ကရင်နီပြည် ဖရူဆိုမြို့နယ်တွင် စစ်ရေးလေ့ကျင့် ရေးကွင်းအတွက် သိမ်းဆည်းလိုက်သောဒေသ ခံခြံမြေများအတွက် ထိုက်တန်သည့်လျော် ကြေးငွေများ မပေးဆောင်နိုင်ပါက လူ့အခွင့် အရေးချိုးဖောက်မှုမြောက်သည်ဟု လူ့အခွင့်အရေး ပညာပေးဌာနကဆိုသည်။
အစိုးရမှ လျှော်ကြေးငွေအဖြစ် ခြံမြေ တစ်ဧကလျှင် ကျပ်ငွေငါးသောင်း ပြန်လည်ပေးဆောင်သော်လည်း သိမ်းဆည်းခံရသည့် ဒေသခံများ၏ ရပ်တည်ရသည့် ဘဝနှင့် ထိုက်တန်သည့် လျော်ကြေးငွေများပေးဆောင် ရန် လိုအပ်သည်ဟု လူ့အခွင့်အရေး ပညာပေးဌါန (မြန်မာနိုင်ငံ)သင်တန်းမှူး အောင်ဇော်ထွေးက ပြောသည်။
၎င်းက “အခုလိုခြံမြေတွေ သိမ်းပြီးတော့ လူထုအကျိုးအတွက် မလုပ်ဘဲ စစ်ရေးအရ၊ စစ်ဗျူဟာအရ လုပ်တာက မဖြစ်သင့်တဲ့ကိစ္စပါ။ စစ်တပ်စခန်းတွေ ရှိထားတဲ့ နေရာတွေမှာလုပ်လို့ရတယ်။ အခုက ပြည်သူတွေရဲ့ စီပွားရေးကို ထိခိုက်တယ် နောက်တခုက ဒေသခံတွေရဲ့ လယ်ယာမြေပိုင်ဆိုင်မှု တွေကိုထိခိုက်တယ်” ဟုပြောပါသည်။
၂၀၁၁ ခုနှစ် ဇွန်လှိုင်လကစပြီး စစ်ရေးလေ့ကျင့်ရေးကွင်း ဆောက်လုပ်ရန်အတွက် လောဂျာ၊ ဒေါလောခူနှင့် မားပရိုရှေ့ ကျေးရွာအကြားတွင် လူထုများ၏ ခြံမြေ ဧကပေါင်း ၂၇၀၀ ဧကကို ဒေသခံလူထုများ၏ သဘောထားကို မရယူဘဲ သိမ်းဆည်းလိုက်သည်။ သိမ်းဆည်းလိုက်သောမြေ တစ်ဧကကို အစိုးရမှ ကျပ် ၅၀၀၀၀ သောင်းစီ လျှော်ကြေးပေးမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
“တစ်ဧကကို ဘယ်လောက်တန်တယ် ဆိုတာထက် ကျနော်တို့က ဒီမြေကွက်နဲ့ဘဲ နှစ်တိုင်းလုပ်ကိုင်စား သောက်နေရတာ အခုလို ကျပ်ငွေငါးသောင်းနဲ့ တန်ဖိုးဖြတ်တော့ နောက်နှစ်တွေမှာ မိသားစုအခက်အခဲ နဲ့ကြံုတွေ့နိုင်တယ်။ တကယ်ဆို သူတို့က ထိုက်တန်တဲ့ လျော်ကြေးနဲ့တခုခုပြန်လုပ်ပေးဖို့ သင့်ပါတယ်။ အခုလိုလုပ်လိုက်တာ သူတို့က လူထုတွေရဲ့အခွင့်အရေးကို အလေးမထားတာဘဲ” ဟုခြံမြေသိမ်းဆည်း ခံရသည့် ဒေသခံတဦးက ပြောသည်။
ယခုနှစ် နှစ်စပိုင်းအတွင်းကစပြီး ခမရ ၅၇၆ မှ ဖရူဆိုမြို့နယ်တွင်းရှိ ဒေါလော်ခူ၊ လောဂျာနှင့် မားပရိုရှေ့ ကျေးရွာအနီးနားတဝိုက်မှ လေးမိုင်ပတ်လည်ရှိ ပြည်သူပိုင် ခြံမြေများကို တိုင်းတာသတ်မှတ်မှုများပြုလုပ်ခဲ့ရာမှ ယခုလိုသိမ်းယူလိုက်ခြင်းဖြစ်သည်။
“ကျနော်တို့ နိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဖိနှိပ်မှုတွေ ဆက်ရှိနေသေးတယ်ဆိုရင်ကျနော်တို့ နိုင်ငံဟာ ဘယ်တော့မှ ဖွံ့တိုးတက်မှာမဟုတ်ဘူး။ လူ့အခွင့်အရေးချိုးဖောက်မှု၊တိုင်းရင်းသားအခွင့်အရေး ချိုးဖောက် ဖိနှိပ်မှုတွေ ပပျောက်အောင် ကျနော်တို့အားလုံးပါ၀င် ဆောက်ရွက် လုပ်ဆောင်သွားဖို့လိုပါတယ်” ဟု ဦးအောင်ဇော်ထွေးက ပြောသည်။