ချင်းမိုင် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အခြေခံအဆောက် အဦးများဆောက်လုပ် ရေး စီမံကိန်းကိုမစတင်ရ သေးသော်လည်း စီမံကိန်း လာရောက်လုပ်ကိုင် မည့်သူများအတွက်ရည်မှန်းကာထားဝယ်မြို့ ပေါ်တွင် ဇူလိုင်လဆန်းမှ စ၍တရား မဝင်အနှိပ် ခန်းများ စတင်ဖွင့်လှစ်လာ ကြောင်း မြို့ခံများက ပြောသည်။
ရပ်ကွက်ပေါင်း ၁၅ ရက်ကွက်ရှိသည့် ထားဝယ်မြို့ပေါ်တွင် လောလောဆယ် အနှိပ်ခန်း ၈ ခုခန့် ရှိသွားပြီ ဖြစ်သည်။ အစိုးရ အာဏာပိုင်များ ရုံးစိုက်ရာ ဆန်းချီရပ်ကွက်တွင် ၃ ခု ရှိပြီး၊ ဝဲကျွန်း ရပ်ကွက်တွင် ၄ ခုနှင့် ကြက်စာပြင် ရပ်ကွက်တွင် ၁ ခု တို့ ဖြစ်ကြောင်း မြို့ခံများက ပြောပြသည်။
“အရင်ကတော့ မရှိပါဘူး။ ရေနက်ဆိပ်ကမ်းကို သွားလာနေတဲ့ လုပ်ငန်းရှင်တွေ အတွက် ရည်ရွယ်ပြီး ဖွင့်ကြတဲ့ သဘောပါ။ ကိုယ့် ပိုင်ရာ ပိုင်ရာတွေနဲ့ ညှိပြီးဖွင့်ကြတာပေါ့။ တရားဝင်တော့ မဟုတ်ဘူးပေါ့ဗျာ။တချို့ဆိုင်တွေ ဆိုရင် သူ့မိတ်နဲ့သူတောင် ရှိနေပြီ”ဟု မြို့ခံ စီးပွားရေး လုပ်ငန်းရှင်တဦးက မဇ္စျိမကို ပြောသည်။
gateway
ဤစီမံကိန်းကြောင့် ဒေသတွင်း ပေါင်းစည်းမိရေး နယ်ခြားဖြတ်ကျော် စင်္ကြံလမ်းတခု ဖြစ်လာမည်ဟုမျှော်မှန်း ထားသည်။ ဆိပ်ကမ်းနှင့် အခြား သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကြောင့် ထိုင်း၊ တရုတ်၊ ဗီယက်နမ်နှင့် လာအို ပို့မည့် ကုန်စည်များ မလက္ကာ ရေလက်ကြား ဖြတ်ရန် မလိုတော့ဘဲ ခရီးတိုသွားမည် ဖြစ်သည်။ (ဓာတ်ပုံ-ထားဝယ်ဖွံ့ဖြိုး ရေးစီမံကိန်းစာစောင်)
အစောပိုင်း တွက်ချက်မှုအရ အမေရိကန် ဒေါ်လာ ၈ ဘီလီယံအထိ ကုန်ကျနိုင်သော စီမံကိန်းကို ၂ဝ၁၂ခုနှစ် တွင် စတင်မည်ဟု စီမံကိန်း အကောင်အထည်ဖော်မည့် ထိုင်းနိုင်ငံရှိ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီ အီတာလျံ-ထိုင်း ကုမ္ပဏီက ကြေညာထားသည်။
ထားဝယ်မြို့သည် စီမံကိန်းနှင့် မိုင် ၂၀ ဝေးသော်လည်း အနီးဆုံးမြို့ဟု ဆိုနိုင်ပြီး လက်ရှိတွင် ယင်းစီမံကိန်း အတွက် စူးစမ်းလေ့လာသော ပြည်တွင်းပြည်ပ လုပ်ငန်းရှင်ကြီးများ အဓိက တည်းခိုကြသည့်မြို့ ဖြစ်သည်။
ထားဝယ်မြို့ပေါ်ရှိ ခရိုင်အဆင့် ရဲအရာရှိ တဦးကမူ မြို့ပေါ်တွင် တရားမဝင်သည့် ပြည့်တန်ဆာခန်းများ၊ အနှိပ်ခန်းများ ဖွင့်လှစ်ခြင်း မရှိဟု မဇ္စျိမကို ပြောကြားသည်။
သို့သော် အနှိပ်ခန်း ပိုင်ရှင်များသည် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ ရဲနှင့် စစ်ဘက်ရေးရာ လုံခြံုရေးအဖွဲ့ - စရဖ စသည့် အာဏာပိုင်မျာနှင့် နားလည်မှု ရယူပြီး လစဉ်ကြေး (လာဘ်ထိုး) ပေးဆောင် လုပ်ကိုင်ကြသည်ဟု ထားဝယ်ခရိုင် ရဲစခန်းနှင့် နီးစပ်သူ တဦးကလည်း ခန့်မှန်းပြောဆိုသည်။
အနှိပ်ခန်းများ အားလုံးကို နံနက် ၁၁ နာရီမှ ည ၁၂ နာရီထိ ဖွင့်လှစ်ရန်သာ မြို့အုပ်ချုပ်ရေးက ခွင့်ပြုပေးထား
သော်လည်း ညအိပ်ညနေ အနှိပ်ခံနိုင်သည်ဟုလည်း အဆိုပါ မြို့ခံက ပြောသည်။
ထိုအနှိပ်ခန်းများတွင် အနှိပ်သည်အဖြစ် လုပ်ကိုင်သူ အမျိုးသမီးများမှာ ဧရာဝတီတိုင်းနှင့် အခြား နယ်မြို့များမှ ရန်ကုန်မြို့သို့ လာရောက် အလုပ် လုပ်ကိုင်သူများ ဖြစ်ပြီး ၎င်းတို့ကို အနှိပ်ခန်းဖွင့်မည့် လုပ်ငန်းရှင်များက လမ်းစရိတ်ပေး၍ ထားဝယ်သို့ ခေါ်ဆောင်လာသည်ဟု သိရကြောင်း လုပ်ငန်းရှင်တဦးက မဇ္စျိမကို ပြောသည်။
အနှိပ်ခံပါက ၂ နာရီကြာ အနှိပ်ခံရန် အတွက် ကျပ် ၄၅၀၀ ယူပြီး ညလုံးပေါက် အနှိပ်ခံမည် ဆိုပါက ကျပ် ၂၅ဝဝဝ ယူသည်ဟု သူက ပြောသည်။
အနှိပ်သမများသည် အသက် ၁၈ နှစ်အရွယ်မှ အသက် ၄ဝ အရွယ်အတွင်း ရှိသော်လည်း အသက်၂ဝ ဝန်းကျင် အရွယ်များက အများဆုံးဖြစ်ကာ ၂ဝဝ၈ ခုနှ်တွင်းက နာဂစ်မုန်တိုင်းသင့်ရာ ဧရာဝတီတိုင်းတွင်းမှ အများဆုံး
ဖြစ်သည်ဟု သူက ပြောသည်။
ယခင်က အနှိပ်ခန်းပေါင်း ၃၀၀၀ နှင့် ၃၅၀၀ အကြား ဖွင့်လှစ်ခဲ့သည့် ရန်ကုန်မြို့ပေါ်တွင် မေလ၂၇ ရက်နေ့က အနှိပ်ခန်းများ ပိတ်သိမ်းရန် ရန်ကုန်တိုင်း အုပ်ချုပ်ရေး အာဏာပိုင်များက ညွှန်ကြားခဲ့ပြီး ကာရာအိုကေ ဆိုင်များပါ ပိတ်သိမ်း စေခဲ့သည်။
တလမပြည့်မီမှာပင် အနှိပ်ခန်းအချို့ ပြန်လည် ခိုးဖွင့်လာကြသော်လည်း အလုပ်လက်မဲ့ဖြစ်သူများက နယ်စပ်မြို့
များဘက်သို့ သွားရောက်၍ ရွှေ့ပြောင်း လုပ်ကိုင်ကြသည်ဟု ပြည်တွင်းထုတ် ဂျာနယ်များတွင် ဖော်ပြသည်။