နယူးဒေလီ (မဇ္စျိမ) ။ ။ ထောင်ကျနေသော ကိုစည်သူဇေယျကို နာမည်ဆိုးဖြင့် ကျော်ကြားသော အီလက်ထရောနစ် ဥပဒေဖြင့် ထပ်မံတရားစွဲဆို ထားသည့် အပေါ် ပယ်ဖျက်ပေးပါရန် ရန်ကုန်တိုင်း တရားရုံးသို့ အယူခံတင်ထားရာ ပယ်ချခံလိုက်ရ သည် ဟု မိခင်ဖြစ်သူ ဒေါ်ရီရီတင့်က ပြောသည်။
အယူခံစာအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် မတရားအသင်း ဆက်သွယ်မှုတို့ဖြင့် လက်ရှိပင် ထောင်ဒဏ် ၈ နှစ် ချမှတ်ပြီး ဖြစ်၍ ထပ်မံ စွဲဆိုမှု မလုပ်ပါတော့ရန် ရေးသားထားသည်ဟု သိရသည်။
အယူခံ ပယ်ခံရသည့် အတွက် အင်းစိန် အကျဉ်းထောင်တွင် ရှိနေသော အသက် ၂၃ နှစ်ရှိ ကိုစည်သူဇေယျအတွက် ပြစ်မှု ထင်ရှားသည်ဟု ရန်ကုန်အရှေ့ပိုင်း ခရိုင် မင်္ဂလာတောင်ညွှန့် တရားရုံးက ဆုံးဖြတ်လျှင် အနည်းဆုံး အပိုဆောင်း ထောင်ဒဏ် ရ နှစ်မှသည် ၁၅ နှစ် ထပ်မံ ကျခံရမည့် အလားအလာလည်း ဖြစ်သည်။
သြဂုတ် ၃ ရက်နေ့က တရားဆိုင်၏ ရှေ့နေ ဦးအေးသိန်းနှင့် မိခင် ဒေါ်ရီရီတင့်တို့ တိုင်းတရားရုံးတွင် အယူခံ တင်သွင်းရာ ချက်ချင်းပင် ပယ်ချခံရခြင်း ဖြစ်သည်။ တရားသူကြီးများက အမှုတွဲကိုပင် ပြန်လည် ဖတ်ရှုခြင်း မပြုဘဲ ပယ်ချသည်ဟု ဒေါ်ရီရီတင့်က ပြောသည်။
ယခင် စစ်အစိုးရ လက်ထက် အတိုက်အခံများကို နှစ်ရှည်ထောင်ချရာတွင် အသုံးပြုသော လက်နက်တခု ဖြစ်သည့် အီလက်ထရောနစ် အက်ဥပဒေ အမှုအတွက် ကိုစည်သူဇေယျကို သြဂုတ်လ ၉ ရက်နေ့တွင် မင်္ဂလာတောင်ညွှန့် တရားရုံးတွင် တရားခံဘက်မှ သက်သေများကို ခေါ်ယူစစ်ဆေးခဲ့ရာ ဒေါ်ရီရီတင့်လည်း စစ်ဆေးခံခဲ့ရသည်။
အီလက်ထရောနစ် ဆက်သွယ်ရေးကို အသုံးပြု၍ အစိုးရကို ဝေဖန်သော သတင်း အချက်အလက်များကို ဖြန့်ဝေမှုနှင့် အမျိုးသား ယဉ်ကျေးမှုကို ဝေဖန်သော သတင်း အချက်အလက်များ ဖြန့်ဝေမှုများကိုပါ ဥပဒေက တားမြစ် ထားသည်။
စည်သူဇေယျမှာ ၂ဝ၁ဝ ခုနှစ် သင်္ကြန်ကာလအတွင်း ဖြစ်ခဲ့သည့် X2O မဏ္ဍပ် ဗုံးကွဲမှု ဖြစ်ပွားမှုနောက် ဓာတ်ပုံ သတင်း ရိုက်ကူးစဉ်တွင် ဖမ်းဆီးခံရပြီး ဖခင်ဖြစ်သူ သတင်းထောက် ဦးဇေယျကိုပါ ရဲက ဆက်လက် ဖမ်းဆီးခဲ့သည်။
အစိုးရဆန့်ကျင်ရေး စိတ်ဓာတ် ပြင်းထန်သူ အဖြစ် နိုင်ငံရေး အသိုင်းအဝိုင်းတွင် အသိအမှတ်ပြုခံရသော ပြည်ပ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းထောက် ဦးဇေယျကို အီလက်ထရောနစ် ဥပဒေဖြင့်ပင်ထောင် ဒဏ် ၁၃ နှစ် အပြစ်ပေးခံရကာ သီပေါ အကျဉ်းထောင်တွင် ရှိနေသည်။
သားဖြစ်သူကို ရဲက စစ်ဆေးရာတွင် နှိပ်စက်ညှင်းပန်းမှု ပြုလုပ်ကာ စစ်ဆေးချက် ရယူခဲ့ကြောင်း မိသားစုဝင်များ ကပြည်ပမီဒီယာများသို့ ထုတ်ပြန်ခဲ့သလို ပြည်ထဲရေး ဝန်ကြီးဌာနနှင့် အကျဉ်းဦးစီးဌာနသို့ စာရေးသား တိုင်ကြားခဲ့ပြီး မှသာ နှစ်ပတ်ကြာ တိုက်ပိက်မှုရပ်၊ စစ်ကြောရေး ရပ်သွားခဲ့တော့သည်ဟု မိသားစုဝင်များက ပြောသည်။