ရွေးချယ်ခွင့် မရှိပေမယ့် ထူးချွန်ချင်သေးသည့်… သူ

ရွေးချယ်ခွင့် မရှိပေမယ့် ထူးချွန်ချင်သေးသည့်… သူ
by -
ကချင်သတင်းဌာန

သူမ အသက် တစ်ဆယ့်ငါးနှစ်။မြန်မာပြည်ပညာ ရေးစနစ်အရ ၂၀၁၂ ခုနှစ်မတ်လတွင်တက္ကသိုလ် ဝင်တန်း ဖြေဆိုရမည့် အရွယ်။ အရွယ်ငယ်ပေမယ့် ရည်မှန်းချက်ကြီးသည်။ ဆင်းရဲသား နာမကျန်းသူ များကို စေတနာ အရင်းခံ ကုသပေးနိုင်မည့် ဆရာဝန်မကြီးဖြစ်ချင်သည်။

သူမအမည်က လမိုင်ရွယ်ဆန့်။ ကချင်လွတ်မြောက်ရေးနယ်မြေထဲရှိ တရုတ်နယ်စပ်နှင့်ကပ်လျက် မိုင်ဂျာယန် မြို့ကလေး တစ်မြို့တွင် နေထိုင်သည်။

ကျေးလက်နေ ဆင်းရဲသည့် ကချင်တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားခဲ့သည်၊၊ မြန်မာပြည်သား မိဘတိုင်း မိမိသားသမီး တက္ကသိုလ်ဝင်တန်းရောက်ပြီဆိုလျှင် ရှိသမျှအကုန်ပုံအောပြီး ထောက်ပံ့ပေးတတ်ကြသကဲ့သို့ ရွယ်ဆန့်၏ မိဘများကလည်း ထိုနည်းလည်းကောင်းပင်၊၊ သို့ပေမယ့် ကံတရားက ရွယ်ဆန့်ဘက်ကို အလေးမသာခဲ့။
KIO_Maijayang_school
၁၇ နှစ် နီးပါး ရပ်စဲခဲ့သည့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ နှင့် မြန်မာစစ်တပ်တို့၏ စစ်ပွဲမီးက ၂၀၁၁ခုနှစ် ဇွန်လဆန်းမှာတော့ တဟုန်ထိုးတောက်လောင် လာပါတော့သည်၊၊ ဒီအတွက် ရလဒ်က မြန်မာအစိုးရ အနေဖြင့်  ပူးတွဲပညာသင်ကြားခွင့်အစီအစဉ်ကို ရပ်စဲခဲ့သည်။

“စာမေးပွဲ သွားဖြေလို့ မရတော့ဘူးဆိုတာ ကြားတာနဲ့ စိတ်ထဲမှာ အရမ်းကြေကွဲသွားခဲ့တယ်။” ဟုရွယ် ဆန့်မှ ဆိုသည်။

၁၉၉၄ခုနှစ် အပစ်အခတ်ရပ်စဲလိုက်ချိန်မှစ၍ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)မှ ဆယ်တန်းကျောင်းသူ ကျောင်း သားများအား မြန်မာအစိုးရကျောင်းများတွင်သီးသန့်စာသင်ခန်းများဖြင့်ပူးတွဲပညာသင်ကြား ခွင့်ပေး သည့် အစီအစဉ်များရှိခဲ့သည်။

လွတ်မြောက်ရေးနယ်မြေရှိ အထက်တန်းကျောင်းသားများက ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားသို့ ဘော်ဒါဆောင်များဖြင့် လာရောက်နေထိုင်ကြပြီး ဆယ်တန်းစာမေးပွဲကို ဖြေဆိုကြရခြင်းဖြစ်သည်၊၊

ရွယ်ဆန့် မှာ မြန်မာပြည် တက္ကသိုလ် တစ်ခုခု တက်ချင်သည်။ ထူးချွန်၊ ထက်မြတ်၊ တိုးတက်ချင်သည်။ မြန်မာအစိုးရကျောင်းမှ ၉တန်းကိုလည်း အောင်မြင်ထားပြီး ဖြစ်သည်။

၁၀တန်းကျောင်းအတွက် လိုအပ်သည့် စာအုပ်၊ အဝတ်အစား အဆင်သင့် ပြင်ဆင်ကာ မြစ်ကြီးနားမြို့သို့ ခရီးဦးစမှာပင် ပြည်တွင်း စစ်ပွဲကြောင့် လှမ်းထားသောခြေလှမ်း ရပ်တန့်ခဲ့ရသည်။ ၁၅နှစ်သမီးလေး ရွယ်ဆန့် မြန်မာပြည် တက္ကသိုလ်ဝင်ခွင့်အိပ်မက်များ ဆောင်းရာသီ မြူနှင်းပမာ လွင့်ပြယ်သွားခဲ့ရချေပြီ။

မြန်မာအစိုးရမှ တွဲလျက် သီးသန့် ပညာသင်ကြားပေးသည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ခြင်းကြောင့် ဖြစ်သည်။ ငယ်စဉ်ကတည်းမှ ရည်မှန်းထားသည့် ဆရာဝန်မကြီး ဖြစ်ချင်သည့် ပန်းတိုင် ဆုံးရှုံးခဲ့ရသလို မြန်မာပြည် တက္ကသိုလ် တက်ရန် စိတ်ကူးလည်း ပျက်သုန်းသွားခဲ့ပြန်သည်။

အဌမတန်းတွင် လွတ်မြောက်နယ်မြေရှိ အထက်တန်းကျောင်း လေးကျောင်းမှ ထူးချွန်စာမေးပွဲ၌ ပထမဆု ရရှိခဲ့သူဖြစ်သည်။ ရည်ရွယ်ချက် ကြီးကြီးဖြင့် အပျော်ထွေးပိုက်ရင်း ပန်းတိုင်တို့ ချီတက်နေသည်။

မကြာပါ နဝမတန်းရောက်တော့ “ဖြစ်ချင်တာက ဆရာဝန်လေ၊ လွတ်မြောက်နယ်မြေကျောင်းမှာက ဘောဂဗေဒနှင့် ဝိဇ္ဖာ ဘာသာရပ် နှစ်ရပ်ပဲ ရှိတယ်။ အရမ်းကို စိတ်ပျက်သွားတာပဲ။” ဟု သူမ မျော်လင့်ချက် ဆုံးရှုံးခဲ့ရကြောင်း ဆိုသည်။

မြန်မာပြည်ပညာရေးစနစ်အရ ဇီဝဗေဒဘာသာတွဲ မယူလျှင် ဆေးတက္ကသိုလ်ဝင်ခွင့်မရနိူင်ပေ။

သို့ပေမယ့် ကေအိုင်အို ပညာရေးကျောင်းတွေ ဘောဂဗေဒ ပညာရပ်နှင့် ဝိဇ္ဖာဘာသာရပ် နှစ်ခုတည်းသာ ရှိသည်။ သူမ အတွက် ရွေးချယ်ခွင့်များများစားစား မရှိခဲ့ပါ၊၊ ဆရာဆရာမများ မပြည့်စုံမှု သင်ရိုးညွန်းတမ်း အားနည်းမှုများကြောင့် ဆရာဝန် ဖြစ်ချင်ခဲ့သည့် ရွယ်ဆန့် ဘောဂဗေဒ ဘာသာတွဲကိုသာ မချိတင်ကဲ ယူခဲ့ရချေသည်။

ဒီအထိ သူမစိတ်ဓာတ်တွေ မကျ အိပ်မက်တွေ အတောင်မကျိုး ခဲ့ပေ၊၊ အနာဂတ်အတွက်အကောင်းဆုံးပြင် ဆင်ပြီး စာကိုကြိုးစားပြီးကျက်မှတ်သည်၊၊ တိုင်းရင်းသူဖြစ်သည့်အားလျော်စွာ မြန်မာစာကို သူမသိပ် မပိုင်နိူင်ပေမယ့် ကျန်သည့်ငါးဘာသာအတွက် ဂုဏ်ထူး မျှော်မှန်းသည်၊၊ သို့ပေမယ့်မြန်မာစစ်တပ်မတော် နှင့် ကေအိုင်အေ စစ်တပ်မတော်တို့၏ ပြည်တွင်းစစ်ကြောင့်  ဒီကလေးငယ်၏ ဒုတိယ အကြိမ် အနာဂတ် ပျောက်ဆုံးခဲ့ပြန်သည်။

ပြည်သူလူထုအတွက်  တပိုင်တနိုင်လုပ်ဆောင်နိုင်ဖို့ သူမ အနာဂတ် နောက်တစ်နည်း ပြောင်းခဲ့ရပြန်သည်။ လွတ်မြောက်နယ်မြေထဲရှိ သူနာပြုသင်တန်းကျောင်းတွင် တက်ရောက် ပညာသင်ကြားရေးဖြစ်သည်။

ဆယ်တန်းကို လွတ်မြောက်နယ်မြေထဲရှိ ကျောင်းမှ ဆက်လက်ဖြေဆိုမည်၊၊ တနည်းဆိုသော် သူမ၏ အောင်စာရင်းက မြန်မာပြည်တွင်းတွင် တရားမဝင် စာရွက်တစ်ရွက်ဖြစ်သွားမည်၊၊ ဒါပေမယ့် သူမချစ်သော ရည်ရွယ်ချက်အတွက် ရွေးချယ်ခွင့်မရှိပြန်ပါ။

“အကယ်၍ ငြိမ်းချမ်းရေးရလာရင်တော့ မြစ်ကြီးနားကျောင်းမှာ ပြန်သွားတက်မယ်။ ထူးချွန်အောင်ပြန် သွားဖြေမယ်။”