တရားမဝင် ခရီးသွားသူ မြန်မာနိုင်ငံသား ဘင်္ဂလီ ၁၅၀ ဦး ဖမ်းမိ

တရားမဝင် ခရီးသွားသူ မြန်မာနိုင်ငံသား ဘင်္ဂလီ ၁၅၀ ဦး ဖမ်းမိ
by -
နိရဥ္စရာ သတင်းဌာန

လွန်ခဲ့သော ၅ လအတွင်းက ဘူးသီးတောင်နှင့် မောင်တောဘက်မှ တရားမဝင် ခရီးသွားသူ ဘင်္ဂလီ လူမျိုး ၁၅၀ ကို ရခိုင်ပြည်နယ်တွင် ဖမ်းဆီးမိကြောင်း ယနေ့ထုတ် Seven Days ဂျာနယ် သတင်း တပုဒ်တွင် ဖေါ်ပြသည်။

ရခိုင်ပြည်နယ် သံတွဲခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူး ဦးကိုကိုမောင်ကို ကိုးကားပြီး အဆိုပါ ဂျာနယ် အွင်လိုင်း သတင်းတပုဒ်တွင် ထိုသို့ ရေးသား ဖေါ်ပြသည်။

ဖမ်းဆီးခံရသူများမှာ ဘူးသီးတောင် မောင်တောဘက်မှ နေပြီး ပြည်မထဲ ဝင်ရန် စစ်တပ် လုံခြံုရေးများ သဖြင့် သံတွဲဘက်မှနေ လှည့်ဝင်ရန် လုပ်လာကြသူများ ဖြစ်ပြီး တချို့မှာ ခရီးသည် ကားများနှင့် ပါလာတတ်သူများ ဖြစ်ကြကာ တချို့မှာ ညဘက်တွင် စစ်ဆေးရေး ဂိတ်ဘေးမှ ဆိုင်ကယ်ဖြင့် ဖြတ်မောင်းစဉ် ဖမ်းဆီးခံရသူများ ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ မတိုင်မှီက သူတို့ကို ဖမ်းမိခြင်း ဖြစ်ပြီး သံတွဲ မြို့အထွက်စာနီတောင် စစ်ဆေးရေး ဂိတ်နှင့် သံတွဲမြို့ အထွက် နေရာအချို့တွင် ငါးလခန့်အတွင်း ဖမ်းမိခြင်းဖြစ်သည်ဟု ဦးကိုကိုမောင်က ပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့မှ စပြီး တိုင်းရင်းသား မိဘနှစ်ဦးမှ မွေးဖွားခဲ့သူဖြစြ်ပီး အမျိုးသား မှတ်ပုံတင် ကိုင်ဆောင်ထားသော အစ္စလာမ်ဘာသာဝင်များအား လဝက ၏ထောက်ခံချက် မလိုဘဲ မြန်မာနိုင်ငံ အတွင်း ခရီးသွားလာခွင့် ပြုခဲ့သည်ဟု သိရသည်။

သို့သော်လည်း ထို ခွင့်ပြုချက်ထဲတွင် ရခိုင်ပြည်နယ်တွင် နေထိုင်သူ ဘင်္ဂလီများ ပါ၀င်ခြင်း မရှိဘဲ အစ္စလာမ် ဘာသာဝင် ကမန် တိုင်းရင်းသားများနှင့် ဗုဒ္ဒဘာသာ ကိုးကွယ်သူ မာရမာကြီးများသာ ထိုခွင့်ပြုချက်ထဲတွင် ပါ၀င်သည်ဟု သိရသည်။

မြန်မာ အစိုးရသည် ၂၀ဝ၂ ခုနှစ်မှ စတင်ပြီး "ဘင်္ဂလီ လူမျိုးများ ပြည်မသို့ ထိုးဖောက်ဝင်ရောက်မှု တားဆီးရေးအဖွဲ့" ကိုဖွဲ့စည်းပြီး ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် နေထိုင်သူ ဘင်္ဂလီများ၏ ပြည်မသို့ သွားရောက်ရေးကို ပိတ်ပင် တားဆီးခဲ့ပြီး ကျန်းမာရေးနှင့် ပညာရေး ကိစ္စများအတွက်သာ လဝက ၏ ထောက်ခံစာဖြင့် ခရီးသွားခွင့်ပြုခဲ့သည်။

ဘင်္ဂလီ လူမျိုးများမှာ မြန်မာ တိုင်းရင်းသားများ မဟုတ်၍ ကန့်သတ် နယ်မြေထက် ကျော်လွန် သွားလာပါက ဖမ်းဆီးမည်ဖြစ်ကြောင်း ဦးကိုကိုမောင်က ပြောကြောင်း ဂျာနယ်က ဖေါ်ပြသည်။

"တိုင်းရင်းသားမိဘနှစ်ပါးက မွေးတဲ့တိုင်းရင်းသားတွေနဲ့ အခွင်အရေး အတူတူလိုချင်လို့တော့မရဘူး" ဟု သူက ပြောသည်ဟု ဂျာနယ်က ဆိုသည်။

မြန်မာနိုင်ငံ အစိုးရမှ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် နေထိုင်သူ အစ္စလာမ် ဘာသာဝင်များကို ဘင်္ဂလာဒေချ့်မှ ခိုးဝင်လာသူများ ဖြစ်သည်ဟု ဆိုကာ ဘင်္ဂလီ အစ္စလာမ်ဟု အမျိုးသား မှတ်ပုံတင်တွင် တရားဝင် ဖေါ်ပြထားသည်။ သို့သော်လည်း ပြည်ပရောက် ဘူးသီးတောင်- မောင်တောဘက်မှ အစ္စလာမ်ဘာသာဝင်များမှာ ၎င်းတို့မှာ ဘင်္ဂလီများ မဟုတ်ဘဲ " ရိုဟင်ဂျာ" လူမျိုး ဖြစ်သည်ဟု ဆိုကာ မြန်မာနိုင်ငံတွင် တိုင်းရင်းသား အခွင့်အရေးများကို တောင်းဆိုလျှက်ရှိကြောင်း သတင်း ရရှိသည်။

Most read this week