စစ်ရေယာဉ်များ၏ တရားမဝင် အခွန် အကောက်ကြောင့် လူထု ဒုက္ခရောက်

စစ်ရေယာဉ်များ၏ တရားမဝင် အခွန် အကောက်ကြောင့် လူထု ဒုက္ခရောက်
by -
ခိုင်သိန်း

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ အနီး ပတ်ဝန်း ကျင် တဝိုက်တွင် အခြေစိုက် ထားသော ရေတပ် သင်္ဘောများမှ တရားမဝင် အခွန်အကောက်များ ကောက်ခံနေသဖြင့် စက်လှေ၊ မော်တော်ဘုတ်၊ သဗ္ဗာန်များနှင့် အလုပ် လုပ်ကိုင် စားသောက်နေကြ ရသူများ အနေဖြင့် အထူး ဒုက္ခရောက်နေကြ ရ ကြောင်း သတင်း ရရှိသည်။

ယခု လက်ရှိ တရားမဝင် အကောက် ကောက်ခံနေသော ရေတပ် သင်္ဘောများမှာ ပုဏ္ဍားကျွန်းမြို့မှ အထွက် ကုလားတန်မြစ် ပလီပေါက်တွင် စခန်းနေသော ရေတပ်သင်္ဘောနှင့် စစ်တွေမြို့ ဆတ်ရိုးကျ ချောင်းဝတွင် စခန်းချထားသော ရေတပ် သင်္ဘောများ ဖြစ်ကြောင်း သိရသည်။

navy-5-8ဗမာရေတပ် သင်္ဘောများ ကုလားတန် မြစ်အတွင်း ကျောက်ချ ရပ်နားနေသည်ကို မြင်ရစဉ်။အမည်  မဖေါ်လိုသူ စက်လှေပိုင်ရှင် တစ်ဦးက ရေတပ် သင်္ဘောများမှ ကောက်ခံနေသော အကောက် နုန်းထားကို ယခုကဲ့သို့ ပြောသည်။

" ရှောက်ချိုသီး၊ သံပုရာသီး၊ သရက်သီး၊ နာနတ်သီး စတဲ့ ရာသီပေါ် သီးနှံတွေ တင်ဆောင်လာတဲ့ စက်လှေ တစီးကို ပုဏ္ဏားကျွန်းမြို့ ပလီပေါက် ရေတပ် သင်္ဘောက ကျပ်ငွေ ၁၀၀၀၀၊ သဗ္ဗာန် တစီးဆိုရင် ၅၀၀၀ ကျပ်စီ ကောက်ပါတယ်။ စစ်တွေ မြို့ အဝင် ဆတ်ရိုးကျ ချောင်းဝမှာ အစောင့်ချထားတဲ့ ရေတပ် သင်္ဘော ကလည်း စက်လှေတစီးကို ကျပ်ငွေ ၁၀၀၀၀၊ သဗ္ဗာန်တစီးကို ၅၀၀၀ စီ ထပ် ကောက်ပါတယ်။ သူတို့ ကို မပေးဘဲ ဖြတ်သန်း ခုတ်မောင်းလို့ မရပါ။ ဘယ်သူ့ကိုမှ အရေးမစိုက်ဘဲ တရားဝင် သဘောမျိုး ကောက်ခံ နေတာပါ။ ဒါပေမယ့် နိုင်ငံတော် အတွက် မဟုတ်ပါဘူး။ သူတို့ ကိုယ်ကျိုးအတွက် ကောက်နေတာ ဖြစ်ပါတယ်။"

ယခုကဲ့သို့ ရေတပ် စစ်သင်္ဘောများမှ တရားဝင် သယ်ယူလာသော ကုန်ပစ္စည်းများ အပေါ် မတော်မတရား အကောက် ကောက်ခံ နေသည်မှာ ယခင် နအဖ စစ်အစိုးရ လက်ထက်ကတည်းက ဖြစ်ပြီး ယခု အစိုးရသစ် လက်ထက်တွင်လည်း ဆက်လက် ကောက်ခံနေတုန်း ဖြစ်ကြောင်း သိရသည်။

" အစိုးရသစ် တက်လာတော့ နည်းနည်း အခြေအနေကောင်းလာမလားလို့ လူတွေက မျှော်လင့်ကြပါတယ်။ မျှော်လင့်တာသာ အဖတ်တင်တယ်။ ဘာမှ ပြောင်းလဲတာ မရှိပါဘူး။ ကုလားတန် မြစ်တလျှောက် ချထားတဲ့ ရေတပ် သင်္ဘောတွေက အကောက်တွေကို ဆက်ကောက်ခံ နေတုန်း ဖြစ်ပါတယ်။ သူတို့ဆီကို ဘယ်ဒေက လာတဲ့ မော်တော် စက်လှေ မဆို ကပ်ရပါတယ်။ သူတို့က လိုင်စင် စာရွက်တွေကို စစ်ဆေးသလိုနဲ့ ပိုက်ဆံ တောင်းတာပါ။ မပေးရင် အကြောင်း အမျိုးမျိုးရှာပြီး ညစ်ပါတယ်။ ဒါကြောင့် ကပ်တာနဲ့ စက်လှေသမား တွေက အလိုက်လိုက်သိသိနဲ့ သူတို့ လက်ထဲကို ပိုက်ဆံ ထိုးထည့် ပေးလိုက်ရင် ဘာမှ မစစ်ဆေး တော့ဘဲ သွားခွင့် ပြုပါတယ်" ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ် ကုလားတန် မြစ်နှင့် လေးမြို့ မြစ်ဝှမ်း တလျှောက်မှ ထွက်သော ရာသီပေါ် သီးနှံများကို ဒေသခံ ပြည်သူများက စက်လှေ၊ မော်တော်ဘုတ်နှင့် သဗ္ဗာန် လောင်းလှေများဖြင့် စစ်တွေမြို့သို့ တင်ပို့ ကြသည်။

၎င်းပြင် ထင်းတင် သဗ္ဗာန်များ၊ မီးသွေးတင် စက်လှေများနှင့် ဆန်ဆီဆား စသည့် လူသုံးကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ဘုတ်များမှလည်း အခွန်ကောက်ခံကြောင်း သိရသည်။

မြစ်ချောင်း တလျှောက်တွင် လုံခြံုရေး တာဝန် ယူထားသော ရေတပ် သင်္ဘောသားများကသာ အကောက် ကောက်ခံသည် မဟုတ်ဘဲ စစ်တွေ စျေးဆိပ်ကမ်းတွင်လည်း တာဝန်ရှိသူများက ငွေကောက်ခံနေသည်ဟု တခြား ကုန်သည် တစ်ဦးက ပြောသည်။

" စစ်တွေ မိဇံစျေးကို ရောက်ပြန်တော့ အမှတ် ၂ ရဲစခန်းက ဒုရဲအုပ် ကိုကိုက စက်လှေတစီးကို ၃၀၀၀ ကျပ်၊ သဗ္ဗာန်တစီးကို ၁၅၀၀ ကျပ်နဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်မင်းစိန်က စက်လှေတစီးကို ၁၅၀၀ ကျပ်၊ သဗ္ဗာန်တစီးကို ၅၀၀ ကျပ်စီ ကောက်ပါတယ်။ သူတို့တောင်းတဲ့့ငွေကို မပေးလို့ရှိရင် ပါလာတဲ့ ကုန်ပစ္စည်း တွေကို ကုန်းပေါ်တင်ခွင့် မပေးပါဘူး။ ဒါကြောင့် သူတို့ တောင်းသလို ပေးနေရပါတယ်" ဟု ပြောသည်။

၎င်းအပြင် စစ်တွေမြို့မှ ကုန်ပစ္စည်းများကို နယ်မြို့များသို့ သယ်ယူရာတွင်လည်း မိဇံ ဆိပ်ကမ်းတွင် ဒုရဲအုပ် ကိုကိုနှင့် မိဇံရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်မင်းစိန်တို့က နောက်ထပ် ငွေပေးရ သည်ဟု အဆိုပါ စက်လှေပိုင်ရှင်က ပြောသည်။

" ရွာကို ယူဆောင်ဖို့ ၀ယ်ထားတဲ့ ပစ္စည်းတွေကို လှေပေါ် ရောက်ဖို့ အတွက် ဆိုရင် ရေနံဆီ တပီပါကို ၃၀၀၀ ကျပ်၊ ဓါတ်ဆီ တပီပါကို ၃၀၀၀ ကျပ်၊ ငရုတ်သီးခြောက် တအိတ်ကို ၁၀၀၀ ကျပ်၊ ပဲတစ်အိတ်ကို ၁၀၀၀ ကျပ်၊ တခြား လုံချည်၊ ထမီ၊ အကျင်္ီနဲ့ ကုန်ခြောက် ပစ္စည်းတွေပါတဲ့ အထုပ်ကြီးတထုပ် ဆိုရင် ၅၀၀ ကျပ်စီ ပေးရပါတယ်။ မပေးဘူးဆိုရင် အဲဒီပစ္စည်းတွေကို လှေပေါ် ချခွင့် မပေးပါဘူး။ အခုလို စစ်တွေကို ၀င်တဲ့ အခါလည်း ရေတပ်သင်္ဘောတွေကို ပေးရသလို စစ်တွေက အထွက် ကုန်ပစ္စည်း တင်ဆောင်ခလည်း ပေးနေရတဲ့ အတွက် လုပ်ကိုင်စားသောက် ရတာ အဆင်မပြေပါဘူး။ အလုပ်မရှိတဲ့ အတွက် မရှိဆင်းရဲလို့ သာ ဒီလိုအလုပ်တွေကို လုပ်နေရတာပါ" ဟု ပြောသည်။

ရခိုင်ပြည်နယ် အနှံ့အပြားမှ စစ်တွေသို့ ကုန်ပစ္စည်းများ ရောင်းချရန် လာသော စက်လှေနှင့် သဗ္ဗာန်များကို စစ်တွေမြို့အဝင် လုံခြံုရေး တာဝန်ယူထားသော ရေတပ်သဘောင်္နှင့် ဆိပ်ကမ်း တာဝန်ရှိသူများက အဆမတန် ငွေများ ကောက်ခံနေသဖြင့် နယ်ဒေသများတွင် ကုန်ပစ္စည်းများ စျေးကြီးနေသလိုစက်လှေ ပိုင်ရှင်  များ အနေဖြင့် လည်း အလုပ် လုပ်ကိုင်စားသောက်ရသည်မှာ အဆင်မပြေ ဖြစ်နေကြကြောင်း စက်လှေပိုင်ရှင်များက ပြောသည်။

ယခုကဲ့သို့ လက်နက်ကိုင် အဖွဲ့များနှင့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများမှ ကောင်းရောင်း ကောင်းဝယ် တဝမ်းတခါးအတွက် အလုပ် လုပ်ကိုင်နေသော နိုင်ငံသားများထံမှ မတရားသဖြင့် ငွေကောက်ခံနေသည်ကို လက်ရှိ ရခိုင်ပြည်နယ် အစိုးရမှ ကောင်းစွာ သိရှိသော်လည်း တစုံတရာ ပိတ်ပင် တားမြစ် နိုင်ခြင်းမရှိ ကြောင်း သိရသည်။

Most read this week