စစ်တွေဟိုတည် ၀န်ထမ်းများ ဆုံးရှံုးနေသော သူတို့အခွင့်အရေးအတွက် ချီတက်တောင်းဆို

စစ်တွေဟိုတည် ၀န်ထမ်းများ ဆုံးရှံုးနေသော သူတို့အခွင့်အရေးအတွက် ချီတက်တောင်းဆို
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် စစ်တွေ ဟိုတည်မှ ၀န်ထမ်း ၄၃ ဦး သည် သူတို့၏ ဆုံးရှံုးနေသော အခွင့်အရေးများပြန် လည် ရရှိရန်အတွက် လွန်ခဲ့သော သောကြာနေ့က စစ်တွေ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ချီတက်ပြီး သူတို့ အခွင့်အရေးများကို စုရုံးတောင်းဆိုခဲ့ကြသည် ဟု သတင်း ရရှိသည်။

Sittwe-Hotel
အမည် မဖေါ်လိုသူ အမျိုးသမီး ၀န်ထမ်း တစ်ဦးမှ သူတို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထိ ချီတက်ပြီး တောင်းဆို ရသည့် အကြောင်း အရင်းကို ယခုကဲ့သို့ ပြောသည်။

" ကျွန်မတို့ စစ်တွေ ဟိုတည်က ၀န်ထမ်း စုစုပေါင်း ၄၆ ဦးကို စစ်တွေ ဟိုတည်ကို ပုဂ္ဂလိက လက်ထဲကို လွဲလိုက်တဲ့ အခါ ၀န်ထမ်းတွေကိုပါ တခါတည်း လွဲပေးလိုက်ပါတယ်။ ဒါ့အပြင် ကျွန်မတို့ရဲ့ ပေးနေကျ လစာကို ဇူလိုင်လ ၂၉ ရက်နေ့ သောကြာနေ့မှာ ပေးရမှာကို မပေးဘဲ ထားတဲ့ အတွက် ဒါဟာဘာ သဘောလဲ ဆိုတာကို သိလိုတဲ့ အတွက် ကျွန်မတို့ ၀န်ထမ်း ၄၃ ဦးက စစ်တွေမြို့ အထွေထွေအုပ်ချုပ် ရေးမှူး ရုံးကို ခုလိုဘဲ ချီတက်ပြီး စုရုံးတောင်းဆိုရတာ ဖြစ်ပါတယ်။"

စစ်တွေ ဟိုတည်မှာ ယခင်က ဟိုတည်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန လက်အောက်တွင် ရှိခဲ့ပြီးဝန်ထမ်း များမှာလည်း အဆိုပါ ၀န်ကြီးဌာန လက်အောက်တွင် တာဝန် ထမ်းဆောင်ခဲ့သည့် အစိုးရ ၀န်ထမ်းများ ဖြစ်ကြသည်။
Sittwe-Hotel--Arakan-state-Burma
များမကြာမှီက စစ်တွေဟိုတည်ကို အစိုးရမှ ပုဂ္ဂလိက လက်ထဲ လွဲပြောင်းပေးအပ်ခဲ့ရာ သံတွဲမြို့မှ ရွိုင်ယယ်လ် ဘီးချ် ( Royal Beach) ဟိုတည် ပိုင်ရှင် ဦးနေမျိုးထွန်းလက်ထဲ လွဲပြောင်းပေးခဲ့သည်။ ၎င်းနောက်ပိုင်း ၀န်ထမ်းများကိုပါ ပုဂ္ဂလိက လက်သို့ လွှဲပြောင်းခဲ့သည်။

" ကျွန်မတို့က အစိုးရ ၀န်ထမ်းတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် အစိုးရ ၀န်ထမ်း ဖြစ်ပါရဲ့သားနဲ့ ပုဂ္ဂလိက လက်ထဲကို လွှဲပေးတာကို ကျွန်မတို့ မကျေနပ်ဘူး။ ဘယ်သူမှလည်း အစိုးရ ၀န်ထမ်းဘဝနဲ့ ပုဂ္ဂလိက လက်ထဲမှာ မလုပ်ချင်ကြဘူး။ ဒါကြောင့် ကျွန်မတို့က ကျွန်မတို့ရဲ့ မိခင် ၀န်ကြီးဌာနမှာဘဲ ဆက်လက် တာဝန် ထမ်းဆောင်ချင်တဲ့ သဘောပါ။ ဒါကြောင့် ကျွန်မတို့ ဒီအခွင့်အရေးကို ရဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်" ဟု သူမက ဆက်ပြောသည်။

စစ်တွေ ဟိုတည်မှ ၀န်ထမ်းများ စုရုံး တောင်းဆိုသည့်နေ့က သမ္မတ ဦးသိန်းစိန်လည်း စစ်တွေမြို့ကို ရောက်ရှိ နေပြီး လုံခြံုရေးကိုလည်း ထူထပ်စွာချထားခဲ့ကြောင်း သိရသည်။

တခြား ဟိုတည် ၀န်ထမ်း တစ်ဦးကလည်း သူတို့ တောင်းဆိုပွဲမှာ တစုံတရာ အနှောင့်အယှက်မရှိခဲ့ကြောင်း ကို ယခုကဲ့သို့ ပြောသည်။

" ကျွန်တော်တို့အထဲက တစ်ဦးဘဲ အာဏာပိုင်တွေနဲ့ တွေ့ဆုံခွင့်ရပါတယ်။ အဓိကတော့ အင်အားပြတဲ့ သဘောမျိုးနဲ့ အခွင့်အရေးတွေကို တောင်းဆိုတာ ဖြစ်ပါတယ်။ ဇူလိုင် လကုန်ရက်က တနင်္ဂနွေနေ့ ရုံးပိတ်ရက် ဖြစ်နေတော့ သောကြာနေ့မှာ ကြိုလစာ ထုတ်ပေးရမှာကို မထုတ်ပေးဘဲထားတော့ဒီအခွင့် အရေးကို ယူပြီး အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ညနေပိုင်းမှာ ချီတက် သွားပြီး တောင်းဆိုခဲ့တာဖြစ်ပါ တယ်။ အခုတော့ လစာလည်း ရပြီး ပါပြီ" ဟု သူက ပြောသည်။

ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သူတို့အား စုရုံး တောင်းဆိုပွဲ ပြုလုပ်အပြီး နောက်တစ်နေ့ စနေနေ့တွင် ၀န်ထမ်းများ၏ လစာကို ထုတ်ပေးလိုက်ကြောင်း သိရသည်။ အကယ်၍ တောင်းဆိုမူ မပြုလုပ်ပါက ၀န်ထမ်းများ၏ လစာကို အစိုးရက ပေးနိုးနိုး ဟိုတည် ပိုင်ရှင်က ပေးနိုးနိုးဖြင့်ကြန့်ကြာမူ ရှိနိုင်ကြောင်း သူက ပြောသည်။

စစ်တွေဟိုတည်ကို ယခင် ဟိုတည်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာက ကိုင်ခဲ့ပြီး လွှတ်တော်များပေါ်ပေါက် လာသောအခါ လွှတ်တော် ကိုယ်စားလှယ်များ တည်းခိုရန် အတွက် ပြည်ထဲရေး ၀န်ကြီးဌာနသို့ လွဲပြောင်း ပေးခဲ့သည်ဟု သိရသည်။ ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက် ရောက်ရှိပြီးနောက် စစ်တွေ ဟိုတည်ကို အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ကိုင်တွယ်ခဲ့သည်။ ၎င်းနောက်ပိုင်းတွင် အဆင််မပြေသဖြင့် စစ်တွေ ဟိုတည်ကို ပုဂ္ဂလိက လက်သို့ လွဲပြောင်း ပေးလိုက်သည်။

ထိုကဲ့သို့ စစ်တွေ ဟိုတည်ကို အဆင့်ဆင့် လက်ပြောင်း လက်လွှဲ လုပ်နေကြသဖြင့် ဟိုတည်ရှိ ၀န်ထမ်းများ အနေဖြင့် အထူး အခက်တွေ့နေကြရပြီး ယခုတခါ ပုဂ္ဂလိက လက်ထဲ လွဲပြောင်းပေးလိုက်သဖြင့် အစိုးရ ၀န်ထမ်းဘဝ ပုဂ္ဂလိက ၀န်ထမ်းများ ဖြစ်သွားကြရသဖြင့် ၀န်ထမ်းများမှ အထူး မကျေမနပ်ဖြစ်နေကြ ကြောင်း သတင်း ရရှိသည်။

Most read this week