အိမ်ထောင်ရေး အရှုတ်တော်ပုံ ဘိန်းမှုစွက်ရာက ကြံ့ဖွံ့ဝန်ကြီး နှုတ်ထွက်

အိမ်ထောင်ရေး အရှုတ်တော်ပုံ ဘိန်းမှုစွက်ရာက ကြံ့ဖွံ့ဝန်ကြီး နှုတ်ထွက်
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။       ။ အိမ်ထောင်ရေး အရှုပ်တော်ပုံတွင် အငြင်းပွားဖွယ်ရာ မူးယစ် ဆေးဝါး လက်ဝယ်တွေ့ရှိမှုတခု ဖြစ်ပေါ်လာ ခဲ့ပြီးနောက် အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ရှမ်းပြည်နယ် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဦးသောင်းရွှေနုတ်ထွက်ရခြင်းဖြစ်ပေါ် ခဲ့ သည်ဟု ဒေသခံများက ပြောသည်။

အစိုးရအဖွဲ့သစ် ဝန်ကြီးများအကြား ပထမဆုံး နှုတ်ထွက်မှု ဖြစ်သော ဦးသောင်းရွှေက နုတ်ထွက်စာ တင်သည့်အပေါ် ခွင့်ပြုလိုက်သည် ဖြစ်ကြောင်းကိုသာ သြဂုတ်လ ၂ ရက်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာ တွင် ပါရှိသည်။ သို့သော် မည်သည်ကြောင့် နုတ်ထွက်လိုကြောင်းကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။

usda-usdpကလောမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ၌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်ယှဉ်ပြိုင် အနိုင်ရခဲ့သော ဦးသောင်းရွှေသည် တောင်ကြီးမြို့နေ ဇနီးဖြစ်သူ ဒေါ်စန်းစန်းမြင့် ( ၅၁ နှစ်) အပြင် ကလောမြို့နေ မချောစု (၃၅ နှစ်) နှင့်ပါ  ပေါင်းသင်း နေထိုင်နေခဲ့သည်။

ဇူလိုင်လ ၁၂ ရက်နေ့က မချောစု ခေတ္တနေထိုင်နေသည့်တောင်ကြီးမြို့ ပညာရေး ကောလိပ်ရှေ့ရှိ နေအိမ်သို့ ပါဆယ်ထုပ် တထုပ် ရောက်ရှိလာခဲ့ပြီး မကြာမီမှာပင် မူးယစ်အထူးတပ်ဖွဲ့က ဝင်ရောက် ရှာဖွေမှုဖြစ်ပွားခဲ့ သည်။

ဘိန်းစိမ်း ၃ဝ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား ၈၇ ပြားကို ရဲက တွေ့ရှိပြီးနောက် မချောစု အဖမ်းခံခဲ့ရသည်။

ရဲ၏ ကွင်းဆက်ဖြင့် စုံစမ်းဖော်ထုတ်အရ ဒေါ်စန်းစန်းမြင့် အပါအဝင် ၈ ဦးကို အမှုတွင် ပါဝင် ပတ်သက်သည် ဟူသော သံသယဖြင့် ထပ်မံ ဖမ်းဆီးခဲ့သည်။

“ မူးယစ်တွေက စစ်ဆေးလိုက်တော့ ဒီအမှုက လုပ်ကြံထောင်ချောက်ဆင်ပြီး တမင် လုပ်ကြံတာပေါ်သွား တယ်လေ” ဟု တောင်ကြီးမြို့ခံ ရှေ့နေတဦးက မဇ္ဈိမကို ပြောသည်။

အမှုတွင် ပါဝင်နေသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ပုဒ်မ ၁၅/၁၉ - က/၂၁ ဖြင့် ခရိုင် တရားရုံးတွင် အမှု ဆွဲတင်ထားကြောင်း ဒေသခံ ရဲစခန်းမှ သိရသည်။

“ တရားရုံးမှာ ရင်ဆိုင်နေပါတယ် ခင်ဗျ။ ဒေါ်စန်းစန်းမြင့်ကတော့ တရားရုံးက အာမခံပေးထားတယ်ဗျ” ဟု တောင်ကြီးမြို့ အမှတ် ၂ ရဲစခန်း မှ ရဲအရာရှိတဦးက  ပြောသည်။

မချောစုနှင့် နီးစပ်သည့် အသိုင်းအဝိုင်း အဆိုအရမူ ဒေါ်စန်းစန်းမြင့်မှာ တောင်ကြီးမြို့ ၆ ရပ်ကွက် သာယာကုန်း ရှိ ဦးသောင်းရွှေ နေထိုင်သည့်အိမ်တွင် ခြေချုပ်ဖြင့် နေထိုင်နေသည်ဟု သိရသည်။

ဦးသောင်းရွှေမှာ ကြံ့ဖွံ့အမတ်အဖြစ် ဆက်လက် တည်ရှိသေးလား၊ အမတ်အဖြစ်မှပါ နှုတ်ထွက်လား ဆို သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အခြေခံ ဥပဒေတွင် အမတ်များနှင့် သက်ဆိုင်သော ကျင့်ဝတ်နှင့် စည်းကမ်းများတွင် “ လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာနှင့် လျော်ညီစွာ ပြုမူပြောဆို ဆက်ဆံနေထိုင်” ရန် လိုက်နာရမည်ဟု ပါရှိသည်။

Most read this week