ကရင်နီပြည်နယ် မော်ချီးမြို့နယ်တွင် အစိုးရ စစ်ကြောင်း တခုအား ကရင်နီတပ်မတော်ကဝင် ရောက်ပစ်ခတ် ရာ အစိုးရ တပ်သားတဦး ဒဏ်ရာ ရပြီး တဦး ကျဆုံးသည်ဟု ကရင်နီတပ်မတော်က ပြောသည်။
ဖာဆောင်းမြို့နယ် မော်ချီးမြို့ အနောက်ဘက် သေကောခိုရွာ အခြေစိုက် အစိုးရ ခလရ ၁၃၄ စစ်ကြောင်းအား ကရင်နီတပ်မတော် တပ်ရင်း ၁ က ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဇူလိုင်လ ၂၀ ရက်နေ့ မနက် ၆ နာရီ ၄၀ မိနစ်ခန့်၌ သေကောခိုရွာတွင် တိုက်ပွဲ တကြိမ် ဖြစ်ပွားပြီး ည ၉ နာရီ ၁၀ မိနစ်ခန့်၌ ကူးသရိုး ရွာတွင် တကြိမ် တိုက်ပွဲ ထပ်မံ ဖြစ်ပွားသည်ဟု ကရင်နီတပ်မတော်က ဆိုသည်။
“သူတို့ရဲ့ စခန်းကို ကျနော်တို့ တပ်ဖွဲ့ တဖွဲ့က ၀င်ပစ်တယ်။ အဲနေရာကနေ ကိုးသရိုးရွာကို သူတို့ပြန်ဆုတ် သွားတော့ ကျနော်တို့ နောက်တပ်ဖွဲ့ တဖွဲ့က ၀င်ပြီး ပစ်တယ်” ဟု ကရင်နီ တပ်မတော် တပ်ရင်း ၁ မှ အဖွဲ့ဝင် တဦးက ပြောပြသည်။
သေကောခို ပြောက်ကျား တိုက်ပွဲတွင် အစိုးရတပ်မှ တပ်သားတဦး ဒဏ်ရာရရှိပြီး ကူးသရူးရွာ တိုက်ပွဲတွင် အစိုးရတပ်မှ တပ်သား တဦး ကျဆုံးသည်။ ကရင်နီ တပ်မတော်ဘက်တွင်မူ ထိခိုက် ဒဏ်ရာရရှိမှု တစုံတရာ မရှိဟု သိရသည်။ ဤသတင်းနှင့် ပတ်သက်၍ သီးခြား အတည်ပြုချက် မရရှိပါ။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း၌ အစိုးရတပ်နှင့် ကရင်နီတပ်မတော်သည် ဖာဆောင်းမြို့နယ် သေကောခို၊ ကညောလို၊ ထီးဒူးခီး၊ ကူးသရိုး၊ သေကောခို စသည့် ဒေသများတွင် တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့သည်။
“အခု ဗမာတွေ ကျနော်တို့ ကရင်နီဘက်ကို စစ်ဆင်ရေးတွေ စတင်လုပ်ဖို့ ရှိတယ် ဆိုတဲ့ သတင်းတွေကြားရ ပါတယ်။ တခြားတိုင်းရင်းသားတွေကို သူတို့ တိုက်ပြီးပြီလေ။ အဲဒါ ကျနော်တို့ဘက်က ပြင်ဆင်မှုတွေ လုပ်နေရပါပြီ။ အခု တပ်စခန်းတွေကို ပြုပြင်နေရပါတယ်” ဟု ကရင်နီတပ်မတော် တပ်ရင်း ၂ မှ အရာရှိ တဦးက ပြောသည်။