ယာဘာ ဆေးပြားများ သယ်လာသူ ၂ ဦး စစ်တွေ လေဆိပ်တွင် ဖမ်းဆီးခံရ

ယာဘာ ဆေးပြားများ သယ်လာသူ ၂ ဦး စစ်တွေ လေဆိပ်တွင် ဖမ်းဆီးခံရ
by -
ထွန်းထွန်း

စစ်တွေ လေဆိပ်တွင် ရန်ကုန်မှယာဘားဆေးပြား များ သယ်ယူလာသူ နှစ်ဦးကို ဒုစရိုက်နှိမ်နှင်းရေး ရဲအဖွဲ့က ယခုလ ၁၆ ရက်နေ့က ဖမ်းဆီးလိုက် ကြောင်း သတင်း ရရှိသည်။

sittweဖမ်းဆီးခံရသူ နှစ်ဦးမှာ ရခိုင်အမျိုးသားများ ဖြစ်ပြီး ယာဘား ဆေးပြား အလုံး ၃၀၀၀ ကို ဆောင်းဘောက်စ် ထဲတွင် ထည့်ပြီး သယ်ယူလာရာမှ စစ်တွေ လေဆိပ် အရောက်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများ၏ နာမည်ကို မသိရသေးသော်လည်း ဖမ်းဆီးမူမှာ မှန်ကန်သည်ဟု လေဆိပ်တွင် အလုပ် လုပ်နေသူ လူငယ် တစ်ဦးက ပြောသည်။

ယာဘား ဆေးပြားများကို လူနှင့် အတူ လက်ရ ဖမ်းမိပါက ထောင်ဒဏ် ၁၂ နှစ် ချမှတ်မည် ဖြစ်ပြီးသုံးစွဲသည် ဟု တွေ့ရှိပါက ထောင်ဒဏ် ၁၇ နှစ် ချမှတ်မည်ဟု အမိန့်ထုတ်ထားသဖြင့် သူတို့ နှစ်ဦးမှာ နှစ်ရှည်လများ ထောင်ကျနိုင်သည်ဟု သူက ပြောသည်။ သူတို့ကို ယခုအခါ စစ်တွေအမှတ် (၁) ရဲစခန်းတွင်ထိန်းသိမ်းထား ကြောင်း သိရသည်။

လွန်ခဲ့သည့်လ အနည်းငယ်ကလည်း စစ်တွေမြို့တွင် ပုစွန်ဒိုင်ဖွင့်ပြီး ချမ်းသာနေသော ကျောက်တော်မြို့သား တစ်ဦးကို မူးယစ် ဆေးဝါး အမှုဖြင့် ဖမ်းဆီးကာ ထောင်ဒဏ်နှစ်ရှည်လများ ချမှတ်ခြင်းခံနေရသည်ဟု သိရသည်။

၄င်းအပြင် လွန်ခဲ့ သောအပတ်ကလည်း ဦးဥတ္တမပန်းခြံ အနီးရှိ မြို့မ ရုပ်ရှင်ရုံတွင် မူးယစ်ဆေးဝါး သုံးစွဲပြီး သတိမေ့နေသော ကျောင်းသူ တယောက်နှင့် ကျောင်သား တယောက်အား ရဲတပ်ဖွဲ့မှ ဖမ်းဆီးသွား သည်ဟု မျက်မြင်များက ပြောသည်။

စစ်တွေတက္ကသိုလ်ကျောင်းသားတယောက်ကလည်း စစ်တွေတွင် မူးယစ်ဆေးဝါး သုံးစွဲသူများလာနေကြောင်း ကို ယခုလို ပြောသည်။

"စစ်တွေမြို့မှာ ခုဆိုလို့ရှိရင် လူကြီး လူငယ်မရွေး မူးယစ်ဆေးဝါးတွေ ပိုမို သုံးစွဲ လာကြတာကို တွေ့ရပါတယ်။ အရက် မဟုတ်ရင် ဆေးပြားပါပဲ။ တော်တော် အကျင့်ပျက်နေကြပါ တယ်။ ဆေးပြားကို အာဏာပိုင်တွေနဲ့ နားလည်မှုယူပြီး နေရာအနှံ့မှာ ရောင်းနေကြပါတယ်။ အစိုးရက တမင် သက်သက် ရခိုင်လူငယ်တွေရဲ့ ပညာရေးကို အညွန့် ချိုးနေတာပဲ ဖြစ်နိုင်ပါတယ်။ နောက်ဆိုရင် ရခိုင်ပြည်ကြီး ဟာဘာဖြစ် လာမှာလဲတော့ မသိဘူးဗျာ" ဟုပြောသည်။

စစ်တွေမြို့ရှိ အထက်တန်းကျာင်းများ အနီးရှိ ကွမ်းယာဆိုင်များ တချို့တွင် မူးယစ်ဆေးဝါးများကို ကွမ်းယာနှင့် ရောပြီး ရောင်းနေကြကြောင်း သိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းရန် စစ်တွေ အမှတ်(၁) ရဲ စခန်းသို့ ဖုံးဆက်သွယ်ရာ ရဲသား တစ်ဦးမှ ဖုံးကိုင်သော်လည်း အထက်အရာရှိ မရှိဟု ဆိုကာဖုံးချသွားခဲ့ သည်။

အစိုးရမှ ယခုအခါ စစ်တွေမြို့ကို ဒုစရိုက် ကင်းရှင်းရေး မြို့အဖြစ် ပြုလုပ်ရန် စီမံချက် ချထားရာ ယခုလပိုင်း အတွင်း မူးယစ်ဆေးဝါးအမှုဖြင့် လူပေါင်း ၂၀ ကျော် ခန့် စစ်တွေတွင် ဖမ်းဆီး ခံခဲ့ရသည်ဟု သိရသည်။

Most read this week