ရွှေလီရေအားလျှပ်စစ်မီးသုံးရန် မီတာပုံးကြေး ၈ သောင်းကောက်

ရွှေလီရေအားလျှပ်စစ်မီးသုံးရန် မီတာပုံးကြေး ၈ သောင်းကောက်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း) မြို့နယ်တွင် လျှပ်စစ်မီတာပုံးများပြောင်း လဲ တပ်ဆင်ခအဖြစ် မီတာပုံးတစ်ပုံး အတွက်ကျပ် ငွေ ၈ သောင်း ကောက်ခံနေကြောင်းသိရသည်။

ယခုတစ်ပတ်အတွင်း ကြူကုတ်မြို့တွင် ယခင်တရုတ်နိုင်ငံမှ ၀ယ်ယူသုံးစွဲနေသည့် လျှပ်စစ်မီးအစား နမ့်ခမ်း မြို့နယ် ရွှေလီ ရေအား လျှပ်စစ်စီမံကိန်းမှ ထွက်ရှိသည့် လျှပ်စစ်မီးဖြင့် အစားထိုးရန် တရုတ်မီတာပုံးနေရာ တွင် မြန်မာမီတာပုံးများဖြင့် အစားထိုး တပ်ဆင်နေကြောင်း သိရသည်။

မြို့နယ်လျှပ်စစ်ဋ္ဌာနမှ ရပ်ကွက်အလိုက် အဆိုပါငွေကောက်ခံနေခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည် ။

“သူတို့က တရုတ်မီတာဘောက်စ်ကနေ ဗမာမီတာဘောက်ကို ပြောင်းလဲတပ်ဆင်တာပေါ့ အရင် တရုတ် မီတာဘောက်စ်က ကိုယ့်ဟာနဲ့ကိုယ် အပြင်မှာ ယွမ် ၄၀ ၊ ၅၀ နဲ့ဝယ်ပြီးတပ်တယ်  အခု ဗမာမီတာပြောင်း တော့ မီတာတပ်ဆင်ခ ငွေ ၈ သောင်း ကောက်တယ် လောလောဆယ် ရပ်ကွက် ၃ နဲ့ ၄ တော့ တပ်ပြီးသွားပြီ ” ဟု သူက ဆိုသည် ။

တရုတ် လျှပ်စစ်မီး တစ်ယူနစ်လျှင် ၁. ၂ယွမ် ပေးဆောင်ရပြီး ရွှေလီရေအားလျှပ်စစ်မီး ပြောင်းလဲတပ်ဆင်ပြီး ချိန်တွင် တစ် ယူနစ် ကျပ် ၅၀ သာ ပေးဆောင်ရမည်ဟု သူက ဆိုသည် ။

ယခင်က တရုတ်လျှပ်စစ်မီးဝယ်ယူ သုံးစွဲခဲ့သော မူဆယ် ၊ နမ့်ခမ်းမြို့နယ်များတွင်လည်း လွန်ခဲ့သည့်နှစ်ကမှ ရွှေလီရေအား လျှပ်စစ်စီမံကိန်းမှ ထွက်သည့် လျှပ်စစ်မီးဖြင့်  အစားထိုးသုံးစွဲခဲ့ကြောင်း သိရသည် ။