စိတ်ရှည်လက်ရှည် လက်တွဲခေါ်ယူနေတယ်ဆိုတာ ဘယ်ကိုလဲ

စိတ်ရှည်လက်ရှည် လက်တွဲခေါ်ယူနေတယ်ဆိုတာ ဘယ်ကိုလဲ
by -
တူမောင်ညို

အစိုးရသစ်ရဲ့ ပွဲဦးထွက် သတင်းစာရှင်းလင်းပွဲ ဖြစ်တယ်။ အကွက်ချပြင်ဆင်ထားတာလည်း ဖြစ် တယ်။ ဒီတော့ သတိထားပြီး ဖတ်ရှုလေ့လာပါတယ်။

(၁/၂၀၁၁) သတင်းစာရှင်းလင်းပွဲ။
အစိုးရသစ်ရဲ့ ပွဲဦးထွက် သတင်းစာရှင်းလင်းပွဲ ဖြစ်တယ်။ အကွက်ချပြင်ဆင်ထားတာလည်း ဖြစ်တယ်။ ဒီတော့ သတိထားပြီး ဖတ်ရှုလေ့လာပါတယ်။

အဓိကအားဖြင့် ဘယ်လိုဦးတည်ချက်လဲ၊ ဘယ်လို အကြောင်းအရာတွေကို အဓိကထားပြီး ရှင်းလင်းတာလဲ။ ဘယ်လို စကား လုံးတွေ အသုံးပြုသွားသလဲ၊ သတင်းစာမှာ ဘယ်လိုဖေါ်ပြခဲ့သလဲ ဆိုတာကို ဂရုစိုက်မိပါတယ်။

တူညီတာက နေပြည်တော်သတင်းစာရှင်းလင်းပွဲ (၁/၂၀၁၁) နဲ့ “စိမ်းလဲ့ကန်သာတွေ့ဆုံမှု” သတင်းကို တပြိုင်နက်တည်း ဖေါ် ပြတာပါ။

မတူညီတာက ဦးကျော်ဆန်းရဲ့ ရှင်းလင်းပွဲ (၁/၂၀၁၁)ကို သတင်းစာမျက်နှာဖုံးပြည့် ဖေါ်ပြထားပြီး“စိမ်းလဲ့ ကန်သာတွေ့ဆုံမှု” ကို သတင်းစာ နောက်ကျောဖုံး (မင်းမဲ့စရိုက်ဖြင့် ဒီမိုကရေစီမရနိုင်၊ ဆူပူမှုဖြင့် ဒီမိုကရေစီမရနိုင်၊ အခြေခံဥပဒေဖြင့်သာ ဒီမိုက ရေစီ ရနိုင်သည်နဲ့ ပြည်သူ့သ ဘောထား ) အောက်တည့်တည့်မှာ အသေအချာ နေရာပေး ဖော်ပြထားပါတယ်။

သတင်းစာမှာ ဒီလိုနေရာချထားဖေါ်ပြမှုတွေဟာ ဘယ်လိုသဘောထားကို ထင်ဟပ်နေတယ်ဆိုတာ “ဝါရင့် သတင်းစာသမား ကြီးတွေ” ပို သိပါတယ်။ ပိုပြီး နားလည်ပါတယ်။ ဦးကျော်ဆန်းပြောတဲ့စကားနဲ့ ဦးအောင်ကြည် ပြောတဲ့စကားတွေမှာ ဘယ်သူ က ပိုပြီး အခရာကျတယ်၊  အရာရောက်တယ်ဆိုတာလည်းဝါရင့်သတင်းစာ ဆရာကြီး တွေ ပိုသိပါလိမ့်မယ်။

(၁/၂၀၁၁) သတင်းစာရှင်းလင်းပွဲရဲ့ ဦးတည်ချက်က KIO/KIA ကိစ္စတွေ ပင်တိုင်အကြောင်းအရာအဖြစ်ထားပြီး အခြားအ ကြောင်းအရာ ကိစ္စတွေနဲ့ ဆက်စပ်ရှင်းလင်းသွားတာပဲ ဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲရဲ့နာမည် အပြည့်အစုံက အခုလိုပါ။

“ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို အခြေခံဥပဒေနှင့် အညီ ပြောင်းလဲ ရပ်တည်နိုင်စေရေးအတွက် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ (၁/၂၀၁၁)” 

ဒီနေရာမှာ အဓိက သတိပြုသင့်တဲ့စကားရပ်က “ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုခဲ့ပြီးနောက်---အခြေခံဥပဒေ နှင့်အညီ ပြောင်းလဲရပ်တည်နိုင်စေရေး--- နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှု“ ဆိုတဲ့ စကားရပ်တွေပဲ ဖြစ်ပါတယ်။

စကားလုံးအသုံးအနှုန်း ကိစ္စမှာလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့အသုံး အနှုန်းတဲ့ စကားလုံး ပြောင်းလဲသွားတယ်။ ယခင်ကလို “အထူးဒေသ” ဆိုတာတွေ မသုံးတော့ဘူး။ “KIA (ကချင်) အဖွဲ့၊ UWSA (ဝ) အဖွဲ့၊ NDAA (မိုင်းလား)အဖွဲ့၊ NMSP (မွန်)အဖွဲ့နဲ့ KNU (ဦးဌေးမောင်)အဖွဲ့”လို့ ဆိုပြီးသုံးလာ တယ်။ အသုံးအနှုန်း ပြောင်းလဲလာတယ်ဆို တာ သဘောထား ပြောင်းလဲလာလို့ပဲ မဟုတ်လား။

နောက်တစ်ခုက ယခင် အစိုးရအဆက််ဆက်နဲ့ မတူဘဲ ပြောင်းလဲကျင့်သုံးလာတယ်လို့ဆိုတဲ့ “စေတနာအရင်းခံတဲ့၊ ပျော့ ပြောင်းတဲ့ နည်းဗျူ ဟာ” ဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။ ပြောင်းလဲ ကျင့်သုံးလာတယ်လို့ ဆိုတဲ့“စေတနာအရင်းခံ တဲ့၊ ပျော့ပြောင်းတဲ့နည်းဗျူဟာ” ဆိုတာကို ဦးကျော်ဆန်းပြောတဲ့ စကားအပြည့်အစုံက ဒီလို -

- “အဲဒီလို ကြိုးပမ်းတည်ဆောက်ရာမှာလည်း ယခင် အစိုးရအဆက်ဆက်က ကျင့်သုံးခဲ့တဲ့ “ငြိမ်းချမ်းရေး တည် ဆောက်ဖို့ဆိုရင် သောင်းကျန်းသူများအနေနဲ့ ပထမဦးစွာ လက်နက်ချ အလင်းဝင်ပါ။ ဒီလိုလက်နက်ချအလင်းဝင် လာသူတွေ အတွက် ပြန်လည်ထူထောင်ရေးကို နိုင်ငံတော်က တာဝန်ယူမယ်“ ဆိုတဲ့နည်းကို မကျင့်သုံးဘဲ…

- “ဥပဒေဘောင်အတွင်းကိုသာ အရင်ဝင်ခဲ့ပါ။ နှစ်ဖက်အပစ်အခတ် ရပ်စဲထားမယ်။ လက်နက်များကိုလည်း ဆက် လက် ကိုင်ဆောင်ခွင့်ပေးထားမယ်၊ ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို နိုင်ငံတော်က တာဝန်ယူ တည်ဆောက်ပေးမယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း ပူးပေါင်းဆောင်ရွက်ပါ။ နှစ်ဖက်နားလည်မှုတည်ဆောက် ကြမယ်” ဆိုတဲ့ စေတနာ အရင်းခံတဲ့၊ ပျော့ပြောင်းတဲ့နည်းဗျူဟာကို ပြောင်းလဲ ကျင့်သုံးဆောင်ရွက် ခဲ့ပါတယ်“

- “အဲဒီလိုတည်ဆောက်ခဲ့တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး (၁၇)ဖွဲ့နဲ့ အဖွဲ့ငယ်ပေါင်း (၂၃)ဖွဲ့တို့ ဥပဒေ ဘောင်အတွင်း ဝင်ရောက်ခဲ့ကြပါတယ်။ ဒါဟာ ခေတ်အဆက်ဆက် ဘယ်အစိုးရလက်ထက်မှာမှ အောင်မြင်မှု မရနိုင်ခဲ့တဲ့ ပြည်တွင်းသောင်းကျန်းမှုပြဿနာကို တပ်မတော်အစိုးရလက်ထက်မှာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်အောင် ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်”

ယခင် အစိုးရအဆက်ဆက်က ကျင့်သုံးခဲ့တဲ့နည်းနဲ့ ဦးကျော်ဆန်းတို့ (နဝတ-နအဖ) စစ်အစိုးရကျင့်သုံးခဲ့တဲ့နည်း တွေကို ကျနော်တို့ လေ့လာကြပါစို့။

ဦးကျော်ဆန်းပြောခဲ့တဲ့ နည်းဗျူဟာ ၂ရပ်မှာ ယခင် အစိုးရအဆက်ဆက် ကျင့်သုံးခဲ့တဲ့ နည်းဗျူဟာပဲဖြစ်ဖြစ်၊ (နဝတ-နအဖ) စစ်အစိုးရ ကျင့်သုံးခဲ့တဲ့ နည်းဗျူဟာမှာဖြစ်ဖြစ် အပေါ်လွင်ဆုံးနဲ့ အထင်ရှားဆုံးအချက်က “နိုင်ငံရေးပြဿနာ”အဖြစ် အသိအ မှတ် မပြုတဲ့အချက်နဲ့  “ပြည်တွင်း သောင်းကျန်းမှုပြဿနာ”လို့သာသဘော ထားတယ် ဆိုတဲ့အချက် ဖြစ်ပါတယ်။

ဒီသဘောထားအပေါ်မှာ လက်တွေ့ကျင့်သုံးခဲ့တဲ့ (ကျင့်သုံးဆဲ)နည်းဗျူဟာကတော့ အပြုတ်တိုက်ချေမှုန်းတာနဲ့ လက်နက်ချစေ တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။

ယခင် အစိုးရအဆက်ဆက်နဲ့ ဦးကျော်ဆန်းတို့ (နဝတ-နအဖ) အစိုးရကျင့်သုံးခဲ့ ပျော့ပြောင်းတဲ့ နည်းဗျူဟာမှ ခြားနားတဲ့အ ချက်ဆိုလို့ ကြံဖန်ပြီး ပြောရမယ်ဆိုရင် “လက်နက်အရင်ချရမယ်” ဆိုတဲ့ အချက်နဲ့“လက်နက်နောက် မှချရမယ်” ဆိုတဲ့ အချက် မှာပဲ ခြားနားပါတယ်။ “လက်နက်ချရမယ်” ဆိုတဲ့သဘောကတော့ မပြောင်းမလဲ အတူတူပဲ ဖြစ်ပါတယ်။

ဒီတော့ နှစ်ပေါင်း ၂၀ အပစ်အခတ်ရပ်စဲနိုင်ခဲ့ပေမယ့် ဒီကနေ့အထိ တည်တံ့ခိုင်မြဲတဲ့  ငြိမ်းချမ်းရေး မရနိုင်သေး တာပဲ ဖြစ်တယ်။ ယခင် အစိုးရအဆက်ဆက်လည်း မရခဲ့ဘူး။ (နဝတ-နအဖ) စစ်အစိုးရ လက်ထက်မှာလည်း မရခဲ့ဘူးဆိုတာ အခုဖြစ်ရပ်တွေ က ဖေါ်ပြနေပြီပဲ။ ယခင် အစိုးရအဆက်ဆက် လက်ထက်တွေမှာလည်း အဖွဲ့အစည်းအလိုက် လက်နက်ချတာတွေ၊ အစုလိုက် အပြံုလိုက် လက်နက်ချခဲ့တာတွေ (၁၉၅၈ ကာလမှာ) ရှိခဲ့ဖူးတာပဲ။

(နဝတ-နအဖ) လက်ထက်မှာ “(၁၅)ဖွဲ့က နိုင်ငံတော်သို့ အပြီးအပိုင် လက်နက်စွန့်လွှတ် အပ်နှံခဲ့တယ်။ အဖွဲ့ (၅)ဖွဲ့က နယ် ခြားစောင့်တပ် (BGF) ပြောင်းလဲခဲ့ကြပြီး အဖွဲ့ (၁၅)ဖွဲ့က ပြည်သူ့စစ်အဖြစ် အသွင်ကူးပြောင်းနိုင်ခဲ့တယ်” ဆိုတာ ဘာမျှမဆန်း ပါဘူး။ ဒါတွေဟာ တကယ့်ငြိမ်းချမ်းရေးမဟုတ်ဘူး ဆိုတဲ့အချက်ကိုတောင် သက်သေပြ နေသလို ဖြစ်နေပါသေးတယ်။

ရှင်းလင်းထင်ရှားနေတာက ဘယ်ခေတ်မှာမှ၊ ဘယ်အစိုးရလက်ထက်မှာမှ လူမျိုးစုံ ပြည်သူတစ်ရပ်လုံးကလိုလား တောင့်တနေ တဲ့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး မရရှိခဲ့သေးတဲ့အချက် ဖြစ်ပါတယ်။

တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဆိုတာက တန်းတူရည်တူရှိတဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှသာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ အပစ်ရပ်ခဲ့တဲ့ နှစ် (၂၀)ကျော်အတွင်းမှာလည်း (နဝတ-နအဖ)စစ်အစိုးရ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ နိုင်ငံ ရေးအရ တန်းတူရည်တူ မဆွေးနွေးခဲ့ဖူးပါဘူး။ 

အပစ်အခတ်ရပ်စဲရေး ပေါ်ပေါက်လာရတာကလည်း ဗမာပြည်ကွန်မြူနစ်ပါတီကို ဖြိုခွဲရာကနေ ပေါ်ထွက်လာတဲ့ အကျိုးဆက် ဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီ ပြိုကွဲရင် ပြီးရောဆိုတဲ့ “တစ်နပ်စားဗျူဟာ”နဲ့ “အထူးဒေသ”တွေ ဖေါ်ထုတ်ခဲ့တာပါ။

ဒါကြောင့် “အဖွဲ့အစည်း၊ နယ်မြေနဲ့ ကျည်ဆံတစ်တောင့်၊ လက်နက်တစ်လက် အပ်စရာမလိုဘူး”ဆိုတာဖြစ်လာ တာပါ။ ဗမာ ပြည်ကွန်မြူနစ်ပါတီ ဦးဆောင်မှုကို ဖယ်ရှားခဲ့သူတွေကို အဓိက ပစ်မှတ်ထားခဲ့တဲ့ ဗျူဟာလည်း ဖြစ်ပါတယ်။

ဒီဗျူဟာကို  (နဝတ) စစ်အစိုးရဟာ အခြားတိုင်းရင်းသား အဖွဲ့အစည်းတွေဘက်သို့ ၁၉၉၀ ရွေးကောက်ပွဲပြီး တဲ့နောက်မှ တိုးချဲ့ ကျင့်သုံးလာခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲမှာ (နဝတ) စစ်အစိုးရတွက်ကိန်း အတွက် အနိုင်ရခဲ့ရင် ဒီပေါ်လစီ ဟာ တမျိုးတဖုံ ပြောင်းလဲသွားစရာ ရှိပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီမှ နောက်ဆုံးခွဲထွက်ခဲ့တဲ့ (၁၀၁) စစ်ဒေသ စခုန်တိန့်ယိန်းနဲ့ အပစ်အခတ်ရပ်စဲခဲ့တာ (၁၉၈၉ ဒီဇင်ဘာ ၁၅)ရက်နေ့ ဖြစ်ပါတယ်။

(၁၉၉၁ ဇန်နဝါရီ ၁၁ရက်)မှာ ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ(၅) KDA (ယခင် KIA တပ်မဟာ ၄)နဲ့ အပစ်အခတ် ရပ်စဲ ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(NDF) မူလအဖွဲ့ဝင်တွေဖြစ်တဲ့ (KIO)နဲ့ အပစ်အခတ် ရပ်စဲခဲ့တာ(၁၉၉၄)၊ မွန်ပြည်သစ်ပါတီနဲ့ အပစ်အခတ်ရပ်စဲခဲ့တာ (၁၉၉၅)မှာ ဖြစ်ပါတယ်။

ဒီလိုနေ့ရက်တွေ ဖေါ်ပြနေတာက သူတို့သဘောထားဟာ တစ်သမတ်တည်းမရှိခဲ့ဘူးဆိုတာနဲ့ သူတို့ပရိယာယ်ကို ထင်ရှားစေ ချင်လို့ပါ။

ဒီတော့ မူလကတည်းက စေတနာမမှန်တဲ့၊ မရိုးသားတဲ့ ပေါ်လစီဟာ အနှစ် ၂၀ကြာတဲ့အခါမှာ မအောင်မြင်တာ ဘာမျှမဆန်း ပါဘူး။ စေတနာအကျိုးပေးတာပဲလို့ ပြောရမှာပါ။

နိုင်ငံရေးပြဿနာ နိုင်ငံရေးနည်းအရ တန်းတူရည်တူ မဖြေရှင်းဘဲနဲ့ ပြေလည်တဲ့အဖြေကို မရနိုင်ပါဘူး။
“ထာဝရငြိမ်းချမ်းရေး” ဆိုတဲ့စကား ဗလာစကားပဲ ဖြစ်နေပါလိမ့်မယ်။ လှည့်ဖျားမှုပဲ ဖြစ်နေပါလိမ့်မယ်။ တကယ့်ငြိမ်းချမ်းမှုကို တကယ်တမ်း လိုလားရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ တန်းတူရည်တူ ဆွေးနွေးအဖြေရှာဖို့သာ ဖြစ်ပါတယ်။

အဖွဲ့ (၅)ဖွဲ့က အသွင်ကူးပြောင်းခြင်းကို လက်ခံခြင်း မရှိခဲ့ဘူးလို့ဆိုတဲ့  KNU (ဦးဌေးမောင်)အဖွဲ့ကလွဲရင် ကျန်တဲ့ အဖွဲ့ (၄)ဖွဲ့ ဟာ အဖွဲ့ကြီး (၁၇)ဖွဲ့ထဲက ဖြစ်ပါတယ်။

“နိုင်ငံတော်အနေဖြင့် KIO အဖွဲ့၏ ငြိမ်းချမ်းရေးဆိုင်ရာ တင်ပြချက်များကို အစွမ်းကုန် လိုက်လျောပြီးဖြစ် / KIO အနေဖြင့် စစ် မှန်သော ငြိမ်းချမ်းရေးကို လိုလားမှုရှိ/မရှိ မိမိကိုယ်မိမိ ဆန်းစစ်ရန်လို”တယ်လို့ ဦးကျော်ဆန်းက ဝမ်နိန် (warning) ပေးထားပါ ပြီ။ KIO တစ်ဖွဲ့ထဲကိုပဲ သီးသန့်ရည်ရွယ်ပြီး ပြောတာမဟုတ်ပါဘူး။ အားလုံးကို ပေးတဲ့ “ဝမ်နိန်”ဖြစ်ပါတယ်။

ဦးကျော်ဆန်းပြောနေတဲ့ “စေတနာအရင်းခံတဲ့၊ ပျော့ပြောင်းတဲ့နည်းဗျူဟာ” ဆိုတာတွေဟာ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ဆိုတဲ့ “ဘောင််”ထဲကို အသာတကြည် ဝင်ရောက်လာစေဖို့ ဖြစ်ပါတယ်။

“စေတနာအရင်းခံနဲ့ သဘောထားကြီးစွာ စိတ်ရှည်စွာ စေ့စပ်ညှိနှိုင်း လိုက်လျော ဆောင်ရွက်နေတာတွေ”ဟာ  ဖွဲ့စည်းပုံ အခြေ ခံဥပဒေ (၂၀၀၈) ဆိုတဲ့ “ဘောင််”ထဲကို ဝင်ရောက်လာစေဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဖွင့်ပေးထားတဲ့ အပေါက်က ဝင်လာခဲ့ကြပါ ဆိုတာကလည်း ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)ဘောင်ထဲ ဝင်ရောက်လာဖို့ ဖြစ်ပါတယ်။ တခြားလမ်း ဖွင့်ပေးမထားပါဘူး။

“NLD ဟာ နိုင်ငံရေး ဆောင်ရွက်မယ်ဆိုပါက တရားဝင်ပါတီ ထူထောင်ခွင့်ရအောင် ဥပဒေနဲ့အညီ လုပ်ဆောင် ရမှာပဲ” ဆိုတဲ့ စကားကလည်း တရားဝင်ပါတီထောင်မှ နိုင်ငံရေးလုပ်ဆောင်ခွင့် ရှိမယ်လို့ ပြောလိုက်တာပါ။

ဥပဒေနဲ့အညီ မှတ်ပုံမတင်ဘဲ နိုင်ငံရေး လုပ်ခွင့်မပြုဘူးလို့လည်း အဓိပ္ပါယ် သက်ရောက်ပါတယ်။တွေ့ဆုံဆွေးနွေး နေ တယ်၊ စေ့စပ်ရေးစကား ပြောဆိုနေတယ်ဆိုတာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ကို လက်ခံလာ စေဖို့သာလျှင် ဖြစ်ပါတယ်။

ဦးအောင်ကြည် တွေ့ဆုံနေတယ် ဆိုတာကလည်း ဒီဦးတည်ချက်အောက်ကနေ ဒီလိုသဘောထားအခြေခံတွေနဲ့ တွေ့ဆုံနေ တာ ဖြစ်ပါတယ်။

ဦးကျော်ဆန်းက သပ်သပ်၊ ဦးအောင်ကြည်က သီးခြား၊ သူတို့ချင်း “ကွဲပြား”နေကြတာ မဟုတ်ပါဘူး။ စနစ်တကျ တာဝန် “ခွဲ ခြား”ပြီး ကိုင်တွယ်နေကြတာဖြစ်ပါတယ်။ ဒီလို ခွဲခြားပြီး လုပ်နေတာတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲ ဘောင်ထဲ ဝင်လာစေ ရေး ဆိုတဲ့ ပင်မလုပ်ငန်းကြီးရဲ့ အခက်အလက်များ၊ အကိုင်းအခက်များသာ ဖြစ်ပါတယ်။

သူတို့ ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ထဲကပဲ ဖြစ်တယ်။

ဒါကြောင့် ဦးသိန်းစိန် သမ္မတအစိုးရကတော့ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းတွေကိုပဲဖြစ်ဖြစ်၊ ဒီမိုကရေစီ အင်အားစု တွေကိုပဲဖြစ်ဖြစ် (အခြေခံဥပဒေကို လက်မခံနိုင်သေးတဲ့သူတွေအဖြစ် သဘောထားပြီး)ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်ထဲ စိတ် ရှည်လက်ရှည် လက်တွဲ ခေါ်ယူနေတာ ဖြစ်ပါတယ်။