မာန်အောင် ကျွန်းပတ်ကားလမ်းဖေါက် အလုပ်သမားများ ၆ လကျော် လာသည့်တိုင်အောင် လုပ်အား ခမရဘဲ ဖြစ်နေ

မာန်အောင် ကျွန်းပတ်ကားလမ်းဖေါက် အလုပ်သမားများ ၆ လကျော် လာသည့်တိုင်အောင် လုပ်အား ခမရဘဲ ဖြစ်နေ
by -
မောင်ရမ္မာ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှ ကျွန်းပတ် ကား လမ်း ဖေါက်လုပ်ရာတွင် ၀င်ရောက် လုပ်ကိုင် ခဲ့သော နေ့စား အလုပ်သမားများမှာ အချိန် ၆ လ ကျော် ကြာမြင့် လာခဲ့ပြီ ဖြစ်သော်လည်း ယခုအချိန်ထိ လုပ်အားခ မရသေးဘဲ ဖြစ်နေကြောင်း သတင်းရရှိ သည်။

AB“ နွေရာသီ တပေါင်းလ ကတည်းက လုပ်ခဲ့တဲ့ လုပ်အားခကို အခုထိ မရသေးဘဲ ဖြစ်နေတယ်။ အဲဒီ လုပ်အားခ သွားတောင်းပြန်တော့လည်း အငယ်တန်း အင်ဂျင်နီယာ ဒေါ်အေးအေးနွယ်က ငွေ မရောက် သေးတဲ့ အတွက် ငွေ မရှင်းပေးနိုင်ဘူးလို့ ပြောပါတယ်။ ဒီအတွက် လူတွေဟာ သိပ်အခက်အခဲ ဖြစ်နေကြတယ်။” ဟုဆားချက် ကျေးရွာသား တဦးက နိရဥ္စရာသို့ ပြောသည်။

ကျွန်းပတ် ကားလမ်းဖေါက်လုပ်ရာ၌ လုပ်အားခ မရသေးသောသူများထဲတွင် ဆားချက်ရွာမှ လူပေါင်း ၃၀ ခန့် ပါ၀င်သည်ဟု သိရသည်။

လုပ်အားခ ရရှိရေးအတွက် သက်ဆိုင်ရာကို တိုင်တန်းရန် စီစဉ်သော်လည်း လမ်းတာဝန်ခံက ပေးမည်ဆိုပြီး လှည့်ပတ် ပြောဆို ထားသဖြင့် ယခုအချိန်ထိ အထက်ကို မတိုင်တန်းရဘဲ ဖြစ်နေကြောင်း သူကပြောသည်။

“ သက်ဆိုင်ရာကို တိုင်ဖို့ဆိုပြီးတော့ မြို့ကိုသွားခဲ့ကြပါတယ်။ ဆားချက်ရွာပိုင်းကျတဲ့လမ်းကို တာဝန်ကျတဲ့ အင်ဂျင်နီယာ ဒေါ်အေးအေးနွယ်က ဦးလေးတို့၊ အမတို့၊ အစ်ကိုကြီးတို့ ကျမ ငွေရရင် ပေးမယ်။ ဘယ်လ၊ ဘယ်နေ့ ပေးမယ်ဆိုပြီးတော့ ပြောရင်း ဒီနေ့အချိန်ထိ မပေးသေးဘဲ ဖြစ်နေတယ်။”

မာန်အောင်မြို့နယ် ကျွန်းပတ် ကားလမ်းကို အစိုးရမှ ဖေါက်လုပ်ရာတွင် နေ့စား လုပ်အားခ အဖြစ် အမျိုးသမီး တဦးကို တနေ့လျှင် ကျပ်ငွေ ၁၅၀၀၊ ကျောက်စု သမားဆိုလျှင် ကျောက်တပုံကို ကျပ်ငွေ ၂၀၀၀ ဖြင့် ခေါ်ယူ ခိုင်း စေခဲ့သည်။

အလုပ်သမား အမျိုး အစား အလိုက် လုပ်အားခရရန် အလုပ်သမား တစ်ဦးလျှင် အနည်းဆုံး ကျပ်ငွေ တစ်သောင်းခွဲမှ တစ်သိန်းအထိ ရှိသည်ဟု သိရသည်။

ယခုကဲ့သို့ လုပ်အားခ မရသည်ကို မကျေနပ်သော ကျေးရွာသားများမှာ ပြည်နယ် အဆင့်ထိ တိုင်ကြားရန် စီစဉ်နေသော်လည်း အခက်အခဲ အမျိုးမျိုးကြောင့် မဖြစ်နိုင်သေးဟု သူကပြောသည်။

“ ကျွန်တော်တို့က တောသူ တောင်သားတွေ ဆိုတော့ ရှေ့က ခေါင်းဆောင်ပြီး သွားဖို့ လူက မရှိဘူး၊ စရိတ် အကုန်အကျ ခံပြီး မြို့ကို သွားဖို့သူလည်း မရှိ၊ မြို့ကို သွားဖို့ ကားခ မပေးနိုင်တဲ့ သူတွေ ရှိနေကြတဲ့ အတွက်ကြောင့် ပြည်နယ် အဆင့်ထိ တိုင်တန်းဖို့ မဖြစ်နိုင် ဖြစ်နေကြပါတယ်” ဟုသူက ပြောသည်။

ယခုဖေါက်လုပ်ခဲ့သော မာန်အောင် ကျွန်းပတ် ကားလမ်းမှာ ၅၂ မိုင် ရှည်လျားပြီး မာန်အောင် မြို့နယ် အတွင်း တည်ရှိသော ကျေးရွာအုပ်စုပေါင်း ၃၆ အုပ်စုမှ ကျေးရွာပေါင်း ၁၀၈ ရွာကို အလွယ် တကူ သွားလာနိုင်ရန် ရည်ရွယ် ဖေါက်လုပ်ခဲ့သော လမ်းဖြစ်သည်ဟု သိရသည်။ အဆိုပါ ကျွန်းပတ်လမ်းကို ၂၀၁၁ ခုနှစ်ဖေဖေါ် ၀ါရီလ ၆ ရက်နေ့က ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

Most read this week