နယူးဒေလီ (မဇ္စျိမ) ။ ။ လေးရက်ကြာ မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲခူးမြို့ပေါ်ရှိကျေးရွာအုပ်စုများ နှင့် ရပ်ကွက်များတွင် ရေလွှမ်း မိုးခံနေရကာ ဒေသခံ ထောင်နှင့်ချီ၍ ဒုက္ခရောက် နေသည်ဟု ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
သြဂုတ်လ ရ ရက်နေ့မှစ၍ ယနေ့အထိ မိုး အဆက်မပြတ် ရွာသွန်းမှုကာ တောင်ကျရေ စီးဆင်းမှုကြောင့် ပဲခူးမြစ်ရေ မြင့်တက်ပြီး ရေကြီးခြင်း ဖြစ်ပြီး မြို့၏ စိုးရိမ်ရေ အမှတ် ၉၁ဝ မှ ၉၄ဝ ခန့်အထိ ရှိနေပြီ ဖြစ်သည်။
“ရေတက်နေတာက ကြောက်စရာ ကောင်းလောက်အောင်ကိုပဲ။ မိုးကလဲ သည်းသည်းမဲမဲ ဆိုတော့ ကျနော်တို့တောအခေါ်နဲ့ ပြောရမယ် ဆိုရင် မိုးပေါက်ဆိန်ပေါ့ဗျာ။ ပေါက်ဆိန်နဲ့ ပေါက်သလို မိုးလုံးကြီးတွေဆိုတာတခါ တည်း ဝုန်းခနဲ့ ဝုန်းခနဲ့ ရွာချတာ အကြီးကြီးတွေပဲ။ ထီးနဲ့ သွားလို့ ရှိရင် အပေါ်က မိုးပေါက်ကဘယ်လောက် ကြီးတယ် ဆိုလို့ရှိရင် ထီးအောက်ကို ဖွားခနဲ၊ ဖွားခနဲ ကျတယ်” ဟု ပဲခူး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြတ်လှက မဇ္စျိမကို ပြောသည်။
ယခုရေကြီးမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ၁၉၇ဝ ခုနှစ်တွင်လည်း တကြိမ်ကြီးခဲ့ဖူးသည်ဟု သူက ဆိုသည်။
ရေကြီးမှုကြောင့် ပဲခူးမြို့ပေါ်ရှိ အိုးလေးစု၊ မဇင်း၊ ဇိုင်းဂနိုင်း တောင်ပိုင်း၊ မြောက်ပိုင်း၊ ကျောက်တွင်းကုန်းနှင့် အုတ်ကျင်းပိုင်းရှိ ၁၂၊ ၁၃ ရပ်ကွက်များတွင် လူတရပ်ခန့် အထိ ရေတက်နေပြီး အနီးပတ်ဝန်းကျင်ရွာများ တွင်လည်းရေမြှုပ်နေပြီး နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ခိုလှုံနေရသည်။
ပဲခူးမြို့ပေါ်ရှိ ရွှေနံသာ အနောက်ကျာင်းတိုင်တွင် အိမ်ထောင်စု ၃ဝဝ၊ လူဦးရေ ၂ဝဝဝ ခန့်နှင့် ရွှေမော်ဓော ဘုရား အနောက်ဘက်မုဒ်ရှိ နှစ်ထပ် ဗိမာန်တော်ကြီးတွင် လူပေါင်း ၄၀၀၀ ကျော်ခန့် ခေတ္တ နေထိုင်နေရသည်ဟု
ဒုက္ခသည် ကူညီပေးနေသူများထံမှ သိရသည်။
“မနေ့က ဆိုလို့ရှိရင် ရွှေနံသာ အနောက်ကျောင်းမှာရှိတဲ့ ရေဘေး ဒုက္ခသည်တွေကို တအိမ်ထောင်ကို ဆန်တပြည်နှုန်းနဲ့ ဝေပေးနေရတယ်” ဟု ရေဘေး ဒုက္ခသည်များကို ဆန်အလှူ ပေးသည့် ပဲခူးတောင်နံစု ကျေးရွာ ပရဟိတကျောင်းထိုင်ဆရာတော် ဦးကိတ္တိက မိန့်သည်။
တသီးပုဂ္ဂလ အလှူရှင်များ ကလည်း ဆန်၊ ငပိနှင့် ခေါက်ဆွဲခြောက်များ လိုက်လံ လှူပေးနေရသည်ဟုသိရ သည်။ရေလွှမ်းမိုးမှုကြောင့် လမ်းပန်း ဆက်သွယ်ရေးများ ပြတ်တောက်ကုန်ပြီး စီးပွားရေး လုပ်ငန်းများနှင့် စာသင်ကျောင်းများကိုလည်း ပိတ်ထားရသည်။
ရေလွှမ်းမှုနှင့် ပတ်သက်၍ ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း ကိုယ်တိုင် လိုက်လံကြည့်ရှုမှုများ ပြုလုပ်နေပြီးရပ်ကွက် အုပ်ချုပ်ရေးမှူးများ ကလည်း ထမင်းထုပ်များ လိုက်လံ ဝေငှနေသည်ဟု ဒေသခံများထံမှ သိရသည်။
“ကျေးရွာတွေ ဘက်မှာ ဆိုလိုရှိရင် ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေ မရှိဘူး၊ အကုန်လုံးက ဆင်းရဲတဲ့ လူတွေချည်းပဲ။လက်လုပ် လက်စားသမားတွေလေ။ အကုန်လုံး ဒုက္ခတွေ အကြီးအကျယ် ရောက်နေတာ့” ဟု ဆန် အလှူပေးနေသည့် အလှူရှင်တဦးက ဆိုသည်။
ရေများနေသဖြင့် မြို့အောက်ပိုင်းရှိ ဆည်မြောင်းများကို ရိုက်ချိုးပစ်ရတော့မည့် အနေအထားတွင် ရှိနေပြီး၊ ယင်းကဲ့သို့ ရိုက်ချိုးပါကလည်း မြို့အောက်ပိုင်းရှိ လယ်ကွင်းများ အားလုံး ရေလွှမ်းမိုးကုန်မည်ဟု ဒေသခံများက ပြောဆိုသည်။
တိုက်ကြီးမြို့နယ်အပိုင် ဥက္ကံမြို့တွင်လည်း တဘူးလဆည်၏ စိုးရိမ်ရေ အမှတ်ထက် ကျော်လွန်မှုကြောင့် သြဂုတ်လ၈ ရက်နေ့က ဆည်ဖွင့်ချခဲ့ရာ ဥက္ကံနှင့် အနီးတဝိုက်ရှိ ရွာများတွင် ရေကြီးကာ လူနေအိမ်များနစ်မြုပ်ခဲ့ သည်ဟု သိရသည်။
တဘူးလဆည်၏ စိုးရိမ်ရေအမှတ် ၁၉၅ မှ ၁၉၈ အထိ ရောက်ရှိခဲ့တာကြောင့် ဖွင့်ချခဲ့ခြင်း ဖြစ်ကာ ရေဒလဟော စီးဆင်းမှုကြောင့် ဥက္ကံမြို့ အရှေ့၊ အနောက် ဆက်သွယ်ထားသည့် ပေ ၂၀၀ ကျော်ရှိ အနော်ရထာတံတားမှာ လည်းနှစ်ပိုင်း ကျိုးပြတ်ခဲ့သည်။
“ရေတွေက ဒလဟော စီးလာတော့ အနီးအနားမှာရှိတဲ့ ရွာတွေက လူတွေ ပစ္စည်းတွေထားပြီး လွှတ်ရာကို ထွက်ပြေးကြရတာ” ဟု ရေဘေး ဒုက္ခသည်များအား ကူညီဆောင်ရွက်ပေးနေသည့် ကိုသက်ဦးက မဇ္စျိမကို ပြောသည်။
ယနေ့တွင်မူ ရေ ပြန်လည်ကျဆင်းသွားပြီ ဖြစ်သော်လည်း ဒုက္ခသည်များ ပြန်လည် နေရာချထားပေးရေး အတွက် လိုအပ်နေသေးကြောင်း သိရသည်။
အလားတူ ရခိုင်ပြည်နယ် ကျောက်တော်မြို့ အနီးတဝိုက်တွင်လည်း သြဂုတ်လ ရ၊ ၈ ရက်များတွင် မိုးသည်း ထန်စွာ ရွာသွန်းခဲ့ရာ တောင်ကျရေများခြင်းကြောင့် ကုလားတန် မြစ်ရေ ကြီးကာ ကျေးရွာအချို့လည်း ရေလွှမ်းခဲ့သည့်အတွက် ရထားလမ်း ဖောက်လုပ်ရန် ဆည်ထားသည့် တာများကို ဖောက်ချခဲ့ရသည်ဟု ကျောက်တော် ဒေသခံများထံမှ စုံစမ်းသိရှိသည်။