး ပြည်သူတွေကတော့ အကောင်းဘက် ကို မျှော်လင့်နေကြတာပေါ့ဗျာ။ ဒီလို မျှော်လင့်နေတဲ့ အချိန်မှာ အရင်က အတိုင်းဘဲ အောက်ခြေမှာ လုပ်ချင်သလို လုပ်နေကြတော့ လူတွေက စိတ်ပျက်နေကြပါတယ်။ နိုင်ငံတော် အစိုးရက ဆင်းရဲ မွဲတည်မူ တိုက်ဖျက်ရေး စသဖြင့် ပြောဆိုနေချိန်မှာ အစိုးရ ဌာနဆိုင်ရာတွေက လူတွေဆီက အခွန်တိုးကောက်တယ်ဆို တော့ ပြောတာနဲ့ လုပ်တာက တခြားစီ ဖြစ်နေတာကြောင့် ပြည်သူတွေက နားမလည်အောင်ဖြစ်နေကြပါ တယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ် အတွင်းရှိ ငါးလုပ်ငန်းဖြင့် အသက်မွေးသူ ပြည်သူများ အနေဖြင့် နှစ်စဉ် နှစ်တိုင်း လိုင်စင်ကြေး ဆိုပြီး အစိုးရကို အခွန်ငွေများ ပေးသွင်းရသလို ပင်လယ်ပြင်သို့ ထွက်၍ ငါးဖမ်းပါကလည်း ပင်လယ်ပြင် လုပ်ကွက်များကို လေလံရထားသူများကို တဖန် ငွေများ ပေးသွင်းကြရသဖြင့် အခွန်များထပ်နေ၍အမြတ် မရှိဘဲ အရှံုးသာ ရှိနေကြသည်ဟု သိရသည်။

၎င်းပြင် ရခိုင်ပင်လယ်ပြင်တွင် စစ်အုပ်စု မိသားစုများနှင့် သူတို့နှင့် ဆက်စပ်သည့် Asia World ကဲ့သို့ ကုမ္ပဏီများမှ တရုတ်၊ စင်္ကာပူ စသော ငါးဖမ်း ကုမ္ပဏီများနှင့် ပူးပေါင်းကာ ငါးဖမ်း သင်္ဘောကြီးများဖြင့် နေ့ည မပြတ် ငါးဖမ်းနေသဖြင့် ရခိုင်ပင်လယ်ပြင်တွင် ငါးများ ရှားပါးလာပြီး စက်လှေငယ်များနှင့် လုပ်ကိုင် စားသောက်နေကြသော သာမန် ဒေသခံ ပြည်သူများမှာ လုပ်ကိုင် စားသောက်ရသည်မှာ ယခင်ကလို အဆင်မပြေ တော့ကြောင်း သိရသည်။

ယခု နောက်ဆုံး ၀င်လာသော သတင်းအရ မြောက်ဦးတွွင်လည်း အရက်ဆိုင်၊ လဘက်ရည် ဆိုင်များနှင့် သာမန် လမ်းဘေး စျေးဆိုင်များပါ မကျန် ကျပ် ၁၀၀၀၀ နုန်းဖြင့် အစိုးရမှ အခွန်များ ကောက်ခံနေကြောင်း သိရသည်။

Most read this week