နယ်ဝေးထောင် ပြောင်းရွှေ့ခံရသူ ရခိုင်လူငယ်များကို မိသားစုများ ထောင်ဝင်စာ မတွေ့နိုင်

နယ်ဝေးထောင် ပြောင်းရွှေ့ခံရသူ ရခိုင်လူငယ်များကို မိသားစုများ ထောင်ဝင်စာ မတွေ့နိုင်
by -
မောင်ရမ္မာ

စွဲချက်အမျိုးမျိုးဖြင့် တရားစွဲခံရပြီး ထောင်ဒဏ် ၃ နှစ်မှ ၉ နှစ်ထိ ချမှတ်ခံထားရသော ရခိုင်လူငယ်များ ထဲမှ တချို့ကို နယ်ဝေးထောင် များသို့ ပို့ဆောင် ထားသဖြင့် မိသားစုများ အနေဖြင့် ထောင်ဝင်စာ သွားတွေ့ရန် အခက်အခဲရှိနေ သည်ဟုသိရသည်။

မြစ်ကြီးနားထောင်ကို ပြောင်းရွေ့ခံထားရသော ကိုကျော်ဝင်း၏ မိခင်ဖြစ်သူက ထောင်ဝင်စာ သွားတွေ့ရန် အခက်အခဲ ဖြစ်နေရကြောင်းကို ယခုလို နိရဥ္စရာသို့ ပြောသည်။

InseinPrisondtl " ထောင်ဝင်စာ တွေ့ခွင့်တော့ရပါတယ်။ ဒါပေမယ့် ကျွန်မသားက အခု မြစ်ကြီးနားထောင်ကို အပို့ခံထားရ တယ်ဆိုတော့ တခါ သွားတွေ့ဖို့ဆိုတာ မလွယ်ပါ။ ဇွန်လ ၁၄ ရက်နေ့က တခါသွားတွေ့ဖြစ်ပါတယ်။ နောက် ထပ် သွား မတွေ့ နိုင်တော့ပါဘူး။ မြစ်ကြီးနားထိ ဆိုတော့ ခရီးက ဝေးသလို သွားလာရေး စရိတ်ကလည်း မျာ တော့ သွားတွေ့ဖို့ အခက်အခဲ အများကြီး ရှိပါတယ်။ အခု ကျွန်မလေးသားလေး နေကောင်းလား။ ဘယ်လို အခြေအနေရှိတယ်ဆိုတာ မသိရဘဲဖြစ် နေပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ရခိုင်လူငယ်များထဲမှ တချို့ကို နယ်ဝေးထောင်များသို့ ပြောင်းရွှေ့ပစ်ခြင်းမှာ မိသားစုများနှင့် အဆက်အသွယ် ဖြတ်တောက်ပစ်လို၍ ဖြစ်ကြောင်း သူမက ယခုလို ပြောသည်။

" ရန်ကုန် အင်းစိန်ထောင်မှာဆိုရင် သွားတွေ့ရတာ နည်းနည်းလွယ်ပါတယ်။ အခုလို မြန်မာနိုင်ငံ မြောက်ဖက် အစွန်မှာရှိတဲ့ မြစ်ကြီးနားတို့ ဗန်းမော်ထောင်တွေကို သွားတွေ့ဖို့ဆိုတာက မရှိဆင်းရဲတဲ့ မိဘဆွေမျိုးတွေ အနေနဲ့ တနှစ်မှာ တခါ သွားတွေ့ဖို့တောင် အခြေအနေ မရှိပါဘူး။ အခုလို နယ်ဝေးထောင်ကို ပြောင်းရွေ့ ပစ်တာဟာ မိသားစုတွေကို အဆက်အသွယ် ဖြတ်ပစ်တာလို့ ကျွန်မအနေနဲ့ ခံစားရပါတယ်။"

ရခိုင်လူငယ် ၁၁ ဦး၏အမှုကို အယူခံ တင်သွင်းထားချိန်တွင် အာဏာပိုင်များက ရခိုင်လူငယ် တချိုု့ကိုနယ်ဝေး ထောင် များသို့ ပြောင်းရွှေ့ ပစ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပြောင်းရွှေ့ရာတွင် ကိုကျော်ဝင်းကို မြစ်ကြီးနားထောင်သို့၎င်း၊ ကိုထွန်းလင်းကျော် ကိုကသာထောင်သို့ ၎င်း၊ ကိုနိုင်စိုး(ကြီး) မဲလုံးကို ပခုက္ကူထောင်သို့၎င်း၊ နိုင်စိုး(ငယ်)ကို ဗန်းမော်ထောင်သို့၎င်း အသီးသီးပို့ဆောင် ထားသည်ဟု သိရသည်။

ကျန်လူငယ်များမှာ ယခု အချိန်ထိ အင်းစိန်ထောင်ထဲတွင် ရှိနေသည်ဟု သိရသည်။

နောက်ဆုံး သူတို့ အယူခံ တင်သွင်းထားသော အခြေအနေနှင့် ပတ်သက်ပြီး သူတို့၏အမှုကို လိုက်ပါဆောင် ရွက် ပေးနေသော ရှေ့နေ ဦးကျော်ဟိုးက နိရဥ္စရာသို့ ယခုကဲ့သို့ ပြောသည်။

" အမှုကို အယူခံတင်ထားတာကတော့ ကြာပါပြီ၊ တင်တဲ့ရက်ကိုတော့ အတိအကျမသိတော့ပါဘူး။ အခုထိ အယူခံ ပြန်မကျသေးပါဘူး။ အယူခံပြန်ကျဖို့ ကြာနေတာကတော့ သူတို့ရဲ့ အမှုက အလှည့်မကျသေးလို့ ဖြစ်မှာပါ။ အမှုတွဲတွေက တန်းစီရပါတယ်။ အမှုတွဲတွေက အစီအစဉ်အတိုင်း သွားနေရတော့ သူတို့အလှည့် မရောက်သေးလို့ ခုလို ကြာနေတာဖြစ်နိုင်ပါတယ်" ဟု ပြောသည်။

ရခိုင်လူငယ် ၁၁ ဦးမှာ ၂၀၀၉ ခုနှစ် စက်တင်္ဘာလက အမေရိကန်နိုင်ငံသား ကိုညီညီအောင်အား မင်္ဂလာဒုံ လေဆိပ် တွင် ဖမ်းဆီးပြီးနောက် ရန်ကုန်နှင့် စစ်တွေမြို့များမှ ဖမ်းဆီးခံရသူများဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် သူတိုးအား ဖေါက်ခွဲမှု၊ နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင် အသင်းများနှင့် ဆက်စပ်မှု စ သည့် အမှုများအပါအဝင် အမှုစုစုပေါင်း (၅)ခုဖြင့် တရားစွဲဆိုကာ ၂၀၁၀ ခု သြဂတ်စ်လ ၁၁ ရက်နေ့တွင် အင်း စိန်ထောင် အနောက်ပိုင်းခရိုင်တရားရုံးမှ ဒုတိယ (၁) ခရိုင်တရားသူကြီး ဦးမြင့်စန်းက ထောင်ဒဏ် ၃နှစ်မှ ၉ နှစ်အထိ အသီးသီးချမှတ်ခဲ့သည်။

ထောင်ဒဏ်ချမှတ်ခံရသူများအထဲမှ ကိုနိုင်စိုး (ခေါ်)မဲလုံးကို အသင်းအဖွဲ့ဥပဒေပုဒ်မ ရ ဖြင့် ၃ နှစ်၊ ဖေါက်ခွဲရေး ပစ္စည်း လက်ဝယ်ထားရှိမှုဖြင့် ၅ နှစ် စုစုပေါင်း ၈နှစ်၊ ကိုရဲထက်စိုးအား အသင်းအဖွဲ့ ဥပဒေပုဒ်မ ရ ဖြင့် ၃ နှစ်၊ ဖေါက်ခွဲရေးပစ္စည်း လက်ဝယ်ထားရှိမှုဖြင့် ၅ နှစ်၊ ဂြိုလ်တုဆက်သွယ်ရေးဖုန်းတလုံး ဖမ်းဆီးရမ်ိခြင်းဖြင့် ၁ နှစ် စုစုပေါင်း ၉ နှစ် ချမှတ်ခဲ့သည်။ ကိုထွန်းလင်းကျော်၊ ကိုခိုင်ကျော်မိုးအပါအဝင် ၆ ဦးကို အသင်းအဖွဲ့ဥပဒေ ပုဒ်မဖြင့် ၃ နှစ်၊ နယ်စပ် တရားမဝင် ဖြတ်ကျော်မှုဖြင့် ၃ နှစ် စုစုပေါင်း ၆ နှစ်စီနှင့် ကျန်လူငယ်များကို သုံးနှစ်စီ အသီးသီး ချမှတ်လိုက်ပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ ယင်းအထဲမှ လူငယ် တချို့ကို နယ်ဝေးထောင်များသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။

Most read this week