ကျောင်းလှူပြီး ထိန်းသိမ်း စရိတ် မထောက်ပံ့ သဖြင့် ကျောင်းသားများထံမှ ငွေကောက်

ကျောင်းလှူပြီး ထိန်းသိမ်း စရိတ် မထောက်ပံ့ သဖြင့် ကျောင်းသားများထံမှ ငွေကောက်
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ ကျောင်းဆောင်သစ်ဆောက် လုပ် လှူဒါန်းသော်လည်း အဆိုပါ ကျောင်းပြုပြင် ထိန်းသိမ်းစရိတ်ကို ထောက်ပံ့ပေးမူ မရှိသဖြင့် ကျောင်းကော် မီတီမှ ကျောင်းသားများထံမှ ငွေ ကောက်ခံနေကြောင်း သတင်း ရရှိသည်။

အဆိုပါ ကျောင်းမှာ ကျောက်ဖြူ အလက ၂ ဖြစ်ပြီး ကျောင်းသား တစ်ဦးလျှင် ကျပ် ၃၅၀၀ နုန်းဖြင့် ကောက်ခံ နေကြောင်း ကျောင်းသားမိဖ တစ်ဦးက ပြောသည်။

Arakana-school-photo
" ခေတ်မှီ လှပတဲ့ အလက ၂ စာသင်ကျောင်းဆောင်ကို ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းက တည်ဆောက်ပြီး လှူဒါန်းခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းအတွက် လိုအပ်တဲ့ ပြုပြင် ထိန်းသိမ်းစရိတ်နဲ့ ကျောင်း ပရိဘောက တွေကို အစိုးရကရော၊ အဲဒီ လှူဒါန်းတဲ့ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကပါ ထောက်ပံ့ ကူညီတာ မရှိတဲ့ အတွက် အဲဒီငွေတွေကို ကျောင်းအကျိုးတော်ဆောင်အဖွဲ့က ကျောင်းသား မိဖ တစ်ဦးဆီက ၃၅၀၀ ကျပ်နုန်းနဲ့ ကောက်ခံနေပါတယ်" ဟု သူက ပြောသည်။

ကျောက်ဖြူ အလက (၂) ကျောင်းအကျိုးတော်ဆောင် အဖွဲ့မှ ၂၀၁၁ ခုနှစ် သြဂတ်စ်လ ၁၅ ရက်နေ့ နေ့စွဲဖြင့် ရေးသားထားသော စာအမှတ် ၀၃ မျဉ်းစောင်း အထွေအထွေ ၂၀၁၁ စာအား ကျောင်းသား မိဖများသို့ဖြန့်ဝေ ရာတွင် ကျောင်းသား မိဘ တစ်ဦးလျှင် ကျပ် ၃၅၀၀ နုန်းဖြင့် ထည့်ဝင်ရန် အကြောင်းကြားခဲ့သည်ဟုသိရ သည်။

" ကျောင်းအကျိုးတော်ဆောင် အဖွဲ့က ပေးတဲ့ စာကို ဟိုတစ်နေ့က လက်ခံရရှိခဲ့ပါတယ်။ တတ်နိုင်တဲ့ ကျောင်းသား မိဖ ၃၀၀ က ကောက်တယ်လို့ ပြောပေမယ့် မိဖတွေ အကုန်လုံးက ကောက်ပါတယ်။ ဆင်းရဲတဲ့ ကျောင်းသားတွေလည်း မျက်နာငယ်တဲ့ အတွက် မိဖတွေကို ပူဆာကြတာကြောင့် ကျောင်းသား မိဖတိုင်းက တောင်းတဲ့ငွေကို ထည့်ဝင်နေကြရပါတယ်" ဟု သူက ဆက်ပြောသည်။

အဆိုပါ ကျောင်းတွင် ကျောင်းသားပေါင်း ၁၃၀၀ ခန့်ရှိပြီး ကျောင်းသားမိဖ ၉၀၀ ခန့်ရှိကြောင်း ကျောင်းနှင့် နီးစပ်သူ ဒေသခံ တစ်ဦးက ပြောသည်။ အဆိုပါ ကျောင်း၏ ကျောင်းဆောင်သစ်အား ၂၀၁၁ ခုနှစ် မတ်လ ၂၆ ရက်နေ့က ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ ဆောက်လုပ် လှူဒါန်းခဲ့သည်။

ကျောင်းနှင့် နီးစပ်သူ ဒေသခံက " ကျောင်းက အသစ်ဆိုတော့ မီးနဲ့ရေကို ကောင်းမွန်ဖို့လိုပါတယ်။သန့်ရှင်း ရေး နေ့တိုင်း လုပ်ဖို့လိုတယ်။ ရေက ပုံမှန် မလာရင် ဆောက်လုပ်ထားတဲ့ အိမ်သာတွေ အကုန်လုံး ပျက်စီးသွား နိုင်တယ်။ သန့်ရှင်းရေးလည်း ပုံမှန် လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ရေရဖို့မီးထွန်းဖို့လို တယ်။ မော်တာတွေကို သုံးဖို့လိုတယ်။ မီးထွန်းမယ်ဆိုရင် စက်သုံးဆီလိုတယ်။ ကျောင်းမှာက အစိုးရက ပေးတာ ဘာမှ မရှိတော့ ကျောင်းသား တွေဆီက ကောက်ဖို့ စီစဉ်ရတာ ဖြစ်တယ်လို့ သိရပါတယ်" ဟု သူကပြော သည်။

ကျောင်းသား မိဖ တစ်ဦးထံမှ ကျပ် ၃၅၀၀ စီ ကောက်ခံရခြင်းနှင့် ပတ်သက်ပြီး ကျောင်းအကျိုးဆောင် ကော်မီတီမှ အကြောင်းပြချက် (၈) ခုကို ကျောင်းသား မိဖများသို့ ပေးပို့သော စာတွင် ဖေါ်ပြထားပြီး ကျောင်းသူ ကျောင်သားများအတွက် (က) စာရင်း၊ ကျောင်းခေါ်ကြိမ် စာအုပ်များ ၀ယ်ယူရန်နှင့် သီတင်းပတ် အဟာရ ကျွေးမွေးရေး စရိတ်များနှင့် သန်းရှင်းရေး လုပ်လုပ်ခများ ပါ၀င်သည်ဟု သူက ပြောသည်။

မြန်မာနိုင်ငံ လက်ရှိ အစိုးရမှ အစိုးရ စာသင်ကျောင်းများတွင် သတ်မှတ်ထားသော တရားဝင်ကျောင်းဝင် ကြေးများမှ အပြင် တခြားကြေးများ ပေးစရာမလိုကြောင်း တရားဝင် အမိန့် ထုတ်ပြန် ထားသော်လည်း အစိုးရမှ ကျောင်းများအတွက် လိုအပ်သော အထွေထွေ စရိတ်များကို ထုတ်ပေးခြင်း မရှိသဖြင့်ကျောင်းများ တွင် လိုအပ်သော ကျောင်းသုံး ပရိဘောဂနှင့် ကျောင်းအတွက် လိုအပ်သော ပစ္စည်းများအတွက်ကျောင်းသား များထံမှ ငွေကောက်ခံလျှက် ရှိကြောင်း သိရသည်။

ယခု ကျောက်ဖြူမြို့ အလက (၂) တွင် ကျောင်းသား မိဖ တစ်ဦးစီထံမှ ၃၅၀၀ ကျပ် ကောက်ခံနေခြင်းကြောင့် ဆင်းရဲသော ကျောင်းသားမိဖများ အနေဖြင့် ငွေထည့်ဝင်ရန် အခက်တွေ့နေကြသည်ဟု သတင်း ရရှိသည်။

Most read this week