ပင်လုံစာချုပ်အတိုင်း ဆောင်ရွက်မှု မရှိပါက မြန်မာနိုင်ငံလူထု လူ့အခွင့်အရေး ချိုးဖောက် ခံနေရသည့် ပြဿနာကို ဖြေရှင်း နိုင်မည်မဟုတ် ကြောင်းသျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ (RCSS) ပြည်ပဆက်ဆံရေးဌာနမှ စိုင်းရှဲန်ဝမ်း က အစီရင်ခံစာရေးပါသည်။
“လူ့အခွင့်အရေး ပြဿနာရဲ့ အရင်းအမြစ်ဟာ ပင်လုံစာချုပ်ဘဲ။ သျှမ်းပြည်သူလူထုခံစားရတဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုနဲ့ ပင်လုံစာချုပ်နဲ့ ခွဲခြားပစ်လို့ မရဘူး။ ပင်လုံစာချုပ်အတိုင်း မဖြေရှင်းဘူးဆိုရင် မျက်လုံးကို အဝတ်နဲ့ဖုံးပြီး လမ်းလျှောက်တာ နဲ့ အတူတူဘဲ”
“နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်း အပြည့်အဝရှိရစေရမည်” ၊ “ဒီမိုကရေစီနိုင်ငံ များတွင် အခြေခံ များအဖြစ် အသိအမှတ်ပြုထားပြီးဖြစ်သော အခွင့်အရေးများကို ခံစားပိုင်ခွင့်ရှိစေရမည်” စသည့် သဘောတူအချက် အလက်များဖြင့် ဗမာ့ကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ ခွန်ပန်းစိန်(သျှမ်း)၊ ဆင်ဝါးနောင်(ကချင်)၊ ဦးလွှာမှုန်း (ချင်း)နှင့် အခြားသော တိုင်းရင်းသားကိုယ်စားလှယ်များက ပင်လုံစာချုပ်ကို ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်၌ လက်မှတ်ရေး ထိုးခဲ့ကြသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၀ တွင် တရုတ်ဖြူ(KMT ကူမင်တန်)များ သျှမ်းပြည်သို့နယ်ကျွံဝင်ရောက် လာသည်ကို အကြောင်းပြုကာ မြန်မာတပ်မတော်က ၁၉၅၂ တွင် သျှမ်းပြည်ထဲ အလုံးအရင်းဝင်ရောက်လာ ခဲ့ကြသည်။
တရုတ်ဖြူများ မရောက်သည့် သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေ၊ ကလော၊ တောင်ကြီး၊ မိုင်းပွန်၊ လွိုင်လင်၊ လဲချားနှင့် မိုင်းကိုင်တို့၌ တပ်စခန်းချ နေထိုင်လာခဲ့ကြသည်။ ထိုနောက်ပိုင်း မြန်မာတပ်မတော်ကပြည်သူ များ ကို သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ မုဒိန်းကျင့်ခြင်း(သီလရှင်အပါအဝင်)၊ အဓမ္မခိုင်းစေခြင်း၊ ပေါ်တာထမ်းခိုင်းခြင်းနှင့် အဓမ္မနေရာရွှေ့ပြောင်းခိုင်းခံရခြင်း စသည့် လူ့အခွင့်အရေးများ တဖြည်းဖြည်း ချိုးဖောက်လာခဲ့ကြသည်။
သျှမ်းပြည်ခေါင်ဆောင်များက လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ၁၉၆၁ တွင် တောင်ကြီး ပြည်နယ်ပေါင်းစုံညီလာခံဖြင့်လည်းကောင်း၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရသျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှ ခွန်ထွန်းဦး က နိုင်ငံရေးနည်းအရလည်းကောင်း ကြိုးပမ်းခဲ့သည်။ သို့သော် ရလဒ်မှာ အဆိုပါခေါင်းဆောင်များ နှစ်ရှည်အကျဉ်းကျမှုနှင့် အချို့ခေါင်းဆောင်များ ထူးဆန်းစွာ ပျောက်ကွယ်သွားမှု၊ သေဆုံးမှု တို့ဖြစ်သည်။
စိုင်းရှဲန်ဝမ်းက လူ့အခွင့်အရေး ပြဿနာများနှင့် အခြားပြဿနာများကို ဖြေရှင်းရန်အတွက် အချက် ၅ ချက်ရှိကြောင်း အကြံပြုသည်။ ၎င်းတို့မှာ -
၁. သျှမ်းပြည်နှင့် အခြားသော တိုင်းရင်းသားဒေသရှိ မြန်မာ့စစ်တပ်များ ဆုတ်ခွာသွားရမည်။
၂. ဗမာပြည်အတွက် ပြည်နယ်သီးခြားရှိရမည်။
၃. ပြည်နယ်များမှ ကိုယ်စားလှယ် အရေအတွက် ညီတူညီမျှဖြင့် ဗဟိုအစိုးရ ဖွဲ့စည်းရမည်။
၄. လူ့အခွင့်အရေး တန်းတူညီတူရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ရေးဆွဲရမည်။
၅. ပြည်နယ်အသီးသီးမှ ပူးပေါင်းစီမံခန့်ခွဲသော ပြည်ထောင်စုတပ်မတော်ကို ထူထောင်ရမည်။
“ပင်လုံစာချုပ်ထဲမှာ အတိအကျမရေးထားပေမဲ့ ပါ၀င်တဲ့ “ခွဲထွက်ခွင့်” ဆိုတဲ့အချက်ကို မြန်မာ့ခေါင်းဆောင် အများစုက ကြောက်ကြတယ်။ မကြောက်ကြပါနဲ့။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကိုတရားမဝင်တော့ဘူး လို့ ကြေငြာလိုက်ကတည်း က သျှမ်းပြည်ဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကနေ ကွဲထွက်သွားပြီးပါပြီ” ဟု စိုင်းဆိုင်ဝမ်းက ပြောပါသည်။
ဒီမိုကရေစီအရေး လှုပ်ရှားနေသူများလည်း ပင်လုံစာချုပ်ကို မကြောက်ကြရန်၊ သျှမ်းပြည်လွတ်လပ်ရေး အတွက် ကြိုးပမ်း နေသူနှင့် ဒီမိုကရေစီအတွက် ကြိုးပမ်းနေသူများသည် အချင်းချင်း အမှီသဟဲပြု အထောက်အကူပြုနေကြကြောင်း၊ ဘုံရန် သူကိုသာ တိုက်နေကြခြင်းဖြစ်ကြောင်း၊ အသီးသီးရည်မှန်း ချက်ပန်းတိုင်ရောက်ပါက ဥရောပပြည်ထောင်စုကဲ့သို့ ပြည်ထောင်စုကြီးကိုပြန်လည်တည်ထောင် နိုင်ကြောင်း ၎င်းကဆို၏။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကျူးလားလုံးကွန်း တက္ကသိုလ်၌ ယနေ့ (18.8.11) ကျင်းပသော 4th International Conference on Human Right and Development ၌ စိုင်းရှဲန်ဝမ်းက ၎င်း၏စာတမ်းကို ဖတ်ပြရခြင်းဖြစ်သည်။