နယူးဒေလီ (မဇ္စျိမ) ။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မဏ္ဍိုင်ပြုသည့် နိုင်ငံရေး လမ်းကြောင်းပေါ်မှ ဆောင်ရွက်စေလိုကြောင်း ၂ဝ၁ဝ ရွေးကောက်ပွဲဝင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ - (တစည) က တိုက်တွန်း လိုက်သည်။
“ ဖွဲ့စည်းပုံ အခြေခံကို မဏ္ဍိုင်ပြုတဲ့ နိုင်ငံရေးလမ်းကြောင်း အပေါ်မှာ လိုက်ပါ ဆောင်ရွက်ဖို့ဆိုတဲ့ဟာက ကျနော်တို့ ပါတီရဲ့ သဘောထားပဲ။ အဲဒီအတိုင်း လိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်ပါဆိုတဲ့ဟာကို ပြောတာပါ” ဟု ပါတီပြောခွင့်ရ ဦးဟန်ရွှေက မဇ္စျိမကို ပြောသည်။
လွှတ်တော် လုပ်ငန်းစဉ်မှာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဖြစ်ထွန်းရေး ခြေလှမ်းဟု အစိုးရက ပြောနေချိန် အခရာဖြစ်သော ၂ဝဝ၈ အခြေခံ ဥပဒေမှာ အာဏာသိမ်း စစ်အစိုးရက တဖက်သတ်ရေးဆွဲ ထားခြင်း ဖြစ်သည်ဟု NLD က ထောက်ပြကာ စစ်အစိုးရ၏ လမ်းပြမြေပုံတွင် ပါဝင်ခြင်း မပြုသလို အသိအမှတ် မပြုဘဲ ထားသည်။
“ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်သော်လည်းပဲ သူ့အနေနဲ့ လက်မခံဘူးဆိုတဲ့ အနေအထားမျိုး ဖြစ်တာပေါ့လေ။ အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဖြစ်လာတဲ့ ရွေးကောက်ပွဲလည်း မဝင်ဘူးဆိုတဲ့ဟာနဲ့ ဖြစ်လာတာပေါ့ လေ” ဟု ဦးဟန်ရွှေက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ပါဝင်သည့် NLD ပါတီမှာ ၁၉၉ဝ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်အနိုင်ရရှိခဲ့ သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်ကို မျက်ကွယ်ပြုခဲ့သည်။
၂ဝ၁ဝ ရွေးကောက်ပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီခေါင်းဆောင် အချို့ မပါဝင်နိုင်အောင် ရွေးကောက်ပွဲ ဥပဒေဖြင့် ကန့်သတ်ခဲ့သည်။
တစညကတော့ NLD အနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲ မဝင်ခဲ့သည့် အတွက် ပါတီတွင်း စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ပြုပြင်ပြောင်းလဲရေး အတွက် လွှတ်တော်ပြင်ပမှ ပြောဆိုခြင်းထက် လွှတ်တော်တွင်းမှ ပြောဆိုပါက ပိုမိုထိရောက် နိုင်သည်ဟု ဆိုသည်။
“ ဒီကနေ့ တိုင်းရင်းသားတွေ အတွင်းမှာ ဖြစ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေဟာလွှတ်တော် ထဲမှာ အများကြီး ပြောလို့ဆိုလို့၊ လုပ်လို့ရတဲ့ အနေအထားတွေ ရှိလာမယ်။ ဒီ Institution ကနေပြီးတော့ အကောင်အထည် ဖော်တဲ့ဟာက အပြင်က ပြောနေတာထက် စာရင် ပိုပြီးတော့ ထိရောက်လိမ့်မယ်” ဟု ဦးဟန်ရွှေက ဆိုသည်။
တစညက NLD ကို ရွေးကောက်ပွဲဝင်ရန် တိုက်တွန်းချိန်မှာ ကြားဖြတ် ရွေးကောက်ပွဲ လုပ်ရန် စီစဉ်နေချိန်နှင့်ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို နိုင်ငံရေး လှုပ်ရှားမှု မလုပ်ရန်နှင့် ပြည်ထဲရေးဝန်ကြီးဌာနကစာပို့ထား ပြီးချိန်နှင့် တိုက်ဆိုင်နေသည်။
NLD က ပါတီ ရပ်တည်ရေး အတွက် လူ့အခွင့်အရေး ကြေညာစာတမ်းပါ အသင်းအပင်း တည်ထောင်ခွင့်နှင့် စည်းရုံးခွင့် ပြဋ္ဌာန်းထားသော်လည်း လက်ရှိအစိုးရက ရပ်တည်ခွင့်အတွက် ဥပဒေကြောင်းအရ ဖိနှိပ်ချုပ်ချယ်နေသည့် အတွက် ကုလ လူ့အခွင့်အရေး ကောင်စီသို့ တင်ပြရန် စီစဉ်နေသည်။
စစ်တပ်ကြိုးကိုင်ထားသော လွှတ်တော်တွင်း အတိုက်အခံ ပါတီများ၏ လုပ်ပိုင်ခွင့်ကို ဝေဖန်သူများက သံသယ ရှိကြသော်လည်း ၂၆ နှစ်ကြာ အာဏာရပြီး ၁၉၈၈ ခုနှစ်က လူထုအုံကြွမှုကြောင့်ပျက်ပြားသွားခဲ့ ရသော မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမွေဆက်ခံသော တစည ကတော့ ယခုအစိုးရ သက်တမ်းမှာ နုသေးသည့်အတွက် ၂ နှစ်ခွဲခန့်ထိ စောင့်ကြည့်ဖို့ လိုသည်ဟု ဆိုသည်။
“ Division of Power အရ လုပ်သွားရမယ်။ အဲဒီလို သတ်မှတ်ထားရဲ့သားနဲ့ ဗဟိုက ချုပ်ကိုင်ပြီးလုပ်မယ် ဆိုရင် ကျနော်တို့ ပါတီကလည်း လက်မခံပါဘူး။ ဒါ ကန့်ကွက်ပြီး ပြောဆိုမှာပါပဲ” ဟု ဦးဟန်ရွှေကပြော သည်။
တစည၏ တိုက်တွန်းမှုနှင့် ပတ်သက်၍ NLD အနေဖြင့် တစုံတရာ မှတ်ချက် မပေးလိုကြောင်း၊ ယခုကိစ္စသည် ပါတီ မူဝါဒပိုင်း ဖြစ်သည့် အတွက် မပြောဆိုလိုကြောင်း ငြင်းဆန်သည်။
“ ကျနော်တယောက်တည်း သဘောနဲ့လည်း ပြောလို့ မရဘူးဗျ။ အတော်လေးကို Higher Policy ပါ။ Higher Policy ဆိုတာ ခေါင်းဆောင်တွေကော၊ စီအီးစီကေ ဆုံးဖြတ်မှရတာ။ ဒီဟာပေါ်မှာ ကျနော် ဘာမှပြောစရာ မရှိပါဘူး” ဟုNLD ဗဟိုကော်မတီဝင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
မိမိတို့ ပါတီအနေဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံကြောင်းနှင့် တရားဝင် ရပ်တည်ဆဲဖြစ် ကြောင်း သူက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်သင့်ကြောင်းနှင့် လက်တွေ့ကျသည့် လမ်းကြောင်းကို ရွေးချယ်သင့်ကြောင်း ရွေးကောက်ပွဲဝင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားအဖွဲ့ချုပ်ကရှုမြင်သည်။
“ ၉ဝ ရွေးကောက်ပွဲ ရလဒ်ကို ဆုပ်ကိုင်ပြီး သွားတဲ့ နိုင်ငံရေးက မမှန်ဘူးလို့ မပြောပေမယ့် သဘာဝလည်း မကျတော့ဘူး။ အလုပ်လည်း ဖြစ်တော့မှာ မဟုတ်ဘူးလေ။ အလုပ်မဖြစ်တဲ့ ဟာချည်းကို ဆုပ်ကိုင်ပြီးတော့ သွားနေတဲ့ နိုင်ငံရေးကနေပြီးတော့ အခု အလုပ်ဖြစ်တဲ့ လက်တွေ့ဘဝထဲကနေ သွားလို့ရတဲ့ နိုင်ငံရေးကို ပယ်ထားတဲ့ ကိစ္စကတော့ အားလုံးအတွက် နစ်နာတာပေါ့ဗျာ” ဟု ပါတီခေါင်းဆောင် ဦးအေးလွင်က ပြောသည်။
လက်ရှိတွင် ပါတီစုံ ဒီမိုကရေစီ စနစ်ကို သွားနေပြီ ဖြစ်သော်လည်း အားနည်းနေသေးကြောင်း၊ ဒေါ်အောင် ဆန်းစုကြည်သာ ပါဝင်ပါက ပြည်သူများ ပိုမို ပါဝင်လာနိုင်ကြောင်း ဦးအေးလွင်က ပြောသည်။