ချင်းမုုိင်(မဇ္ဈိမ) ။ ။ နေပြည်တော်တွင်ကျင်းပ မည့် အမျိုးသားအဆင့် စီးပွားရေးအလုပ်ရုံ ဆွေးနွေး ပွဲသို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားရန် ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ဒေါ်အောင်ဆန်းစုကြည်ကို မက်ခရိုဘောဂဗေဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေး အဖွဲ့ဝင်တဦး ဖြစ်သည့် ဒေါက်တာနေဇင်လတ်၏ ပြောဆိုချက်ကို ကိုးကားပြီး RFA မြန်မာပိုုင်းအစီအစဉ်က ဖော်ပြထားသည်။
ဖိတ်ကြားချက် နှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ဆက်သွယ်မေးမြန်းရာယင်းကိစ္စ နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ NLD နှင့် တစုံတရာ ဆွေးနွေးခြင်း မရှိကြောင်း NLDဗဟိုကော်မီ တီဝင် ဦးဝင်းတင်က မဇ္စျိမသို့ ပြောသည်။
“ ဒီစစ်အစိုးရနဲ့ NLD ပါတီ အနေနဲ့ ပြောလို့မရ၊ ဆိုလို့မရ ဖြစ်နေတဲ့အချိန်မှာ သူက တဦးချင်းဆောင်ရွက်တာပဲ လို့ ကျနော် ယူဆပါတယ်” ဟု ဦးဝင်းတင်က ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီသည် တရားဝင်ပါတီ အဖြစ်မှ ပျက်ပြယ်ခြင်း ရှိမရှိ ဆိုသည့်အချက် တွင် NLD နှင့် အစိုးရအကြား အချေအတင် ဖြစ်နေသည်။
အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က တသီးပုဂ္ဂလ အနေဖြင့် စီးပွားရေး ဆွေးနွေးပွဲ သွားတက်မည် ဆိုပါက NLD မပါဘဲ တဦးချင်း လှုပ်ရှားမှု ပိုမို လုပ်လာသည့် အနေအထား တိုးမြှင့်လာခြင်း ဖြစ်သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ လတ်တလော ထုတ်ပြန်ထားသည့် တိုင်းရင်းသားဒေသများရှိ လက်နက်ကိုင် ပဋိပက္ခများ ကို ဆွေးနွေးအဖြေရှာရန် ပန်ကြားချက် တွင် ပါတီအမည်ကို ထည့်သွင်းထားခြင်း မရှိဘဲ မိမိတဦးတည်း အမည်ဖြင့် လက်မှတ်ရေးထိုးထားသည်။
ဦးသိန်းစိန် ဦးဆောင်သည့် ကြံ့ဖွံ့အစိုးရ တက်ပြီးနောက် နေပြည်တော်တွင် မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ၂ ကြိမ် ကျင်းပခဲ့သည်။ ပထမတကြိမ်တွင် ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြီး ဒုတိယတကြိမ်တွင် E-Government ဖေါ်ဆောင်ရေးအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ ခဲ့သည်။
ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲ၌ နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒေါက်တာ ဦးမြင့်က ‘ ဆင်းရဲမွဲတေမူ လျှော့ချရေး လမ်းပြ စာတမ်း’ ကို တင်သွင်းခဲ့ဖူးသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့်အား ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုရှိသည်။