ဗိုလ်မှူးများ ဝေစု မတည့်၍ မှောင်ခို တင်ပို့မည့် နွားများ မာန်အောင်တွင် ဖမ်းဆီးခံရ

ဗိုလ်မှူးများ ဝေစု မတည့်၍ မှောင်ခို တင်ပို့မည့် နွားများ မာန်အောင်တွင် ဖမ်းဆီးခံရ
by -
စံလင်း

ဒေသအတွင်း စခန်းချနေသော ရေတပ် ဗိုလ်မှူး များ အကြား ဝေစု မတည့်ရာမှ ရခိုင်ကနေ ဘင်္ဂလာသို့ တင်ပို့ရန် စီစဉ်ထားသည့် နွားကောင်ရေ ၁၂၀ ဖမ်း ဆီးခံရကြောင်း သတင်း ရရှိသည်။

သြဂတ်စ်လ (၇) ရက်နေ့က ကျောက်ဖြူ အခြေစိုက် ဓညဝတီ ရေတပ် စခန်းမှ ဗိုလ်မှူး တဦးက လာရောက် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

_42394415_cattle_220_ap" နွားတွေကို မာန်အောင်မြို့နယ် ဘူးရေမျက်ရွာအနီးက ချောင်းထဲမှာ ဘင်္ဂလားဒေ့ချ်ကို တင်ပို့ဖို့ စက်လှေ တစီးပေါ်မှာ တင်ထားစဉ် အဲဒီဗိုလ်မှူးနဲ့ အဖွဲ့က သတင်းအရ ကျောက်ဖြူ ရေတပ်စခန်းကနေ လိုက်လာပြီး ဖမ်းဆီးသွားပါတယ်။ စုစုပေါင်း နွားက ၁၂၀ ဖြစ်ပါတယ်။"

အဆိုပါ နွားများကို ဘင်္ဂလာဒေချ့် တင်ပို့ရန် မာန်အောင်မြို့နယ်၊ မျှော်တော်ဦး ကျေးရွာတွင် စခန်းချနေ သော အမှတ် (၁၈) ဓညဝတီ ရေတပ်စခန်းမှ ဗိုလ်မှူးအား လမ်းကြောင်း ကင်းရှင်းရေး အတွက် နွားမှောင်ခို တင်ပို့သူများက ငွေကျပ် သိန်း (၁၀၀) ပေးထားကြောင်း သိရသည်။

" အဲသလို ပေးထားပေမယ့် သူတို့အချင်းချင်း ဝေစု မတည့်ကြဘူးလို့ သိရပါတယ်။ ဒါကြောင့်ကျောက်ဖြူ ခရိုင် အဆင့် ရေတပ်က ဗိုလ်မှူး တစ်ဦးက လိုက်လာပြီး ဖမ်းတာ ဖြစ်ပါတယ်။ အရင်ကလည်း ရေတပ်ကို ပိုက်ဆံပေးပြီး သွားလာနေကြတာပါ။ တခါမှ ခုုလို ပိုက်ဆံပေးပြီး ဖမ်းခံ ရတာမျိုးတော့ မရှိပါဘူး" ဟု သူက ပြောသည်။

စက်လှေပိုင်ရှင် ဦးတင်ရွှေနှင့်အဖွဲ့မှ နွားများကို မဖမ်းရန် ကျောက်ဖြူခရိုင် ရေတပ် ဗိုလ်မှူးအား သိန်း (၄၀၀) ကျပ် ပေးသော်လည်း လက်မခံဘဲ နွားများကို ဖမ်းဆီး ယူဆောင်သွားခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲ၊ မာန်အောင်နှင့် ကျောက်ဖြူဒေသတွင် နွားများကို စီးပွားဖြစ် မွေးမြူ ကြသော်လည်း ရောင်းချမည့် ပြည်တွင်း စျေးကွက် မရှိသဖြင့် ဒေသခံများသည် နွားများကို ပွဲစား မှောင်ခို သမားများမှ တဆင့် ဘင်္ဂလာဒေချ့်သို့ တင်ပို့ ရောင်းချကြရသည်။

ထိုသိုု့ တင်ပို့ ရောင်းချရာတွင် လမ်းကြောင်း တလျှောက်ရှိ ရေတပ်၊ စစ်တပ်နှင့် ဒေသဆိုင်ရာ ရဲများကို ဆက်ကြေးပေးပြီး သွားလာကြရသည်။

ရခိုင်ပြည်နယ်တွင် အစိုးရသစ် တက်လာပြီ ဖြစ်သော်လည်း လက်နက်ကိုင် အဖွဲ့များမှာ နယ်ဒေသများတွင် ယခင်ကလို မင်းမူနေဆဲ ဖြစ်ပြီး တရားမဝင် ဖမ်းဆီးရမိသော ပစ္စည်းများကို တရားဥပဒေနှင့် အညီ ရုံးတင် တရားစွဲဆိုခြင်း မရှိဘဲ မိမိပိုင် အဖြစ် သိမ်းပိုက် ယူငင် နေကြဆဲ ဖြစ်ကြောင်း သိရသည်။

စီးပွားရေး လုပ်ငန်းများကိုလည်း စစ်တပ်က ချုပ်ကိုင်ထားဆဲ ဖြစ်ပြီး ဒေသခံများမှာ စီးပွားရေး သမားများမှာ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်မရရှိဘဲ စစ်အာဏာပိုင်များနှင့် ပူးပေါင်း လုပ်ဆောင်နေကြရသည်။ သို့သော်လည်း အာဏာပိုင်များ အကြား အချင်းချင်း ပါဝါပြသည့် အခါ ဒေသခံ စီးပွားရေးသမားများ ယခုလို နစ်နာပြီး ဒုက္ခ ရောက်ကြရသည်ဟု သိရသည်။

Most read this week