ကရင်နီ နယ်ခြားစောင့်တပ် ရှမ်းပြည်နယ်ပို့မည်ကို စိုးရိမ်

ကရင်နီ နယ်ခြားစောင့်တပ် ရှမ်းပြည်နယ်ပို့မည်ကို စိုးရိမ်
by -
နှောင်းလှိုင်

စစ်ရေးမွမ်းမံ သင်တန်းဆင်း ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့ဝင် များသည် အစိုးရတပ်က ၎င်းတို့အား လတ်တလော တိုက်ပွဲများ ဖြစ်ပွားနေရာရှမ်းပြည် တပ်မတော် (SSA) ထိန်းချုပ်သည့် နယ်မြေတွင်း ပို့ဆောင်မည်ကို စိုးရိမ်နေကြသည်။

ယင်း ကလလတ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို လွိုင်ကော် ဒေသကွပ်ကွဲရေး စစ်ဌာနချုပ်(ဒကစ) ကကရင်နီ ပြည် မယ်စဲ့မြို့နယ် ပန်တိန်းတွင် တလကြာ စစ်ရေးမွမ်းမံသင်တန်း ပို့ချပေးခြင်းဖြစ်သည်ဟု ကလလတ နှင့် နီးစပ်သူ တဦးက ပြောသည်။

ဇွန်လ ၂၇ ရက်နေ့မှ ဇူလိုင်လ ၂၇ ရက်နေ့အထိ ဒကစမှ ပို့ချပေးသော စစ်ရေးမွမ်းမံသင်တန်းကိုနယ်ခြား စောင့်တပ် အမှတ် ၁၀၀၄ တပ်ရင်းမှ တက်ရောက်ပြီး သင်တန်းတွင် စစ်ရေးသဘောတရားများသင်ကြားပို့ချ သည်။

ထို့နောက် ၁၀၀၅ တပ်ရင်းအား ထပ်မံပို့ချရန် စီစဉ်နေသည်ဟု ကလလတနှင့် နီးစပ်သူက ပြောပြသည်။

knplf1004ကလလတ တပ်ဖွဲ့ဝင်များအား SSA နယ်မြေသို့ ပို့ဆောင်ခြင်း မပြုရန် ကလလတ အမှတ် ၁၀၀၄ တပ်ရင်းမှ တပ်ရင်းမှူး ရိစမာက အစိုးရတပ်ကို အသနားခံထားသည်ဟု သိရသည်။

“တပ်ရင်းမှူးက အသနားခံထားတယ်။ ရှမ်းပြည်မပို့ပါနဲ့။ ဒီကယားပြည်မှာပဲ နေပါရစေပေါ့” ဟု ကလလတ နှင့် နီးစပ်သူက ပြောသည်။

ကလလတ တပ်ဖွဲ့ဝင်များအား ရှမ်းပြည်ပို့မည့်အစီအစဉ်ကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီကလည်း ကြားသိရသည်ဟု ဆိုသည်။

“စစ်ဖြစ်တဲ့နေရာကို ပို့ခံရမယ်ဆိုရင်တော့ နယ်ခံတပ်တွေပေါ့။ ဒကစ လက်အောက်ခံတပ်ရင်းတွေ ပြန်လာ ထိုင်မယ်လို့တော့ ကြားနေရတယ်” ဟု ကရင်နီပြည်ထဲရေး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗားမားနိုင်က ပြောသည်။

ကလလတသည် တပ်ရင်း ၂ ရင်းရှိရာ တပ်ရင်းမှူး ရိစမာ ဦးဆောင်သည့် တပ်အင်အား ၃၂၆ ဦး ရှိသည့် အမှတ် ၁၀၀၄ နယ်ခြား စောင့်တပ်အဖွဲ့သည် မယ်စဲ့မြို့နယ်တွင် အခြေစိုက်ပြီး တပ်ရင်းမှူး ဆီးမိုးနယ် ဦးဆောင်သည့် အမှတ် ၁၀၀၅ တပ်ရင်းသည် ဘောလခဲမြို့နယ်တွင် အခြေစိုက်သည်။

၁၉၇၈ ခုနှစ်တွင် ကလလတသည် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ ခွဲထွက်ပြီး ၁၉၉၄ ခုနှစ် မေလတွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရယူခဲ့သည်။ ၂၀၀၉ ခုနှစ် နို၀င်ဘာလ ၈ ရက်နေ့တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့ကြသည်။