ဂီရိ မုန်တိုင်းသင့် ဒေသတွင် ထမင်းငတ်နေသူများ ရှိနေပြီ

ဂီရိ မုန်တိုင်းသင့် ဒေသတွင် ထမင်းငတ်နေသူများ ရှိနေပြီ
by -
နိရဥ္စရာ သတင်းဌာန

မုန်တိုင်းဒဏ်ကို အဓိက ခံခဲ့ရသော မြေပုံမြို့နယ် ကျွန်းသာယာကျွန်းမှ ဒေသခံ ပြည်သူ တစ်ချို့မှာ နပ်မှန်အောင် ထမင်း မစားရဘဲ ငတ်နေကြပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

Relief-in-Rakhine-state-Burma
" ကျွန်တော်တို့ နေထိုင်နေတဲ့ ကျွန်းသာယာကျွန်းမှာ ရွာပေါင်း (၄) ရွာရှိပါတယ်။ အုန်းချောင်း၊ ပြင်ချောင်း၊ ပြင်ဝန်းနဲ့ ကျွန်းသာယာ ဖြစ်ပါတယ်။ အခု အများစု ထမင်းငတ်နေတဲ့ ရွာသားတွေက အုန်းချောင်း၊ပြင်ချောင်း နဲ့ ပြင်ဝန်း ရွာသုံးရွာက လူတွေ ဖြစ်ကြပါတယ်" ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထမင်းငတ်နေသော မိသားစု မည်မျှ ရှိသည်ကို တိတိကျကျ မသိရသော်လည်း အနည်းဆုံး မိသားစု ၂၀၀ ခန့်ရှိနိုင်ကြောင်းသူက ပြောသည်။

" ထမင်းငတ်နေတယ်ဆိုတာက နပ်မှန်အောင် မစားရတဲ့သူ၊ မနက်စားရင် ညနေ မစားရ။ ညနေစားရင် မနက်စားရတဲ့ သူတွေကို ပြောတာပါ။ လုံးဝ မစားရဘဲ နေ့စဉ် ရက်ဆက် ငတ်နေတာမျိုးတော့ မရှိပါဘူး။ အဲသလို ထမင်း ပုံမှန် မစားရဘဲ ဖြစ်နေတဲ့ မိသားစုကတော့ ကျွန်းတစ်ခုလုံးမှာ ဆိုရင် ၂၀၀ နီးပါး ရှိမယ် ထင်ပါတယ်" ဟု သူက ပြောသည်။

အဆိုးဆုံး ငတ်ပြတ်မူကို ရင်ဆိုင်နေရသော ကျေးရွာမှာ ပြင်ဝန်းအောက်ရွာ ပိုက်ဆိပ်ဖြစ်ပြီး အိမ်တိုင်းစေ ့လိုလို ပုံမှန် ထမင်း မချက်နိုင်ဘဲ ဖြစ်နေကြောင်း သူက ပြောသည်။

" ဟိုအပတ်ကတည်းက မိုးဆက်တိုက်ရွာပြီး ရေကြီးတယ်။ လေတိုက်တယ်။ ကျွန်းပေါ်မှာက အကုန်လုံး ရေလုပ်သားတွေ ဖြစ်ကြတယ်။ ဒီလို လိုင်းကြီး- ရေကြီးနေတော့ ငါးဖမ်း မထွက်နိုင်ဘူး။ ငါးဖမ်းမထွက်နိုင် တော့ ဆန်မဝယ်နိုင်ဘူး။ ဒီတော့ ငတ်တလှည့် ပြတ်တလှည့် ဖြစ်နေကြတယ်။ အများစု မိသားစုကတော့ ရှိတာတွေကို ချရောင်းပြီး စားနေကြရပါတယ်။ အခြေအနေအဆိုးဆုံးက ပြင်ဝန်း ပိုက်ဆိပ်ရွာ ဖြစ်ပါတယ်" ဟု ပြောသည်။

ထိုကဲ့သို့ ကျေးရွာသားများ အခက်အခဲ ကြံုနေရကြောင်းကို ကျွန်းသာယာမှ လူကြီး တစ်ဦးကလည်း ယခုကဲ့သို့ ပြောသည်။

" ကျွန်တော်တို့ရွာမှာလည်း လူတွေ အဆင်မပြေကြဘူး။ ပင်လယ်ထဲကို မထွက်နိုင်တော့ ငွေရှားတာကြောင့် ရွာသား အတော်များများ အခက်အခဲ ဖြစ်နေကြတယ်။ အကူအညီတွေ လိုအပ်နေပါတယ်။ အကူအညီရရင် အမြန်ဆုံး လိုချင်ပါတယ်" ဟု ပြောသည်။

အဆိုပါ ကျေးရွာတွင် ရွှေဝါထွန်း အမျိုးအစား အညံ့စား ဆန် (၃) သစ် နို့ဆီ ၁၂ဗူးကို ကျပ် ၁၀၀၀ ဖြင့် ရောင်းချနေသော ဆန်ရောင်းသူများ ရှိသော်လည်း အများစုမှာ မဝယ်စားနိုင်ဘဲ ဖြစ်နေကြကြောင်း သူက ပြောသည်။

အန်ဂျီအိုများမှ မုန်တိုင်း တိုက်စတွင် အကူအညီများ ပေးခဲ့သော်လည်း လွန်ခဲ့သော (၃) လခန့်ကတည်းက အကူအညီများကို ရပ်တန့် ပစ်ခဲ့သဖြင့် မိုးတွင်းကာလတွင် ပို၍ အခက်အခဲ ဖြစ်နေကြရသည်ဟု ရွာသားများက ပြောသည်။

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က တိုက်ခတ်ခဲ့သော ဂီရိ မုန်တိုင်းဒဏ်ကိုကျွန်းသာယာကျွန်း သည် အကြီးအကျယ်ခံခဲ့ရပြီး အဆိုပါ ကျွန်းတစ်ကျွန်းတည်းမှ လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ရသည်။

ယခုကဲ့သို့ ကျွန်းပေါ်တွင် မိသားစု အများအပြား အငတ်ဘေးနှင့် ရင်ဆိုင်နေရသော်လည်း သက်ဆိုင်ရာ အစိုးရပိုင်းမှ မည်သို့မှ ကူညီ ဖြေရှင်းပေးမူများ မရှိကြောင်း သိရသည်။

Most read this week