ဦးသိန်းစိန် မိန့်ခွန်း

ဦးသိန်းစိန် မိန့်ခွန်း
by -
မဇ္စျိမသတင်းဌာန

သမ္မတ ဦးသိန်းစိန်သည် သြဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန MICC တွင် ကျင်းပသည့် စီးပွားရေး လူမှုရေး နယ် ပယ်အသီးသီး အသင်းအဖွဲ့ အသီးသီးမှတာဝန် ရှိ သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောသည်။

ဦးသိန်းစိန်၏ အမှာစကား အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

"ဒီကနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့က စီးပွားရေးလုပ်ငန်းတွေကို တာဝန်ယူပြီးတော့ လုပ်ကိုင်ကြရတဲ့ ဝန်ကြီးဌာနအသီးသီးက ဝန်ကြီးများနှင့် ဌာနဆိုင်ရာအခြေခံများ၊ စီးပွားရေး၊ လူမူရေး နယ်ပယ်အသီးသီးက တက်ရောက် လာကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များအားလုံး ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာပထမ နှုတ်ခွန်း ဆက်သလိုက်ပါတယ်။"

"ကျနော့်အနေနဲ့ ကျနော်တို့ အစိုးရအဖွဲ့ကို ပြည်သူတွေ ရွေးချယ် တာဝန်ပေးအပ်ပြီးတော့ တိုတောင်းတဲ့ သက်တမ်းကာလ ၄ လကျော်၊ ၅ လအတွင်းမှာ ပြည်သူတွေ ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရန်ဆောင်ရွက် ခဲ့တဲ့ လုပ်ငန်းအချို့၊ နောက်တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေနဲ့ ကျနော်တို့အစိုးရအဖွဲ့ရဲ့ သဘောထား ရပ်တည်ချက်တချို့ကို ကြံုကြိုက်တုန်းမှာ အကျဉ်းချံုးပြီးတော့ ကျနော့်အနေနဲ့ပြောပြသွား မှာဖြစ်ပါတယ်။"

"ကျနော်တို့ အစိုးရတက်လာပြီးတဲ့နောက် ပြည်သူတွေကို ကျနော်တို့ ကတိကဝတ်ပြုခဲ့တဲ့ ဦးစားပေး လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းတွေကို ရက်ပိုင်း လ ပိုင်းအတွင်းမှာပဲ စီးပွားရေးနဲ့ ပတ်သက်တဲ့ အဟန့်အတားတချို့ ဒါတွေကို ကျနော်တို့ ဖယ်ရှားပေးခဲ့ပြီးတော့ စျေးကွက်စီးပွားရေးစနစ်ရဲ့ လွတ်လပ်မူနဲ့ ယှဉ်ပြိုင်မူကို ပွင့်လင်းမြင်သာမှုအောင်ဆောင်ရွက်ပေးခဲ့ပါတယ်။"

"ဒါတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဘာတွေဆောင်ရွက်ပေးတယ်ဆိုတာ တက်ရောက်လာကြတဲ့ ပရိတ်သတ်တွေ သိပြီးဖြစ်ပါတယ်။ နောက်တခုက ကျနော်တို့ ဆင်းရဲနွမ်းပါးတဲ့ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးလက်နေ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝကို မြင့်တင်ပေးလိုတဲ့ဆန္ဒနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချရေး အလုပ်ရုံဆွေးနွေးပွဲတခုကို ပြည်တွင်း၊ပြည်ပမှာ ရှိနေတဲ့ တိုင်းရင်းသား၊ စီးပွားရေးပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ဝန်ကြီးဌာန အသီးသီးတို့မှ အရာရှိကြီးများ၊ လူထုလုတန်းစားအလွှာ အသီးသီးတို့မှ ပုဂ္ဂိုလ်များ အပါအဝင် ကျနော်တို့ နေပြည်တော် ဒီခန်းမမှာပဲ ၃ ရက်တာ ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။"

"အဲဒီအလုပ်ရုံဆွေးနွေးပွဲကနေ ကျနော်တို့ ရရှိလာတဲ့ အကြံပြုချက်တွေ၊ သဘောထားတွေ ဒါတွေကို ကျနော်တို့ စုပေါင်းပြီးတော့မှ လုပ်ငန်းစဉ် ၈ ရပ်ကို ကျနော်တို့ ရွေးထုတ်နိုင်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းစဉ် ၈ ရပ်ကို ကျနော်တို့ရွေးထုတ်ပြီး ဗဟိုကနေ အောက်ခြေအထိ လုပ်ငန်းအကော်မတီအဆင့်ဆင့် ဖွဲ့စည်းပြီး လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့် ဒီကနေ့ ကျနော်တို့တောင်သူလယ် သမားများ၊ လက်လုပ် လက်စား သမားများ မြို့ပေါ်ရပ်ကွက်မှာရှိနေတဲ့ တချို့ ဆင်းရဲသူများခေါင်းရွက်ဗျတ် ထိုးများ၊ စျေးသည်များပါမကျန် ဒီကနေ့ ဒီအကျိုးရလာဒ်တွေကို အထိုက် အလျောက်ခံစားရနေပြီဖြစ် ပါတယ်။"

"ပြီးတော့ တချိန်က တိုင်းပြည်ရဲ့ တာဝန်ကို ပင်ပင်ပန်းပန်းနဲ့ ထမ်းဆောင်ခဲ့ကြတဲ့ ပင်စင်စား ကျနော်တို့ရဲ့ ဝန်ထမ်းများအနေနဲ့ မလောက်မင ရကြတဲ့ ပင်စင်လစာလေးနဲ့ သူတို့ရဲ့ ဘဝကို ချို့ချို့တဲ့တဲ့ ရပ်တည် နေရကြ တဲ့ အခြေအနေကနေပြီးတော့ အခုအခါမှာ ကျနော်တို့ ပင်စင်လစာတွေ တိုးမြှင့်ပြီးတော့ပေးခဲ့တဲ့ အတွက်ကြောင့် ဘာပဲပြောပြော ဒီပုဂ္ဂိုလ်တွေဟာ စားနိုင်၊ နေနိုင်၊ လှူဒါန်းနိုင်တဲ့ သူတို့ရဲ့ဘဝတွေ ကို ကျေနပ်နှစ်သက်ပြီးတော့ပျော်ရွှင် ချမ်းမြေ့နေနိုင်ကြတာကို ကျနော်တို့ တက်လာတဲ့ပုဂ္ဂိုလ်များအားလုံး လည်း အသိပဲဖြစ်ပါတယ်။"

"အဲဒီတော့ ဒီမြင်ကွင်းကို မြင်ကြရတဲ့သူ အားလုံးဟာလည်းပဲ ဒီပင်စင်စားကြီးတွေနဲ့ အတူ ထပ်တူထပ်မျှ ကျနော်တို့ပျော်ရွှင်ကြည်နူးနေတာ ကျနော်တို့ ဒါအမှန်ပဲ ဖြစ်ပါတယ်။ အခုအခါမှာ စီးပွားရေး အကျပ် အတည်းနဲ့ ဒေါ်လာငွေစျေး ကျဆင်းမှု တွေဟာ ကျနော်တို့ နိုင်ငံ စီးပွားရေးကိုပါ အထိုက်အလျောက် ရိုက်ခတ်လျက် ရှိနေပါတယ်။အဲဒီတော့ လွန်ခဲ့တဲ့ ၁ လခွဲ ၂ လ လောက်က အမေရိကန် ၁ ဒေါ်လာရဲ့ ငွေလဲနှုန်းက ပြည်တွင်းငွေ ကျပ် ၈ဝဝ လောက်နဲ့ အချိန်အတော်ကြာ ရပ်တန့်ပြီးတော့ နေပါတယ်။"

"သို့သော်လည်းပဲ အခုအခါမှာ အမေရိကန် ၁ ဒေါ်လာရဲ့ ငွေလဲနှုန်းဟာ ကျပ် ရ၅ဝ ပတ်ဝန်းကျင်အထိ ကျဆင်း သွားခဲ့ပါတယ်။ ကျနော်တို့ ပို့ကုန်လုပ်ငန်း တွေကလည်းပဲ ကျဆင်းခဲ့ရပါတယ်။ ပို့ကုန်လုပ်ငန်းတွေ ကျဆင်း လာတာနဲ့အမျှ ပြည်တွင်းဝယ်လိုအား ကျဆင်းလာပြီးတော့ ထုတ်လုပ်သူတွေကိုပါ ကျနော်တို့ ထိခိုက်လာနေတဲ့အတွက် အထူးသဖြင့် မြန်မာ့စီးပွားရေးမှာ ဒီလယ်ယာထွက်ကုန်တွေကိုပဲ ပြည်ပပို့ကုန် အဖြင့် ဒီကနေ့ အားထားနေကြ ရတဲ့အတွက် တောင်သူလယ်သမားတွေ ထိခိုက်မူအထိုက် အလျောက်ရှိခဲ့ ပါတယ်။ အဲဒီတော့ တောင်သူ လယ်သမား ထိခိုက်မူ မရှိအောင် နည်းလမ်းတွေရှာဖွေပြီးတော့ ကျနော်တို့ ဆောင်ရွက်ဖို့ရှိနေပါတယ်။"

"ဒီမှာတော့ ကျနော်တို့ တပူပေါ်နှစ်ပူဆင့် ဆိုသလို ရာသီဥတုဖောက်ပြန်ပြီးတော့ တနိုင်ငံလုံး မိုးသည်း ထန်းစွာ ရွာသွန်းခဲ့တဲ့အတွက် အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှာရှိတဲ့ မြို့နယ်တချို့မှာ ရေကြီးနစ်မြုပ်တဲ့ အန္တရာယ်ကို ဒီကနေ့တိုင် ကျနော်တို့ ကြံုတွေ့ နေရဆဲဖြစ်ပါတယ်။ ကျနော်တို့ ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတို့နဲ့အတူ စေတနာရှင် ပြည်သူများ တပ်မတော်သားများရဲ့ကူညီစောင့်ရှောက်မူတို့ကြောင့် အတန်အသင့် သက်သာရာရခဲ့ပါတယ်။"

"လယ်ယာများ ရေလွှမ်းမိုးမူ မဖြစ်မနေ ကြံုတွေရတဲ့ တောင်သူလယ်သမားများ အထိအနာဆုံး ဖြစ်ပါတယ်။ ယခုအခါမှာ အဲဒီတောင်သူလယ်သမားတွေကို မျိုးစပါးတွေကို ကျနော်တို့ စီမံပေးခြင်း၊ သူတို့သာမက တောင်သူ လယ်သမား အားလုံးကိုလည်းပဲ စိုက်စရိတ် ယခင်တုန်းက ကျနော်တို့ တဧကကို ကျပ်နှစ်သောင်း လောက်ပဲ ကျနော်တို့ ထုတ်ပြီးတော့ ချေးနိုင်ခဲ့ပါတယ်။ ယခုအခါမှတော့ ကျနော်တို့နှစ်ဆတိုးပြီး တော့မှ တဧကကို ကျပ် ၄ သောင်းအထိ နိုင်ငံတော်က နေပြီးတော့ တိုးပြီးတော့ ထုတ်ချေးပေးတဲ့အပြင် ပုဂ္ဂလိက ငွေစု၊ ငွေချေး အသင်းလေးတွေကို ကျနော်တို့ ထူထောင်တဲ့ အတွက်ကြောင့်ဒီအသင်းလေးတွေကနေပြီး တော့လည်း ဒီချေးငွေတွေကို ပါဝင်ကူညီပြီးတော့ ဆောင်ရွက်ပေးခဲ့ပါတယ်။"

"အဲဒီတော့ ဒီလယ်သမားတွေ စပါးပေါ်ချိန်မှာ သူတို့တွေ အရှုံးမပေါ်စေရဖို့အတွက် ကျနော်တို့ မနေ့ကပဲ တိုင်ပင်ကြပါတယ်။ ကျနော်တို့ အစိုးရနဲ့ ဆန်ကုန်သည်ကြီးများ ဖက်စပ်ပေါ့လေ တယောက်တဝက်စီ ငွေကြေးစိုက်ထုတ် ပြီးတော့ လယ်သမားတွေ မရှုံးရအောင် အခြေခံ စျေးနှုန်းကို ကျနော်တို့သတ်မှတ်ဝယ် ယူပြီးတော့ နိုင်ငံတော်ရဲ့ အရန်ဆန်အဖြစ်နဲ့ ထားရှိဖို့ အစီအစဉ်တရပ်ကို ကျနော်တို့ စီမံထားပြီးဖြစ်ပါတယ်။ အဲတော့ နိုင်ငံတော်ရဲ့ အရန် ဆိုတာလည်း ကျနော်တို့ ဒေသတွင်းရဲ့ အရန်ဆန်ဖြစ်ပါတယ်။ အဲတော့ ပြည်ပထုတ်ကုန်ပို့တဲ့ ကုန်သည်ကြီးများ ပို့ကုန်ကျဆင်းမသွားစေဖို့နဲ့ ဒေါ်လာစျေး ကျဆင်းမူပေါ်မှာထိခိုက် နစ်နာမူတွေ သက်သာစေဖို့ ဆိုပြီးတော့ ယခင် ကျနော်တို့ အခွန်အကောက်အဖြင့် ကုန်သွယ်ခွန် ၈ ရာခိုင် နှုန်း ကောက်ခံနေရာ ကနေ မကြာခင်ရက်ပိုင်းအတွင်းမှာ ၅ ရာခိုင်နှုန်းအထိ ကျနော်တို့လျော့ပေးလိုက်ပါ တယ်။"

"အခုအခါမှတော့ ကျနော်တို့ အားလုံး လျော့ပေးပြီးပါပြီ။ ဒီကုန်သွယ်ခွန်ပေးရန် မလိုတော့ဘဲနဲ့ လွတ်လပ်စွာ ကုန်သွယ်နိုင်အောင် နိုင်ငံတော်ကနေပြီးတော့ စီမံပေးခဲ့ပါတယ်။ အဲတော့ ကျနော်တို့ စာရင်းဇယားမှာပါတဲ့ လုပ်ငန်းတွေသာမက တခြား ပို့ကုန်များနဲ့ အထည်အချုပ်လုပ်ငန်း ဒါတွေလည်း ကျနော်တို့သက်သာမူ ရအောင် စီမံပေးသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။"

"အထည်အချုပ်လုပ်ငန်းတွေဟာ ပြည်ပကနေပြီးတော့ သွင်းလာတဲ့အထည်ပေါ်မှာ ချုပ်တဲ့ လုပ်ခပဲကျနော် တို့ ရလာတာဖြစ်ပါတယ်။ ချုပ်တဲ့လုပ်ခပဲ ရသော်လည်းပဲ ဒီလုပ်ငန်းတွေမှာ မှီခိုနေကြတဲ့အလုပ် သမတွေ စက်ရုံတရုံ တရုံဆိုရင် ထောင်နဲ့ချီပြီးတော့ ရှိပါတယ်။ အဲတော့ ဒီပစ္စည်းတွေကို ဟိုပို့တယ်၊ ပိုတော့ ဟိုက ဒေါ်လာနဲ့ ငွေပေးတယ်။ ဒီလို ဒေါ်လာကို ပြည်တွင်း ရောက်တဲ့အခါမှ ကျပ်ငွေနဲ့ ကျနော်တို့လဲရပါ တယ်။ ကျပ်ငွေနဲ့လဲပြီးတော့မှ ဒီအလုပ်သမတွေကို ပေးရတာ ဖြစ်ပါတယ်။"

"အဲတော့ ဒေါ်လာစျေးကျဆင်းတာနဲ့အမျှ ကျပ်ငွေတွေက အရင်တုန်းကလို သူတို့များများစားစားမရတော့ ဘူး။ အဲတော့ မရတဲ့အခါမှာ ခုနကလို အလုပ်သမားတွေကို ငွေချေဖို့ပြုဖို့ကအစအခက်အခဲဖြစ် လာတယ်။ နောက်ဆုံး အခက်အခဲဖြစ်လာတာ များလာရင် ဘာဖြစ်မလဲဆိုတော့ စက်ရုံကို ပိတ်သိမ်းရတဲ့အခြေအနေမျိုး အထိ ရောက်သွားနိုင်တယ်။ အဲတော့ စက်ရုံပိတ်သိမ်းလိုက်ရင် စက်ရုံတရုံ တရုံမှာအလုပ် လုပ်နေတဲ့ အလုပ်သမတွေဟာ ထောင်နဲ့ချီပြီး ရှိသလိုပဲဒီအလုပ်သမတွေကူညီပေးနေကြတဲ့လူ တွေက လည်းပဲ များစွာရှိပါတယ်။ ဒီဟာလည်း အင်မတန်မှ ထိခိုက်နစ်နာ သွားနိုင်တဲ့အတွက်ကြောင့် ဒီ အထည်ချုပ်လုပ် ငန်းတွေကို သက်သာမှုရအောင် ရက်ပိုင်းအတွင်းမှာပဲ ဒါတွေကို စီစဉ်ပေးဖို့အတွက် အသိပေးပြောကြားလို ပါတယ်။"

"အဲဒီတော့ ဒီဒေါ်လာငွေကြေးဂယက်ဟာ ဘယ်အတိုင်းအတာထိ ရိုက်ခတ်နေတာလဲဆိုတာ ဒါကိုကျနော်တို့ မျှော်မှန်းလို့ မရပါဘူး။ သို့သော်လည်းပဲ ဒါတွေကို ကြိုတင်တွက်ဆ ပြီးတော့မှ ကျနော်တို့အစိုးရပိုင်းက ရောပြည်သူတွေ အပိုင်းကပါ သတိရှိရှိနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြဖို့ လိုပါတယ်။ ပြည်ပကို ကျနော်တို့ ကုန်ပစ္စည်းတွေ မပို့ရသည့်တိုင်အောင် တခုကောင်းတာက ကျနော်တို့ တိုင်းပြည် အတွက် ပြည်တွင်းမှာနေဖို့ စားနပ်ရိက္ခာ ပြည်စုံဖူလုံစွာ ကျနော်တို့ ရှိနေပါတယ်။ ပြည့်စုံဖူလုံစွာရှိနေတဲ့ အတွက် ပြည်သူများအတွက်တော့အထူး စိုးရိမ်ပူပန်စရာ ကျနော်တို့ မရှိပါဘူးလို့ ပြောကြားလိုပါတယ်။"

"သို့သော်လည်းပဲ ပြည်ပသွင်းကုန် တချို့ကိုတော့ ကျနော်တို့ စီစီစစ်စစ်နဲ့ သွင်းကြရမှာ ဖြစ်တဲ့ အတွက် ကြောင့် မလိုအပ်တာတွေရော လိုအပ်တာတွေရော ချွေတာသုံးစွဲကြဖို့ ကျနော်တို့ လိုပါတယ်။ အထူးသဖြင့် ပြန်ကြည့်လိုက်တဲ့ အခါမှာ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ပြီးခဲ့တဲ့ နှစ်ကဆို ဒေါ်လာ သန်း ၅ဝ ဖိုးလောက် ကျနော်တို့ သွင်းရပါတယ်။ ပြည်ပသွင်းကုန်တချို့ကို ကျနော်တို့က စိစိစစ်စစ်နဲ့ လုပ်ကြပြုကြရမှာ ဖြစ်တဲ့ အတွက်ကြောင့် မလိုအပ်တာတွေကို ခြိုးခြံချွေတာ သုံးစွဲကြဖို့ကိုလည်း ဒါလည်းကျနော်ပြောကြားလိုပါ တယ်။"

"တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် ဆိုသလိုပါပဲ။ ကျနော်တို့ အစိုးရသစ် တက်လာတဲ့ မကြာခင်မှာပဲ ကချင်ပြည်နယ်မှာ KIO, KIA အဖွဲ့တွေနဲ့ ပြဿနာဖြစ်ခဲ့ရပါတယ်။ ဒါကိုလည်းတက်ရောက်လာကြတဲ့လူတွေ အားလုံး အသိပဲဖြစ်ပါတယ်။ အမှန်ကတော့ ဒီအဖွဲ့ဟာ ကချင်ပြည်နယ်မှာရှိတဲ့ ပြည်သူလူထုကိုကိုယ်စားပြု တဲ့အဖွဲ့ မဟုတ်ပါဘူး။"

"ကချင်ပြည်နယ်မှာ နိုင်ငံတော်ရဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကို ဖျက်လိုဖျက်ဆီးလုပ်ရာကနေ ပြီးတော့မှ ဒီပြဿနာ စတင်ပြီး ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အခုအခါမှာ ကျနော်တို့ ဗန်းမော်ခရိုင် အတွင်းမှာ လမ်းတွေ၊ တံတားတွေ၊ လျှပ်စစ်တာဝါတိုင်တွေ၊ ဒါတွေ ဖောက်ခွဲခံခဲ့ကြရတဲ့အတွက် တော်တော်များများ ပျက်စီးကုန်တာ ရှိပါတယ်။ ဒါတွေပျက်စီးတဲ့အတွက် ဘယ်သူတွေ ဒုက္ခရောက်ကြရသလဲဆိုရင်လောလော ဆယ်ကတော့ ကချင်ပြည်နယ်မှာနေထိုင်ကြတဲ့ တိုင်းရင်းသားတွေပဲ သွားရေး၊ လာရေး၊ ဆက်သွယ်ရေး၊ စသည်အားဖြင့် စီးပွားရေး၊ ပညာရေး တွေပါ ထိခိုက်နစ်နာကြရတာပဲဖြစ်ပါတယ်။ အခုအခါမှာဒီအန္တရာယ် တွေကို ကျနော်တို့ ကြောက်ပြီးတော့ ရှောင်တိမ်း ထွက်ပြေး နေကြတဲ့ ပြည်သူအချို့ဟာ စိုက်ချိန် ပျိုးချိန် ရောက်နေပေမယ့် မစိုက်နိုင် မပျိုးနိုင်ဘဲဖြစ်နေတဲ့ အတွက်ကြောင့် ဒီပြည်နယ်မှာတော့လာမယ့်နှစ်အတွင်း မှာ ဆန်ရေစပါးရှားပါးမှုနဲ့ ကြံုတွေ့နိုင်တယ်။"

"ဒီကချင်ပြည်နယ်နဲ့ တိုင်းရင်းသားပြည်သူတွေနဲ့ အသင်းအဖွဲ့တွေပေါ့ အသင်းအဖွဲ့ တွေဆိုတဲ့နေရာမှာ ဒီခရစ်ယာန် အသင်းတွေပါပါတယ်။ ဒီမှာ အသင်းအုပ်ဆရာတို့ဘာတို့၊ သူတို့တွေပါပါတယ်။ နောက်တခါ ယဉ်ကျေးမှု စာပေ အသင်းတွေ ပါပါတယ်။ နောက် လူမျိုးစု အသင်းအဖွဲ့လေးတွေ ပါပါတယ်။ဒီပုဂ္ဂိုလ်တွေ အနေနဲ့ စစ်ကိုရပ်စဲပေးဖို့၊ ငြိမ်းချမ်းရေး အမြန်ရယူပေးဖို့ ဆိုပြီးတော့ ကျနော့်ဆီကို စာတွေ ရေးကြပါတယ်။ သူတို့ရေးတဲ့စာတွေကိုလည်း ကျနော်တို့ နေ့စဉ် သတင်းစာတွေမှာ ဖော်ပြနေတာ တွေ့မှာဖြစ်ပါတယ်။"

"အဲဒီတော့ တဘက်က တပ်မတော်အပိုင်းကတော့ သူတို့က ကျနော်တို့ တုန့်ပြန်ပစ်ခတ်မှု တိုက်ခိုက်မှုတွေ ဒါတွေက ကျနော်တို့ သူတို့ပစ်ခတ်လာတဲ့အခါမှာ တုန့်ပြန်ပစ်ခတ်မှုကလွဲလို့ ကျန်တာ ခုနကလိုပစ်ခတ် တာတွေ တိုက်ခိုက်တာတွေ ဒါတွေ ကျနော်တို့ မရှိပါဘူး။ အဲဒီတော့ ဒီ လူသတ်မိုင်းခွဲ၊ ပြန်ပေးဆွဲ၊ ဆက်ကြေး ကောက် စတဲ့ ဒီလုပ်ရပ်တွေဟာ ဒီကနေ့ တကမ္ဘာလုံးကနေပြီးတော့ လက်မခံတဲ့အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်ပါတယ်။ အဲဒီတော့ ဒီအကြမ်းဖက်လုပ်ရပ်တွေကို မြန်မြန်ရပ်ဆိုင်းပြီးတော့ သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့ ကျနော်တို့ ဗဟိုအစိုးရအနေနဲ့ ပြည်နယ်အစိုးရကို ညွှန်ကြား ထားပြီးဖြစ်ပါတယ်။"

"အဲဒီတော့ ကချင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့လည်း ဒီငြိမ်းချမ်းရေး ဆွေးနွေးဖို့ကို ဖွဲ့စည်းပြီးတော့မှ သူတို့နဲ့ အကြိမ်ကြိမ်ဖိတ်ခေါ် ဆွေးနွေးနေတယ်လို့ ကျနော်တို့ သိရပါတယ်။ ဒီလူတွေဟာလည်း ကိုယ့်ရဲ့တိုင်းရင်း သားတွေ ဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့အနေနဲ့ စိတ်ရှည်သည်းခံပြီးတော့ ငြိမ်းချမ်းရေးအတွက်ကျနော် တို့ မျှော်လင့် စောင့်စားနေကြောင်းလည်း ပြောကြားလိုပါတယ်။ အဲဒီတော့ ဒီမှာ ကျနော်တို့ ကေအိုင်အို ကေအိုင်အေ အဖွဲ့တင် မဟုတ်ပါဘူး။ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်မှာလည်း အစိုးရကို ဆန့်ကျင် တိုက်ခိုက် နေတဲ့ လက်နက်ကိုင်အဖွဲ့အချို့ ရှိနေပါတယ်။အဲဒီတော့ဒီလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လည်း ငြိမ်းချမ်းရေးကို ရယူလိုတဲ့ ဆန္ဒရှိတယ် ဆိုရင် သက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့နဲ့ အချိန်မရွေးဆွေးနွေးနိုင် ပါတယ်။ အဲဒီတော့ ဒီကိစ္စကို ကျနော်တို့ လမ်းဖွင့်ပေးထားပြီးဖြစ်ပါတယ်။"

"ကျနော်တို့ အစိုးရ အဖွဲ့အနေနဲ့လည်း ပြည်ထောင်စု အစိုးရအဖွဲ့ အနေနဲ့တော့ တို့တာဝန်အရေး သုံးပါးကို အဓိက ထားပြီးတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ နောက်ပြီး တော့ ပြည်တွင်းမှာရှိတဲ့ သဘောထား အမြင်ချင်း မတူကြတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကိုလည်း မတူ ကွဲပြားတာတွေကို ကျနော်တို့ဘေးဖယ်ထားပြီး တိုင်းပြည်အတွက် အမှန်တကယ်အကျိုးရှိစေမယ့် ဘုံ အကျိုးစီးပွားတွေကို ပူးပေါင်းဆောင်ရွက်ကြဖို့ ကျနော်တို့ အမြဲဖိတ်ခေါ်လျက်ရှိနေပါတယ်။"

"အဲဒီတော့ အကြောင်းအမျိုးမျိုးကြောင့် နောက် ပြည်ပကိုရောက်နေ ကျနော်တို့ မြန်မာနိုင်ငံသားတိုင်းရင်း သားတွေ ကိုလည်း ပြစ်မှုတစုံတရာ ကျူးလွန်သွားတာ မရှိဘူးဆိုလို့ရှိရင် အချိန်မရွေး ပြန်လာနိုင်ဖို့ ကျနော်တို့ ဒါ စဉ်းစားပေး မှာ ဖြစ်ပါတယ်။ ပြီးတော့ ပြစ်မှုကျူးလွန်ခဲ့သည့်တိုင်အောင် ထိုက်သင့်တဲ့ ပြစ် ဒဏ်ခံယူဖို့ ပြန်လာမယ် ဆိုလို့ရှိရင်လည်း ကျနော်တို့ ဒါ သဘောထားကြီးစွာနဲ့စဉ်းစားပေးသွားမှာဖြစ် ပါတယ်။"

"အဲဒီတော့ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ ဒီရိုးသားတဲ့စိတ်စေတနာ ရှိတဲ့သူတိုင်းဟာ ကိုယ့်နိုင်ငံကို ချစ်ကြပါတယ်။ ကိုယ့်နိုင်ငံကို ကောင်းစားစေလိုကြပါတယ်။ ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင်စည်းစည်း လုံးလုံးနဲ့ နေလိုကြပါတယ်။ အဲဒီတော့ ကိုယ့်မြေ ကိုယ့်တိုင်းပြည် ကိုယ့်ဆွေမျိုးအသိုင်းအဝိုင်းကိုခင်တွယ် ကြပါတယ်။ အဲဒီတော့ ငြိမ်းချမ်းသာယာဝပြောတဲ့ လူ့ဘောင်အဖွဲ့အစည်းကြီးကို ထူထောင်လိုကြပါတယ်။ ဒါဟာကျနော်တို့အားလုံးရဲ့တူညီတဲ့ ဆန္ဒဖြစ်ပါတယ်။"

"အဲဒီတော့ ဒီ common ground ပေါ်မှာ အခြေခံပြီးတော့ ဒီငြိမ်းချမ်းသာယာတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ။ ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါ နေနိုင်တဲ့နိုင်ငံဖြစ်အောင် ဝိုင်းဝန်း တည်ဆောက်ကြဖို့ ကျနော့် အနေနဲ့ တိုက်တွန်း လိုပါတယ်။ အဲဒီတော့ နိဂုံးချုပ်အနေနဲ့ ပြောရရင် ဒီကနေ့အချိန်အခါဟာ ကျနော်တို့ ဒီမိုကရေစီစနစ်နဲ့ နိုင်ငံအသစ်ကို ကျနော်တို့ ပြန်လည်ပြီးတော့ တည်ဆောက်နေရတဲ့အချိန်ဖြစ်ပါတယ်။ အဲဒီတော့ စိန်ခေါ်မှုတွေလည်း ရှိပါတယ်။ ဒီစိန်ခေါ်မှုတွေ ရှိသလိုပဲ အခွင့်အလမ်းကောင်းတွေလည်းရှိနေ ပါတယ်။ အဲဒီတော့ ဒီစိန်ခေါ်မှုတွေကို ကျနော်တို့ ကြံ့ကြံံ့ခံကျော်လွှားပြီးတော့ ဒီကနေ့အခွင့်အလမ်းကောင်း တွေကို အရအမိ ဆုပ်ကိုင်ထားဖို့ လိုအပ်ပါတယ်။"

"အဲဒီတော့ ကျနော်တို့ နိုင်ငံရဲ့ သမိုင်းစဉ်တလျှောက်မှာ မတည်မငြိမ် မအေးမချမ်းနဲ့ ကုန်လွန် သွားခဲ့ရတဲ့ ကာလတွေကို အလွန် ကျနော်တို့ နှမြောဖို့ကောင်းပါတယ်။ အဲဒီတော့ လွတ်လပ်ရေး ရပြီးကာစကျနော်တို့ ထက် နိမ့်ကျတဲ့နိုင်ငံတွေ၊ ကျနော်တို့နဲ့ တန်းတူရည်တူရှိခဲ့တဲ့ နိုင်ငံတွေဟာ ဒီကနေ့ ကျနော်တို့ နိုင်ငံကို များစွာ ကျော်ဖြတ်သွားကြပြီဖြစ်ပါတယ်။"

"ကျနော်ပြောချင်တာကတော့ ဒီအချိန်ဟာ အချင်းချင်း ကျနော်တို့ ငြင်းခုန်နေကြရမယ့်အချိန်၊ တဦးနဲ့တဦး
တဘက်နဲ့ တဘက် အပြစ်ရှာ အပြစ်ပြောနေရမယ့်အချိန် မဟုတ်တော့ပါဘူး။ စည်းလုံးညီညွတ်ကြလို့ရှိရင် ကြီးပွားတိုးတက်နိုင်တဲ့ ရေခံမြေခံကောင်းတွေ ကျနော်တို့ တိုင်းပြည်မှာရှိပြီး ဖြစ်ပါတယ်။ အဲဒီတော့ ဒီနိုင်ငံဟာ နိုင်ငံသားအားလုံး ပိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီတော့ ကိုယ့်နိုင်ငံ ပျက်စီးဆုံးရှုံးမသွားရအောင်၊ ကိုယ့်နိုင်ငံ သေးသိမ်မသွားရအောင် နိုင်ငံသားအားလုံး ဝိုင်းဝန်းစောင့်ရှောက် ကာကွယ်သွားကြဖို့ တာဝန်ရှိ
ပါတယ်။ အဲဒီတော့ ကျနော်တို့ရဲ့ သားစဉ်မြေးဆက်အတွက် ကောင်းမွန်တဲ့ အမွေခံကောင်းတွေ၊ကောင်းမွန် တဲ့ ပတ်ဝန်းကျင်ကောင်းတွေကို တည်ဆောက်သွားကြဖို့ လိုအပ်ပါတယ်လို့ ပြောကြားရင်းနဲ့နိဂုံးချုပ်ပါ တယ်။"

Most read this week