ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း ဌာနချုပ် ၀မ့်ဟိုင်းကို တိုက်ခိုက်နေတဲ့ အစိုးရတပ်တွေရုပ်သိမ်း သွားပြီ ဆိုပေမယ့် တပ်ရင်း(၁၀)ရင်းကျော် ကျန်ရှိ နေပြီး နေ့စဉ်လိုလို တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု SSA ကပြောသည်။
“ဒီနေ့မနက် ၆နာရီ မိနစ် ၂၀ မှာ ကျေးသီးနဲ့ မိုင်းနောင်ကြား ၀မ့်ဖိန်းရွာ အနီးမှာ SSA တောင်ပိုင်းနဲ့ မြောက် ပိုင်းပူးပေါင်းတပ်က အစိုးရတပ်ကိုဖြတ်တိုက်တာ အစိုးရတပ်က ၄ ယောက်ကျပြီး ၆ ယောက် ဒဏ်ရာရတယ်။” ဟု SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက ပြောသည်။
ထို့အပြင် ယခုလ(၈) ရက်နေ့ မွန်းလွဲပိုင်းကလည်း ၀မ့်ဟိုင်းဌာနချုပ်အနီး တစ်ဖာလုံခန့်ရှိ အစိုးရတပ်ဖွဲ့များထံ ရိက္ခာလာပို့သည့် တပ်ဖွဲ့အား မိုင်းနောင်နှင့် မိုင်းရှူး ကားလမ်းပေါ်တွင် မြောက်ပိုင်း SSA တပ်ရင်း (၈၀၁) က ခြံုခို တိုက်ခိုက်လိုက်ပြီး ရိက္ခာများကို သိမ်းယူလိုက်သည်ဟု ၎င်းက ဆက်ပြောသည်။
“မိုင်းနောင်ကနေ ကျနော်တို့ ဂိတ်နဲ့ တစ်ဖာလုံပဲ ကွာနေတဲ့ သူတို့ တပ်ကိုပေ့ါ။ အဲဒီလမ်းခွဲမှာ သူတို့ ရိက္ခာပို့ တယ်။ နောက်အဲဒီ မိုင်းရှူးကနေလည်း ပို့တယ်။ ဒါကြောင့် အဲဒီရိက္ခာပို့တဲ့ ယာဉ်တွေကို ကျနော်တို့လူတွေက လမ်းကနေ ဖြတ်တိုက်ပြီးတော့ အဲဒီရိက္ခာတွေကို ကျနော်တို့လူတွေ လုယူ လိုက်တယ်ပေ့ါ။ ၀မ့်ဆော့ကနေ အရှေ့ဖက်ပေ့ါ။ စေတီကုန်းဆိုတဲ့နေရာမှာ ခြံုခို တိုက်တာ အစိုးရတပ်က (၁၂) ဦးကျပြီး (၈) ဦးဒဏ်ရာရ တယ်ဗျ။”
အစိုးရ တပ်များက ၀မ့်ဟိုင်းဌာနချုပ်အား ပိတ်ဆို့ထားသည့် အတွက် ရေရှည်တွင် ၎င်းတို့အနေဖြင့် စားရေ ရိက္ခာ အခက်အခဲဖြစ်မည် စိုးသည့်အပြင် အစိုးရတပ်၏ စစ်ရေးပြင်ဆင်မှုများအား နှောင့်ယှက်သည့် အနေဖြင့်ရိက္ခာ ယာဉ်တန်းများအား တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆက်လက် ပြောဆိုသည်။
ထို့အပြင် အခုလ (၃) ရက်နေ့မှစ၍ SSA တပ်ဖွဲ့ ဌာနချုပ် ၀မ့်ဟိုင်းအနီးတွင် တပ်စွဲထားသည့်အစိုးရတပ်များထံ သို့ ဖက်ပေါင်းစုံမှ ရိက္ခာတင်ပို့နေသည့် အစိုးရတပ်များအား SSA က ခြံုခို တိုက်ခိုက် နေသဖြင့် တိုက်ပွဲများနေ့စဉ် ဖြစ်ပွားနေသည်။
လောလောဆယ်တွင် ၀မ့်ဟိုင်းအနောက်မြောက်ဖက်ရှိ ၀မ့်မိုတ်၊ နမ့်ပုတ် ဒေသတဝိုက်တွင် အစိုးရခြေမြန် တပ်ရင်း ခမရ (၅၀၁)မှ (၅၀၅) အထိ တပ်ရင်း(၅)ရင်းနှင့် ခြေလျင်တပ်ရင်း ခလရ (၂၈၆) ပေါင်း တပ်ရင်း(၆)ရင်းက နေရာယူထားပြီး ကျေးသီးနှင့် မိုင်းရယ်ဖက်မှ ရိက္ခာများ တင်ပို့နေသည်။
အလားတူ ၀မ့်ဟိုင်းအရှေ့ဖက်တွင် ခြေလျင်တပ်ရင်း ခလရ (၉)၊ (၁၂)နှင့် (၂၈၇) တပ်ရင်း (၃) ရင်းတပ်စွဲထား ပြီး ယင်းတပ်များကို မိုင်းနောင်နှင့် မိုင်းရှူးဖက်မှ ရိက္ခာ တင်ပို့သည်။ ထိုတပ်ရင်းများအား ခြေလျင်တပ်ရင်း ခလရ (၆၇)၊ (၁၃၁)နှင့် (၂၄၃) တပ်ရင်း (၃) ရင်းက ရိက္ခာ သယ်ပို့နေခြင်း ဖြစ်သည်။
တိုက်ပွဲများကြောင့် ဒေသတွင်း ထွက်ပြေးပုန်းရှောင်နေသည့် စစ်ပြေးဒုက္ခသည်များအား အစိုးရတပ်က ဆန်များ ဝေငှပေးနေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် “အဲဒီကိစ္စက ဟန်ပြပါ။ ဘုန်ကြီးကျောင်းမှာ သူတို့ သွားထားပြီးတော့ လေးငါးအိတ်လောက်ပဲ ရွာသားတွေ အတွက် ပေးပြီးတော့ ခပ်များများက သူတို့ တပ်ရိက္ခာ သွားဖြည့်တာပါ။” ဟု ဗိုလ်မှူး စိုင်းလက ပြောသည်။
ထို့အပြင် ဌာနချုပ်အနီး တပ်စွဲထားသည့် တပ်ဖွဲ့များက ၀မ့်ဟိုင်းအနီး ပုန်ထွမ်နှင့် နမ့်မော် ကျေးရွာများသို့ဝင် ရောက်၍ စျေးဆိုင်များမှ စားသောက်ဖွယ်ရာများအား ယူငင်စားသောက် နေကြပြီး ကျေးရွာအနီးပစ်ခတ် တိုက်ခိုက်ခံရပါက ထိုရွာအား မီးရှို့ဖျက်ဆီးမည်ဟု အစိုးရတပ်ကခြိမ်းခြောက်ထားကြောင်းဆက်ပြော သည်။
ယခုအခါ ၀မ့်ဟိုင်းဌာနချုပ်ရှိ စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ရန် အစိုးရက ကျောင်းဆရာမများစေလွတ် ခဲ့သော်လည်း အခြေအနေ ငြိမ်သက်မှု မရှိသေးသည့် အတွက် ကျောင်းများ ပြန်မဖွင့်နိုင်သေးပေ။
လွန်ခဲ့သည့် ဇူလိုင်လမှ စတင်၍ အစိုးရတပ်က ၀မ့်ဟိုင်းဌာနချုပ်အား ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိရာ စာသင်ကျောင်းများလည်း ပိတ်ထားရပြီး ထောင်နှင့် ချီသည့် အရပ်သားများ ဘေးလွတ်ရာသို့ထွက်ပြေး ခိုလှုံနေကြသည်။
လက်ရှိဖြစ်ပွားနေသော တိုင်းရင်းသားဒေသများမှ စစ်ပွဲများ ရပ်ဆိုင်းစေရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် စာရေးဆရာကြီး ဒဂုန်တာရာအပါအဝင် လွှတ်တော် ကိုယ်စားလှယ် များက ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ရန် တိုက်တွန်းနေသည်။