ချင်းမိုင် (မဇ္စျိမ) ။ ။ မြန်မာအစိုးရ အနေဖြင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများလုပ်ဆောင်ရာ ၌ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း သည်သာ တခုတည်းသော အရေးအကြီးဆုံး ခြေလှမ်း ဖြစ် ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက ပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ ဇူလိုင် ၂၅ ရက်နေ့က ရန်ကုန်စိမ်းလဲ့ ကန်သာတွင် ၁ဝ ကြိမ်မြောက် အဖြစ် တွေ့ဆုံခဲ့ကြအပြီး ၄ ရက်အကြာ၌ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်အား တယ်လီဖုန်းဖြင့် တိုက်ရိုက် ပြောကြားလိုက်ခြင်း ဖြစ်သည်။
“နိုင်ငံတကာက မြင်တွေ့လိုသည့် တခုထဲသော အရေးအကြီးဆုံး ခြေလှမ်းအဖြစ် နိုင်ငံရေး အကျဉ်းသား များကို လွှတ်ပေးရန် လိုအပ်ပြီး “ အစိုးရအသစ်က နိုင်ငံကို ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် ချမ်းသာ ကြွယ်ဝရေး တို့အတွက် ရှေ့သို့ အခိုင်အမာ ရွေ့လျားနေသည်ဟုလည်း ယုံကြည်ကြောင်း” အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလဌာနချုပ်ရုံး သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဦးဝဏ္ဍမောင်လွင်၏ ပြန်လည် ပြောဆိုချက်ကို ထုတ်ပြန်ချက် အတွင်း၌ မတွေ့ရသော်လည်း သူသည် မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား မရှိကြောင်း တောက်လျှောက် ငြင်းဆိုလာသူဖြစ်ပြီး ဇွန်လက နေပြည်တော်၌ အမေရိကန် ရီပတ်ပလင်ကန် အောက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်နှင့် တွေ့ဆုံစဉ်ကလည်း အကျဉ်းထောင်များအတွင်း တည်ဆဲ ဥပဒေများကို ချိုးဖောက်သူများသာ ရှိသည်ဟု ပြောဆိုခဲ့သေးသည်။
ဂျွန်မက်ကိန်းက နိုင်ငံတကာ လူ့အခွင့်အရေး ကောင်စီ၏ စာရင်းဇယားအရ နိုင်ငံရေး အကျဉ်းသားများ ရှိသည်ဟုပြောဆိုခြင်းအပေါ် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးကလည်း နိုင်ငံရေး အကျဉ်းသား မရှိဟုငြင်းဆိုသည်။
အတိုက်အခံ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးနေသည့် ရန်ကုန်မြို့နေ ရှေ့နေကြီး ဦးအောင်သိန်းက “နိုင်ငံတကာက ဝိုင်းဝန်းလာတယ် ဆိုရင်တော့ သူတို့ဟာ သူတို့ မလုပ်ဘဲ နေသည့် တိုင်အောင် တနည်းမဟုတ် တနည်းတော့ အလေးထားမှုတော့ ရှိလာတာပေါ့” ဟုကြိုဆိုစကား ပြော သည်။
အစိုးရက သဘောကွဲလွဲသူများကို ထောင်ချရာတွင် နိုင်ငံရေး အကျဉ်းသားဟု ပုဒ်မ သီးသန့် မရှိသဖြင့် နီးစပ်ရာပြစ်မှု ဥပဒေများဖြင့် အရေးယူခြင်း ဖြစ်ကြောင်း ရှေ့နေကြီးက ပြောသည်။
“ ဒါပေမယ့် ဒီလူတွေရဲ့ အနှစ်သာရနဲ့ လုပ်ဆောင်ချက်ကို ကြည့်ရင် အများနဲ့ သက်ဆိုင်တဲ့၊ နိုင်ငံတော် အတွက် အရေးပါ အရာရောက်တဲ့ ကိစ္စတွေပေါ်မှာ တောင်းဆိုတာ၊ ဆန္ဒထုတ်ဖော်တာ ဖြစ်တဲ့အတွက် နိုင်ငံရေးအရ ဆောင်ရွက်တယ်လို့ ကျနော်က ပြောမယ်”
ဦးအေင်သိန်းနှင့် ၈၈ မျိုးဆက် ကျောင်းသား နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များက ထောင်ဒဏ် ၆၅ နှစ်ကျော် ကျခံနေရသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြံုးချို၊ ကိုမြအေး၊ ကိုဉာဏ်လင်း၊ ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်၊ ကိုအောင်သူ၊ ကိုမျိုးအောင်နိုင် စသည့် ကျောင်းသား ခေါင်းဆောင် ၉ ဦး လွတ်မြောက်ရေး အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တင်ပြ ရန် စတင် ပြင်ဆင်နေပြီ ဖြစ်သည်။
ကော့သောင်းထောင်၌ သွေးတိုးဝေဒနာ ခံစားနေရသည့် သားဖြစ်သူ ကိုပြံုးချိုကို ဇူလိုင် ၁ ရက် နေ့က သွားရောက် တွေ့ဆုံခဲ့သည့် ဖခင် ဦးဝင်းမောင်က ဘန်ကီမွန်းက ဦးဝဏ္ဍမောင်လွင်အား ဖုန်းဖြင့်ပြောဆို သည်ကို ကြားသိနေပြီး “ ထမြောက်အောင်မြင်ဖို့ကို ကျနော်တို့က မျှော်လင့်ရတာ ပေါ့လေ။ နည်းနည်းများ ထူးခြားလာ မလားလို့ပေါ့” ဟု ပြောသည်။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၉၆ တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည်အကျဉ်းသားတဦး ကို ဥပဒေနှင့်အညီ စီရင်ထားခြင်း ဟုတ်မဟုတ် ပြန်လည် စိစစ်နိုင်ရန် အကျဉ်းသားအား တရားရုံးရှေ့မှောက် တင်သွင်းရန် “ရှေ့တော်သွင်း စာချွန်တော် အမိန့်” ထုတ်နိုင်ကြောင်း ပါရှိသည်။
မြန်မာနိုင်ငံတွင် လက်ရှိ နိုင်ငံရေး အကျဉ်းသား ၁၉၉၄ ဦး ကျန်သည့် အနက် ၈၈ ကျောင်းသား ခေါင်းဆောင် စုစုပေါင်း ၃၇ ဦးရှိကြောင်း ပြည်ပအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP-B မှ ပြောသည်။
အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ၁၉၉၁ ခုမှစ၍ မြန်မာနိုင်ငံနှင့်ပတ်သက် ပြီး ဆုံးဖြတ်ချက်ပေါင်း ၂ဝ ခန့် ချမှတ်ခဲ့သည်။ သို့သော်လည်း မြန်မာအစိုးရက လစ်လျူရှုခဲ့ကာအကောင် အထည် မပေါ်ခဲ့သော်လည်း မစ္စတာဘန်ကီမွန်းကမူ လာမည့် ၂ဝ၁၂ ခုနှစ် ကုလ အထွေထွေညီလာခံကြီး တွင် အပြောင်းအလဲများ ဖြစ်စေရန် ထပ်မံကြိုးစားဦးမည်ဟု သိရသည်။