သတ်ဖြတ်မူကြောင့် ရိုးအောင်းဆင်များ ရှားပါးလာ

သတ်ဖြတ်မူကြောင့် ရိုးအောင်းဆင်များ ရှားပါးလာ
by -
စံလင်း

ရခိုင်ရိုးမ အတွင်း ကျက်စားသော တောဆင်ရိုင်း များကို စီးပွားဖြစ် သတ်ဖြတ်မူများ တိုးပွားနေသဖြင့် ဆင်ရိုင်း အကောင် အရေအတွက်မှာ သိသိသာသာ လျော့ကျလာနေကြောင်း သတင်း ရရှိသည်။

ရခိုင်ကမ်းရိုးတန်းဒေသ ဇီဝမျိုစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းက ထုတ်ပြန်သော စာရင်းအရ ရခိုင်ပြည်နယ်တွင် မျိုးသုဉ်းလုနီးပါး ဘေးအန္တရယ်နှင့် ရင်ဆိုင် နေရသော တောရိုင်းတိရစ္ဆာန်များ အနက် မျိုးစိတ် ၂၆ မျိုးကို ဖေါ်ပြရာ ထိုအထဲတွင် တောဆင်ရိုင်းများလည်း ပါ၀င်နေသည်။

ရခိုင်ပြည်နယ်တောင်ပိုင်း ရိုးဖျား တလျှောက် ကျက်စားနေသော တောဆင်ရိုင်းများ အရေအတွက်လျော့ကျ လာနေကြောင်းကို တောရိုင်း တိရစ္ဆာန်များ အကြောင်း လေ့လာနေသူ တစ်ဦးက ယခုကဲ့သို့ ပြောသည်။
Elephant-in-Mayu
" ရိုးထဲမှာ ကျက်စားတဲ့ ဆင်တွေကို စီးပွားဖြစ် လိုက်လံ သတ်ဖြတ်မူတွေ တိုးပွားနေပါတယ်။ ခုလို တိုးပွားနေတဲ့ အတွက် ဆင်ရိုင်းတွေ မရှိသလောက် ရှားပါးလာပါတယ်။ ဆင်တွေကို သတ်ဖြတ်ပြီး အစွယ်နဲ့ သားရေတွေကို စီးပွားရေးသမားတွေက ရိုးထဲက တဆင့် ရန်ကုန် အပါအဝင် မြို့ကြီးတွေကို တရားမဝင် တင်ပို့နေကြပါတယ်" ဟု ပြောသည်။

လွန်ခဲ့သော ဇူလိုင်လ ၁၇ ရက်နေ့က ဂွ-ငသိုင်းချောင်း လမ်းပေါ်တွင် မောင်းနှင်နေသော ၁၀ဘီး ကားတစီးပေါ်မှ ကြပ်တိုက်ထားသော ဆင်သားရေပြား ဂုံနီအိတ် ၁၀ အိတ်၊ ပိဿချိန် ၃၆၀ ခန့်ကို ဗေဒါ စခန်းတွင်ဖမ်းမိ ကြောင်း သိရသည်။

" ဟုတ်ပါတယ်။ ဖမ်းမိတဲ့ ဆင်သားရေ ပိဿချိန်က ၃၆၀ ရှိတယ်လို့ သိရပါတယ်။ ပြီးတော့ ဆင်စွယ် ၂ ချောင်းကိုလည်း ဘုရင့်နောင် ကားဂိတ်မှာဘဲ အဲဒီကားပေါ်ကဘဲ ထပ်ဖမ်းမိခဲ့ပါတယ်။ အားလုံး စုစုပေါင်း ကာလတန်ဖိုး သိန်း ၁၀၀ ဖိုးခန့် ရှိတယ်လို့ သိရတယ်။ ဘယ်သူပိုင်ရှင်လဲ ဆိုတာ ကျနော်လည်း မသိဘူး။"

ဆင်သားရေနှင့် အစွယ်များကို ဖမ်းဆီး ရမိပြီးနောက် ကားဒရိုင်ဘာ ကိုတင်မျိုးဇော်နှင့် စပယ်ယာ ကိုမောင်ဦး တို့ကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ရခိုင်ရိုးမမှာ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ဆင်ဘေးမဲ့တောဖြစ်သော်လည်း စစ်တပ်နှင် ဧရာဝတီတိုင်းမှ မုဆိုးများက ပြောင်လိုက်သည်ဟု အကြောင်းပြပြီး စျေးကောင်းရသော အစွယ်ရှိ ဆင်များကို ပစ်မှတ်ထား လိုက်လံ သတ်ဖြတ်နေကြသဖြင့် ရိုးထဲရှိ ဆင်များမှာ မျိုးတုန်းလုနီးပါး ဖြစ်လာခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ် အတွင်း မျိုးသုဉ်းလုနီးပါး ဘေးအန္တရယ်နှင့် ရင်ဆိုင်နေရသော သတ္တဝါများထဲတွင် ဆင်သာမက တခြား တိရစ္ဆာန်များ ဖြစ်ကြသည့် ကျား၊ အင်းကျား၊ ဝက်ဝံ၊ ခွေးဝံ၊ ရေဝက်၊ ဟိမဝန္တာဝက်ဝံ၊ တောခွေး၊ တောဆိတ်၊ သင်းခွေချပ်၊ ရေညှောင့်နှုတ်ဝိုင်း(ဒီလုံးငှက်)၊ ကြိုးကြာနီ၊ မျောက်လွှဲကျော်၊ ပြောင်၊ ဆတ်နှင့် လိပ်များ ပါဝင်နေကြောင်း သိရသည်။

အရှားပါးဆုံး ရောက်နေသော တိရစ္ဆာန်များထဲတွင် ရေညှောင့်နှုတ်ဝိုင်း ခေါ် ဒီလုံးငှက်မျိုး ဖြစ်ပြီး ရခိုင် ပင်လယ်ပြင်ရှိ ကျွန်းများတွင် ကျက်စားကာ ယခုအခါ အရေတွက် အားဖြင့် ဆယ်ဂဏန်း မျှသာရှိသော အရှားပါးဆုံး မျိုးစိတ်ဖြစ်ကြောင်း သိရသည်။

လိပ်မျိုးစိတ်များတွင်လည်း ကံလိပ်၊ လိပ်ပုတ်၊ လိပ်ပုတီး၊ လိပ်မောင်း၊ လိပ်ဝါ၊ ရခိုင်တောင်လိပ်၊ လိပ်တက်၊ ပြင်သာလိပ်၊ လိပ်လောင်း၊ လိပ်စွန်၊ လိပ်စောင်းလျား၊ လိပ်ခွေးတို့သည် အရှားပါးဆုံး မျိုးစိတ်များဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၏ အဓိက တောရိုင်း တိရစ္တာန်များ ကျက်စားရာ မေယုတောင်တန်းတွင်လည်း သစ်တော ပြုန်းတီးခြင်း၊ စားကျက်မြေ နည်းပါးလာခြင်းနှင့် စစ်တပ်မှ ဆင်ဖြူတော်ကို အကြောင်းပြပြီး တောရိုင်း တိရိစ္ဆာန်များကို စီးပွားဖြစ် ဖမ်းဆီး သတ်ဖြတ်နေခြင်း တို့ကြောင့် တောရိုင်း တိရစ္ဆာန်များ တဖြည်းဖြည်း မျိုးသုဉ်း လာနေသည်ဟု ဒေသခံများက ပြောသည်။

Most read this week