ပဲခူးသွားမည့် ဒေါ်စုလုံခြံုရေး အာဏာပိုင်များနှင့် ဆွေးနွေး

ပဲခူးသွားမည့် ဒေါ်စုလုံခြံုရေး အာဏာပိုင်များနှင့် ဆွေးနွေး
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ပဲခူးရှိ စာကြည့်တိုက် များ ဖွင့်ပွဲသို့ သွားရောက်မည့် ဒေါ်အောင်ဆန်း စုကြည်၏ ခရီးစဉ်အတွင်း လုံခြံုရေး အတွက် အာဏာပိုင်များနှင့် ဆွေးနွေး ညှိနှိုင်းခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောသည်။

အာဏာပိုင်များနှင့် တွေ့ဆုံမေးမြန်း ညှိနှိုင်းခဲ့သော်လည်း ခရီးစဉ်အတွင်း လုံခြံုရေးကိုမူ NLD မှပင် တာဝန်ယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ဦးဉာဏ်ဝင်းက ဆိုသည်။

dsbaganreturn“လုံခြံုရေးအရ လိုအပ်တာတွေကိုတော့ သူတို့ (အာဏာပိုင်)တွေနဲ့ တွေ့ဆုံတယ် မေးမြန်းတယ်၊ သူတို့က လည်း ကျနော်တို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေးပါတယ်၊ လုံခြံုရေးကတော့ ကိုယ့်ဘာသာပဲတာဝန်ယူ ရမှာပေါ့။ သို့သော် လိုအပ်တဲ့ဟာတွေကို သူတို့နဲ့ ညှိနှိုင်းလို့ ရပါတယ်”

အာဏာပိုင်များနှင့် ဆွေးနွေးမှု၏ အသေးစိတ်ကိုမူ ဦးဉာဏ်ဝင်းက ပြောဆိုရန် ငြင်းဆန်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယခုလ ၁၄ ရက်နေ့တွင် သွားရောက်မည့် ခရီးစဉ်ကို မနက် ၆ နာရီတွင် ရန်ကုန်မှ စတင် ထွက်ခွာမည် ဖြစ်ကာ ညနေပိုင်းတွင် ပြန်လာကြမည် ဖြစ်သည်။ ခရီးစဉ် အသေးစိတ်နှင့် လုံခြံုရေး စီမံမှုများကိုမူ NLD တာဝန်ရှိသူများက ပြောဆိုရန် ငြင်းဆန်ကြသည်။

သို့သော် ခရီးစဉ်အတွင်း လုံခြံုရေးနှင့် ပတ်သက်၍ ပဲခူးတိုင်း NLD ၏ စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်လှမှ ဦးစီးကာ တိုင်း လူငယ်များမှ တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ဇူလိုင်လအတွင်းက မဇ္ဈိမကို ဦးမြတ်လှကပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် တနင်္လာနေ့နံနက်က ရှစ်လေးလုံး အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ကြည့်မြင် တိုင် မြို့နယ် သာဓုကျောင်းတိုက်တွင် ဝါဆိုသင်္ကန်း ကပ်လှူပွဲသို့ တက်ရောက်ခဲ့သည်။

“ မေ့မရနိုင်တဲ့ အကြောင်းရင်းကို စဉ်းစားကြစေချင်ပါတယ်” ဟု အခမ်းအနား၏ ဧည့်သည်တော် မှတ်တမ်းတွင်ဒေါ်အောင်ဆန်းစုကြည်က အမှတ်တရ စကား ရေးသားသွားခဲ့သည်။

အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို ဆန့်ကျင်ဆန္ဒပြပြီး ဒီမိုကရေစီတောင်းဆို သော လူထုအုံကြွမှုကြီးများ မြန်မာနိုင်ငံ တဝှမ်းတွင် သြဂုတ်လ ၈ ရက်၊ ၁၉၈၈ ခုနှစ်က စတင် ဖြစ်ပွားခဲ့သည်။

သမ္မတ သုံးဦးဆက်တိုက် ပြုတ်ကျသွားခဲ့သော်လည်း စစ်တပ်က အကြမ်းဖက်ပစ်ခတ်ကာအာဏာသိမ်းသွား ခဲ့သည်။ စစ်တပ်၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၃ ထောင်ကျော်သေဆုံးခဲ့သည်။

အောင်ဆန်းဂျာမွန်းဟု အမည်ပေးထားသည့် စာကြည့်တိုက်များသည် ပဲခူးမြို့ပေါ်ရှိ ပန်းလှိုင်၂၃ လမ်းနှင့်သနပ်ပင်မြို့ မင်းလမ်းတို့တွင် တည်ရှိကာ စာကြည့်တိုက် တခုချင်းစီတွင် စာအုပ်ပေါင်း ၄,၀၀၀ ကျော် ထားရှိ သည်။ ဂျာမွန်းဆိုသည်မှာ ဂျိန်းဖေါ ဘာသာစကားဖြစ်ပြီး ရွှေဝတ်မှုန်ဟု အဓိပ္ပါယ်ရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၃ ရက် နေအိမ် အကျယ်ချုပ်မှ လွတ်လာအပြီး ရန်ကုန်ပြင်ပ ခရီးစဉ်များ အဖြစ် သားငယ် ကိုထိန်လင်းနှင့်အတူ မိသားစု ဘုရားဖူး ခရီးစဉ် အဖြစ် မြန်မာ့ ရှေးဟောင်းမြို့တော် ပုဂံသို့ ဇူလိုင်လအတွင်းက သွားရောက်ခဲ့သေးသည်။

Most read this week