ဒေါ်စုနှင့် ဦးအောင်ကြည် တွေ့ဆုံမှု CRPP ဆွေးနွေးမည်

ဒေါ်စုနှင့် ဦးအောင်ကြည် တွေ့ဆုံမှု CRPP ဆွေးနွေးမည်
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။        ။ အစိုးရသစ်လက် ထက် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးမှု နှင့် ပတ်သက်၍ ၁၉၉ဝ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင် CRPP များသောကြာ နေ့တွင်ဆွေးနွေး ကြမှာ ဖြစ်သည်။

crpp1998

ကာလအတန်ကြာ လှုပ်ရှားမှုပျောက်နေသော CRPP ၏ အစည်းအဝေးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်မှာ ဖြစ်သည်။

ဇူလိုင် ၂၅ ရက်နေ့က ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာ စိမ်းလဲ့ကန်သာတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်နေရာချထားရေး ဝန်ကြီးလည်းဖြစ် အလုပ်သမား ဝန်ကြီးလည်း ဖြစ်သူ ဦးအောင်ကြည်နှင့်ဒေါ်အောင်ဆန်း စုကြည် တို့ ဆွေးနွေးမှု အကြောင်းအရာနှင့် နောက်ထပ် တွေ့ဆုံ ဆွေးနွေးနိုင်ရေး အတွက်လည်း CRPPက ဆွေးနွေးမှာဖြစ်ကြောင်း အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု အပြီး ဦးအောင်ကြည်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် ပြည်သူလူထု ကိုယ်စိတ်ချမ်းသာရေးအတွက် နှစ်ဘက် ပူးပေါင်းဆောင်ရွက်နိုင်မှု၊ အများပြည်သူ အကျိုးဖြစ်ထွန်းရေးအတွက် သင့်တော်သော နေ့ရက်တို့တွင် ထပ်မံ တွေ့ဆုံကြဦးမည် ဖြစ်ကြောင်း ပြောသွားခဲ့သည်။

အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်ရန် ဆက်ဆံရေး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သော ဦးအောင်ကြည်နှင့် ၂၀၀၇ ခုနှစ်မှစ၍ ၂၀၀၉  ခုနှစ်အတွင်း ရ ကြိမ် တွေ့ဆုံ ဆွေးနွေးမှု ပြုခဲ့ပြီး ဖြစ်သည်။
dsmetuakyi
တွေ့ဆုံ ဆွေးနွေးမှုများနှင့် ပတ်သက်၍ ပွင့်လင်းရန် လိုအပ်ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေး ရရှိသည်အထိဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် လိုအပ်ကြောင်းလည်း ဦးအေးသာအောင်က သုံးသပ်သည်။

“ သူတို့ကတော့ အစိုးရသစ်လို့ ကြွေးကြော်တယ် အရပ်သား အစိုးရလို့လည်း ပြောတယ်၊ရွေးကောက်ပွဲ ကလည်း တက်လာတယ်ပေါ့ ဒါတွေနဲ့ လိုက်လျော ညီထွေတဲ့ ဆွေးနွေးပွဲတွေကိုတော့ အတိုင်းအတာ တခုအထိ လုပ်လိမ့်မယ် ဒါပေမယ့် ဘယ်လောက်အထိ ပွင့်လင်းမလဲ တကယ်တမ်း တိုင်းပြည်အတွက် ပြည်သူတွေက မျှော်မှန်းတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ရဖို့အထိ ဆွေးနွေးနိုင်ဖို့ လိုတယ်" ဟု ဦးအောင်သာအောင်က မဇ္ဈိမကို ပြောသည်။

ထို့အပြင် သောကြာနေ့တွင် ပြုလုပ်မည့် CRPP အစည်းအဝေးတွင် ယခုလ ၁၂ ရက်နေ့တွင် စတင်မည့်ဒေါ်အောင်ဆန်းစုကြည်၏ နယ်ထွက် ခရီးစဉ်များနှင့် ပတ်သက်ပြီးလည်း ထည့်သွင်း ဆွေးနွေးမည်ဟု ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

CRPP သည် ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်အဖြစ် ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးနှင့် လွှတ်တော် မပေါ်မီ လွှတ်တော်ကဲ့သို့ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ၁၉၉၈ စက်တင်ဘာလ ၁၆ ရက်နေ့တွင် NLD နှင့် ရခိုင်၊ ရှမ်း၊မွန်၊ ဇိုမီး စသည့် ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ပါတီများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

လက်ရှိတွင် CRPP ကို အမျိုးသား ဒီမိုကရေစီအဖွဲ့မချုပ်မှ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ NLD ဗဟိုအလုပ်အမှုဆောင် ဦးညွန့်ဝေ တိုင်းရင်းသား ခေါင်းဆောင်များဖြစ်သည့် ပူးကျင့်ရှင်းထန်၊ ဦးထောင်ကိုထန်း၊ နိုင်ထွန်းသိန်း၊ ဦးအေးသာအောင် တို့ဖြင့် ပါဝင် ဖွဲ့စည်းထားသည်။