ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန်မှ အင်တာနက်နည်းပညာ လုပ်ငန်းကြီးတခု ဖြစ်သည့် Akamai က နောက်ဆုံး ထုတ်ပြန်လိုက်သည့် “အင်တာနက် အခြေအနေ” အစီရင်ခံစာ၌ အင်တာနက် လမ်းကြောင်းပေါ် တိုက်ခိုက်ရေး လွှတ်တင်မှုများ (Attack Traffic) တွင် မြန်မာနိုင်ငံက အမြင့်ဆုံး နိုင်ငံ ဖြစ်လာကြောင်း ဖေါ်ပြချက်ကို မြန်မာ IT ပညာရှင်များအကြား သံသယရှိနေကြသည်။
အင်တာနက် သုံးစွဲသူ အရေအတွက် နည်းပါးပြီး မြန်နှုန်း နှေးကွေးသည်ဟု လူသိများသော မြန်မာနိုင်ငံသည် ကမ္ဘာတဝှမ်း အင်တာနက် လမ်းကြောင်းပေါ် တိုက်ခိုက်ရေး လွှတ်တင်မှုများ စုစုပေါင်း၏ ၁၃% မြစ်ဖျား ခံသဖြင့် ထိပ်ဆုံးနေရာတွင် ရှိနေကြောင်း ၃ လ တကြိမ် အင်တာနက် အခြေအနေ တင်ပြသည့် Akamai အစီရင်ခံစာတွင် ဖေါ်ပြထားခြင်း ဖြစ်သည်။
၂ဝ၁၁ ခုနှစ် ပထမ ၃ လပတ် ကာလအတွင်း ကမ္ဘာပေါ်ရှိ ၁၉၉ နိုင်ငံအနက်မှ မြန်မာက နံပါတ် ၁ နေရာ ရောက်လာခြင်းကို ၎င်းတို့ ကိုယ်တိုင်လည်း “အံ့သြမိသည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ နောက်တွင် အမေရိကန် ပြည်ထောင်စုနှင့်် ထိုင်ဝမ်တို့က ဒုတိယနှင့် တတိယ အသီးသီး လိုက်နေသည်ဟု လည်း ဆိုသည်။
အင်တာနက် လမ်းကြောင်းပေါ် တိုက်ခိုက်ရန် လွှတ်တင်မှုများကို မြန်မာနိုင်ငံသားများက ဆောင်ရွက်ခြင်း မဟုတ်ဘဲ အခြားနိုင်ငံများမှ နေ၍ မြန်မာအင်တာနက် လမ်းကြောင်းကို တဆင့်ခံ အသုံးပြုကာတိုက်ခိုက ်ခြင်း ဖြစ်နိုင်သည်ဟု အိန္ဒိယနိုင်ငံ အခြေစိုက် Burma Information Technology Team (BIT) မှ IT ပညာရှင် တဦး ဖြစ်သည့် ကိုအောင်ကျော်မျိုးက ပြောသည်။
“ဒီနေ့ ကမ္ဘာမှာ မြန်မာနိုင်ငံသားတွေ လုပ်တာလို့ ပြောလို့ မရတော့ပါဘူး။ ‘အင်တာနက် ကမ္ဘာ’ မှာတနေရာ ကနေ တနေရာ၊ တနိုင်ငံက တနိုင်ငံ ပြောင်းရွှေ့ အခြေချမှုက (ပြင်ပ) လူသားကမ္ဘာထက် အဆများစွာ ပိုပြီး ဘာအကန့်အသတ်မှ ရှိမနေတာကို သတိပြု ရပါမယ်။” ဟု ၎င်းက ပြောသည်။
ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် မြန်မာပြည်သို့ လာရောက်ကာ တိုက်ခိုက်မှုများဆောင်ရွက်နိုင်ခြင်း လည်း ဖြစ်နိုင်သည်ဟု ၎င်းက ဆက်ပြောသည်။
မြန်မာပြည်တွင်းရှိ အမည်မဖေါ်လိုသည့် ထိပ်တန်း IT ပညာရှင်တဦး ကမူ မြန်မာနိုင်ငံတွင်း၌ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများ တပ်ဆင် အသုံးပြုရာတွင် လုံခြုံရေးအရ အားနည်းချက်များ အမှန်တကယ် ရှိနေသည်ဟု ဆိုသည်။ အထူးသဖြင့် ISP (Internet Service Provider) အင်တာနက် ဝန်ဆောင်မှု ပေးသည့် ဌာနက တပ်ဆင် သုံးစွဲသူများအား အင်တာနက် ဆာဗာနှင့် ဆိုင်သည့် အချက်အလက်မှန် အားလုံးကို ပေးခြင်းဖြင့် ဆာဗာလုံခြံုမူ နည်းပညာပိုင်း အားနည်းနေကြောင်း ယခုလိုပြောသည်။
“ ပထမဆုံးမှား နေတာက နက်ဝေါ့ဒီဇိုင်းပိုင်း (Network Design) မှာ မြန်မာပြည်မှာ အင်တာနက် သုံးရင် အချက်အလက် အမှန်တွေကို ကိုယ်တိုင် ထည့်သုံးရတယ်။ ဒီအချက်အလက်ကို သုံးစွဲသူတွေကိုပေးထား တော့ ဟက်ကာကလည်း ဒီအချက်အလက်တွေကို ရနိုင်တယ်။ ဘယ်နိုင်ငံမှာမှ နိုင်ငံအဆင့် ဆာဗာ အချက်အလက်တွေကို မပေးဘူး။” ဟု အဆိုပါ IT ပညာရှင်က ပြောသည်။
သို့သော် အခြားတဖက်တွင်မူ မြန်မာစစ်တပ်က အင်တာနက် စစ်ဆင်ရေး (Cyber Warfare) အတွက် တပ်မတော် နည်းပညာ ကျောင်းသားများကို ပြည်ပသို့ စေလွှတ်၍ လေ့ကျင့်သင်ကြားပေးမှုများ ရှိနေသည်ဟု ပြည်တွင်းပြည်ပ IT ပညာရှင်များက ယုံကြည်နေသည်။
မြန်မာပြည်၏ အင်တာနက် ချိတ်ဆက်ပေးမှု ဆိုင်ရာ (Networking) ကွန်ယက် နည်းပညာ လုပ်ငန်းတွင် ရှရှားပြန် စစ်အင်ဂျင်နီယာ (ME, Phd) ဘွဲဲ့လွန်အဆင့် ဗိုလ်မှူး၊ ဗိုလ်ကြီးများ က ထိန်းချုပ်ထားသည်ဟု လည်း IT ပညာရှင် အသိုင်းအဝိုင်းထံမှ သိရသည်။
ပြည်တွင်း၌ အများပြည်သူများ သုံးစွဲနိုင်မည့် Internet Bandwidth (အင်တာနက် လမ်းအကျယ်) ကို မြန်မာ့ ဆက်သွယ်ရေးက ထိန်းချုပ်ထားပြီး မြန်နှုန်း နှေးကွေးအောင် ပြုလုပ်ထားကြောင်း၊ တပ်တွင်း နှင့်အစိုးရ ဌာနများ သုံးစွဲသည့် Internet Bandwidth ကို ကာကွယ်ရေးဝန်ကြီး ဌာနက ထိန်းချုပ်ထားပြီး မြန်နှုန်း အပြည့်သုံးစွဲနိုင်သည်ဟု ယင်းပြည်တွင်း IT ပညာရှင်က ပြောသည်။
မြန်မာစစ်တပ်မှ ပြည်ပသို့ ထွက်ပြေးလာသည့် ဗိုလ်မှူး စိုင်းသိန်းဝင်းက သူ၏ Facebook account နှင့် Gmail account များကို ယခုနှစ် မေလပိုင်းတွင် Password ခိုးယူခြင်း၊ အချက်အလက်များကို ခိုးယူခြင်း ဆောင်ရွက်ခဲ့ သဖြင့် မြန်မာနိုင်ငံမှ အင်တာနက် လမ်းကြောင်းပေါ် တိုက်ခိုက်ရေး လွှတ်တင်မှုများ ဆောင်ရွက် နေသည်မှာဖြစ်နိုင်ကြောင်း ဆိုသည်။
ဗိုလ်မှူးစိုင်းသိန်းဝင် းက “ မြန်မာနိုင်ငံက Internet attacking လုပ်တာ ပိုတိုးလာတယ် ဆိုတာကလည်း အတိုက်အခံ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ သတင်း အချက်အလက်ကို အစိုးရကစုံစမ်းထောက် လှမ်းမှုတွေ ပိုတိုးပြီး လုပ်လာလို့ ဖြစ်နိုင်ပါတယ်။” ဟုဆိုသည်။
မြန်မာနိုင်ငံ၌ ၂ဝ၁ဝ ခုနှစ် ဇွန်လိုင်လ အထိ အင်တာနက် သုံးစွဲသူ ဦးရေ ၄ သိန်းကျော်သာ ရှိသည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) စာရင်းဇယားတွင် ဖေါ်ပြထားသည်။ ထို့အတွက် အင်တာနက် သုံးစွဲသူ သန်းပေါင်းများစွာ ရှိပြီး ခေတ်ရှေ့ပြေး နည်းပညာများ သုံးနေသည့် နိုင်ငံများကို ကျော်ဖြတ်ကာ အင်တာနက် လမ်းကြောင်းပေါ် တိုက်ခိုက်ရေး လွှတ်တင်မှုများ တွင် မြန်မာနိုင်ငံက မည်သည့် အတွက် အများဆုံး ဖြစ်နေရသည်ကို မြန်မာ IT ပညာရှင်များ က တိတိကျကျ မပြောနိုင်ပဲ ရှိနေသည်။