ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်နီဒုက္ခသည် စခန်း အမှတ် ၂ တွင် မျက်စိနီပြီး ယားယံသည့် ရောဂါ ကျယ်ပြန့်စွာ ဖြစ်ပွားနေသည်။
ပြီးခဲ့သည့် ဇူလှိုင်လ ၁၈ ရက်နေ့မှစ၍ ယနေ့အထိ မျက်စိနာရောဂါ ခံစားနေရသူ ဦးရေ ၂၃၀ ရှိပြီးမိသားစု တစုတွင် တဦးဖြစ်ပါက တမိသားစုလုံး ကူးစက်သွားသည်ဟု ကရင်နီဒုက္ခသည်စခန်းမှ ဆေးမှူးတာဝန်ခံ စောဆာလယ်ထူးက ပြောသည်။
“အရင်နှစ်က နွေရာသီမှာ ဖြစ်တယ်။ ဒီတနှစ်က မိုးရာသီမှာဖြစ်တယ်။ ဘာကြောင့် ဖြစ်တာလဲဆိုတာတော့ မသိဘူး” ဟု စောဆာ လယ်ထူးက ဆိုသည်။
ထိုမျက်စိနာရောဂါကြောင့် မျက်စိနီခြင်း၊ မျက်ဝန်းယောင်ခြင်း၊ ယားယံခြင်း၊ မျက်ရည်ထွက်ခြင်း၊မျက်ရည် ထွက်လျှင် နာကျင်ခြင်း စသည်ဖြင့် ခံစားနေရသည်ဟု ကရင်နီအမှတ် ၂ စခန်းမှ မျက်စိနာရောဂါခံစားနေ ရသော အသက် ၂၃ နှစ်အရွယ် ကိုကျော်ဝင်းက ပြောသည်။
၄င်းက “နေနေရင်းနဲ့ သူ့ဟာသူဖြစ်လာတယ်။ နီရဲလာတယ်။ သူများတော့ မသိဘူး။ ကျနော်တော့ တကိုယ်လုံး ကိုယ်ပူတယ်။ ညအိပ်ရင် တအားချမ်းတယ်” ဟုလည်း ပြောပြသည်။
ကရင်နီကျန်းမာရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ခူဒယ်နီယာက မျက်စိနာသည့် ရောဂါသည် ဗိုင်းရပ်(စ်)ပိုးကြောင့် ဖြစ်ပြီး လျှင်မြန်စွာ ကူးစက်နိုင်သည်ဟု ဆိုသည်။
“မိုးတွင်းမှာ အဖြစ်များတယ်။ ဗိုင်းရပ်စ်ပိုးပေါ်တဲ့ချိန်က ခပ်များများ မိုးတွင်းမှာ ပေါ်တယ်လေ” ဟု ခူဒယ်နီယာက ပြောသည်။
အဆိုပါ မျက်စိနာရောဂါသည် နှစ်စဉ် ဖြစ်ပွားမှုရှိသော်လည်း ယခုနှစ်သည် ယခင်နှစ်များထက်အဖြစ်များ သည်ဟု ကရင်နီ ဒုက္ခသည် စခန်း အမှတ် ၂ မှ ဆေးမှူးတာဝန်ခံ ဟောဆာလယ်ထူးက ဆိုသည်။
ကရင်နီဒုက္ခသည် စခန်း အမှတ် ၂ ရှိ ဒုက္ခသည်များသည် ပြည်တွင်းစစ်၊ စစ်ရေး ပဋိပက္ခများကြောင့် နေရပ်၌ နေထိုုင်၍ မရတော့ ဘဲ ထွက်ပြေးရောက်ရှိလာသူများဖြစ်ပြီး လက်ရှိ လူဦးရေ ၃၀၀၀ ကျော် ရှိသည်။