မြန်မာအစိုးရ သတင်းစာများတွင် ဖော်ပြနေခဲ့သည့် ပြင်ပသတင်း ဌာနများအပေါ်ပုပ်ခတ်ရေးသားထား သည့် ဆောင်ပုဒ်အား ယမန်နေ့ကဖြုတ်လိုက်ခြင်း သည် အစိုးရသစ်၏အပြောင်းအလဲတရပ်ဖြစ်သော် လည်း အသွင်သဏ္ဍာန်အရ ပြောင်းလဲမှုသာ ဖြစ် ကြောင်း ပြည်တွင်းပြည်ပမြန်မာသတင်းသမား များကဝေဖန် ပြောဆိုနေကြသည်။
မြန်မာသတင်းသမဂ္ဂ ဒုဥက္ကဌ ဦးဇင်လင်းက အချိန်အတိုင်းအတာတခုအထိ စောင့်ကြည့်ရန် လိုအပ်ကြောင်းနှင့် လွတ်လပ် သည့် သတင်းမီဒီယာ ဖြစ်ရန် လုပ်ဆောင်ရန် လိုအပ်ကြောင်း ယခုလို ပြောသည်။
“ဒီလိုဖြုတ်လိုက်တယ်ဆိုပေမဲ့ အသွင်သဏ္ဍာန်အရ ပြောင်းလဲမှုတခုသာဖြစ်တယ်။ ဖမ်းထားတဲ့သတင်းသမားတွေ ကလည်း အများကြီး၊ ပြီးတော့ သတင်းစာရှင်းလင်းပွဲမှာလည်း လူတယောက်ကို မေးခွန်တခုပဲ မေးခွင့်ရှိပြီး ပြန်ဖြေထားတဲ့ အဖြေတွေကို လည်း တိတိကျကျ မဖော်ပြထားဘူး။ သတင်းစာတွေမှာ ထိန်ချန်ထားတာတွေ ရှိနေသေးတယ်။ ခိုင်ခိုင်လုံလုံ ပြောရမယ်ဆိုရင် စောသေးတယ်။ အချိန်ယူပြီး စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။”ဟု ဆိုသည်။
အစိုးရ၏ ထိုလုပ်ဆောင်ချက်မှာ ကောင်းသည့် ပေါ်လစီတစ်ခုမဟုတ်ဘဲ စာပေစိစစ်ရေးများ ဖျက်သိမ်းပေးခြင်း၊ မြန်မာအလင်း နှင့် ကြေးမုံသတင်းစာများကို ပုဂ္ဂလိကပိုင်အဖြစ်သော်လည်းကောင်း၊ ၎င်းနှင့် သက်ဆိုင်သူများအား လွှဲပြောင်းပေးပြီး သတင်း ပြန်ကြားရေးအဖွဲ့၏ ၀ါဒဖြန့်ချိရေး ပြုလုပ်နေမှုများကို ရပ်ဆိုင်းပစ်ရန်လိုအပ်ကြောင်း လည်း ဦးဇင်လင်းက ဆက်ပြောသည်။
စစ်အစိုးရလက်ထက်ကတည်းက အစိုးရသစ်တက်သည်အထိ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများ၏ နောက်ဆုံးစာမျက် နှာတွင် ပြည်သူ့ဆန္ဒ သဘောထား ၄ချက်အပြင် “VOA, BBC ရန်တိုက်ပေးနေသည်၊ RFA, DVB သွေးထိုးနေသည်၊ ခလောက် ဆန် အကောက်ကြံ လေလှိုင်းသံ လူသတ်သမား၊ နားမယောင်လေနဲ့ သတိထား” ဆိုသည့်ဆောင်ပုဒ်များကို နေ့စဉ် ထည့်သွင်း ဖော်ပြနေသည်။
ထိုင်းနိုင်ငံအခြေစိုက် DVB သတင်းဌာန တာဝန်ခံ ဦးတိုးဇော်လတ်က “ကျနော့်အနေနဲ့ ပြောရရင် နဲနဲတော့ တိုးတက်လာတယ် ပဲ ပြောရမှာပေါ့။ ဒီဆောင်ပုဒ်ဖြုတ်လိုက်ရုံနဲ့တော့ သတင်းမီဒီယာကို ပြောင်းလဲလာမယ်လို့တော့ ပြည့်ပြည့်ဝဝ ယုံကြည်လို့ မရ သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုအထိလည်း အစိုးရအနေနဲ့ မလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ထားရှိနေတုန်းပဲ။ နောက်ပြီး ပြင်ပမီဒီယာသမားတွေကိုလည်း ဖော်ထုတ် ဖမ်းဆီးမှုတွေ ပြုလုပြ်ပီး ထောင်ချနေတုန်းပဲလေ။ ဒါကြောင့် ဒီမလိုအပ် တဲ့ စာပေဥပဒေကြီးကို ဖယ်လိုက်ပြီးပြင်ပသတင်းသမား တွေကို လွတ်လပ်စွာ ရေးသားခွင့်ပြုလိုက်မယ်ဆို ပိုကောင်းပါလိမ့် မယ်။”ဟု သူ၏အမြင်ကို ပြောသည်။
မြန်မာအစိုးရသစ် တက်လာပြီးနောက် စီးပွားရေးကဏ္ဍ ပြောင်းလဲမှုများရှိလာသော်လည်း မီဒီယာကဏ္ဍမှာ ပြောင်းလဲရန် များ စွာ လိုအပ်သေးကြောင်းလည်း အမည်မဖော်လိုသူ ပြည်တွင်းအယ်ဒီတာတစ်ဦးကသုံးသပ်ပြော ဆိုလိုက်သည်။
၎င်းက “အစိုးရအနေနဲ့ ပြည်ပသတင်းမီဒီယာတွေကို ရန်သူလို့ သဘောထားတဲ့ အနေအထားကနေလျော့သွား တယ်လို့တော့ ဆိုနိုင်ပါတယ်။ လတ်တလော အခြေအနေအရ အစိုးရအနေနဲ့ စီးပွားရေးမှာ အများကြီးအပြောင်း အလဲတွေတော့ ရှိလာပေမဲ့ ပြည်ပမီဒီယာသမားတွေ ပြည်တွင်းဝင်ခွင့် မရရှိသေးဘူး။ပြည်တွင်းထဲမှာ ဆိုလည်း ပုဂ္ဂလိက သတင်းဌာနတွေ နေ့စဉ်သတင်း စာ ထုတ်ခွင့်မရှိသေးဘူး။ အဲ့ဒါကြောင့် ပြည်တွင်းမှာ အစိုးရရဲ့ သတင်းမီဒီယာ ပြောင်းလဲမှုတွေက အများကြီး လုပ်ဆောင်ဖို့ လိုအပ်သေးတယ်။”ဟု ပြောသည်။
အစိုးရသတင်းစာတွင် အဆိုပါဆောင်ပုဒ် ထည့်သွင်းခြင်းဖြင့် ပြင်ပမီဒီယာသမားများကို တိုက်ခိုက်နေသည့် လုပ်ရပ်များမှာ အစိုးရ၏ တဖက်စောင်းနင်းလုပ်ရပ်သာဖြစ်ပြီး မြန်မာလူထုနှင့် သတင်းမီဒီယာအကြားယုံကြည်မှု ဖြစ်မည်ကို စိုးရိမ်သည့်ဝါဒ ဖြန့်မှုသာဖြစ်ကြောင်း မဇ္စျိမသတင်းဌာန အယ်ဒီတာ ကိုစိန်ဝင်းက အခုလို ပြောသည်။
“သူတို့က ပြည်ပမီဒီယာ ဖြစ်တည်မှုကို နားလည်တယ်။ ပြင်ပမီဒီယာတွေရှိနေရတဲ့အကြောင်းကိုလည်းနားလည် တယ်။ သို့ပေ မဲ့ လူထုကို ဒီမီဒီယာတွေအပေါ်မှာ မကောင်းမြင်လာအောင် ကြိုးစားတဲ့ ခပ်တုံးတုံး ၀ါဒဖြန့်နည်းပဲ။ အခုအဲ့ဒါဟာ ရုပ်ဆိုးပန်း ဆိုးဖြစ်တယ်လို့ မြင်လာပြီး ဖြုတ်တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ Slogan တွေ မတွေ့ရတာ စိတ်ချမ်းသာတယ်။”ဟု သူက ဆို သည်။
ပြည်ပမီဒီယာများအား ပုတ်ခတ်ဝေဖန်ထားသည့် ဆောင်ပုဒ်ကို ၂၀၀၇ခုနှစ်၊ စက်တင်ဘာလ၌ ဖြစ်ပွားခဲ့့သည့် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုနောက်ပိုင်း စစ်အစိုးရက နိုင်ငံပိုင် သတင်းစာများတွင် စတင် ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။