ရခိုင် ရေကြောင်းလိုင်းများ ပုဂ္ဂလိက ရရှိပြီးနောက် သင်္ဘောခ ၆ ဆထိ တိုးမြှင့်ကောက်၍ ခရီးသွား ပြည်သူများ အခက်ကြံု

ရခိုင် ရေကြောင်းလိုင်းများ ပုဂ္ဂလိက ရရှိပြီးနောက် သင်္ဘောခ ၆ ဆထိ တိုးမြှင့်ကောက်၍ ခရီးသွား ပြည်သူများ အခက်ကြံု
by -
တာကလူး

ရခိုင်ပြည်နယ် အတွင်း အရေးပါသည့် ပြည်သူပိုင် ရေကြောင်းလိုင်းများကို ပုဂ္ဂလိကသို့ ငှါးရမ်းလိုက်ပြီး နောက်ပိုင်း သင်္ဘောခများကို ၆ ဆထိ တိုးမြှင့် ကောက်ခံနေသဖြင့် ခရီးသွားပြည်သူများ အထူး အခက်အခဲ ကြံုတွေ့နေကြရကြောင်း သတင်း ရရှိသည်။

ရခိုင်ပြည်နယ် အတွင်း လူသွား လူလာ အများဆုံး ရေကြောင်းလိုင်း တစ်ခု ဖြစ်သည့် စစ်တွေ- ဘူးသီးတောင် သင်္ဘောလိုင်းကို ကြံ့ခိုင်ရေး ပါတီ အမာခံများ ပိုင်ဆိုင်သော သီဟရာဇာ ကုမ္ပဏီက ရရှိပြီးနောက် သင်္ဘောခကို ထိုသို့ ၆ ဆထိ တိုးမြှင့်ကာ အဆမတန် ကောက်ခံလိုက်သည်။
Farry-ship-in-Arakan
ခရီးသွားလာနေသူ ပြည်သူတစ်ဦးက ယခုကဲ့သို့ သင်္ဘောခကို အဆမတန် တိုးမြှင့်လိုက်ခြင်းမှာ ပြည်သူများ အပေါ် လုံးဝ သနား ငဲ့ညှာခြင်း မရှိဘဲ ပြုလုပ်လိုက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“ အရင်က စစ်တွေ- ဘူးသီးတောင် သင်္ဘောလိုင်းက သင်္ဘောခ ၅၀၀ ကျပ် ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီက ထိပ်ပိုင်း ခေါင်းဆောင်တွေပိုင်တဲ့ သီဟရာဇာ ကုမ္ပဏီကို ဌားရမ်းလိုက်တော့ သင်္ဘောခကို ၆ ဆထိ မြင့်ပြီး ၃၀၀၀ ကျပ်ထိ တိုးမြှင့်လိုက်ပါတယ်။ ခုလို မတန်တဆ တိုးမြှင့်လိုက်တဲ့ အတွက် ခရီးသွားပြည်သူတွေ အထူး ဒုက္ခ ရောက်သွား ကြရပါတယ်။ ပြည်သူတွေရဲ့ အခက်အခဲတွေကို မထည့်တွက်ဘဲ ခုလို ကောက်ခံတာဟာ လူထုကို သနား ငဲ့ညှာတဲ့ သဘော မရှိဆိုတာကို ပြသလိုက်တာဘဲ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းပြင် အဆိုပါ လူကြီးက သင်္ဘောခကို တိုးမြှင့်လိုပါက နှစ်ဆ သုံးဆထက် ပိုတိုးမြှင့် မကောက်သင့်ကြောင်းနှင့် ယခုကဲ့သို့ ၆ ဆထိ တိုးမြှင့်ကောက်ခံလိုက် သဖြင့် ခရီးသွားပြည်သူများကို များစွာ ထိခိုက်စေခဲ့သည်ဟု ပြောသည်။

အလားတူ စစ်တွေ- မြောက်ဦး ရေကြောင်းလိုင်းနှင့် စစ်တွေ-တောင်ကုတ် သင်္ဘောလိုင်းများတွင်လည်း သင်္ဘောခများကို တိုးမြှင့်လိုက်ကြောင်း သိရသည်။

“ကျွန်တော်တို့ အခုပုဂ္ဂလိက လက်ထက်မှာ ပေးနေရတာက စစ်တွေကနေ မြောက်ဦးကို ၁၅၀၀ ကျပ်၊ ဘူးသီးတောင်ကို ၃၀၀၀ ကျပ် နဲ့ တောင်ဂုတ်ကို ၈၀၀၀ ကျပ် ပေးနေကြရပါတယ်။ ဒါ့အပြင် သင်္ဘောလက်မှတ် ၀ယ်ဖို့ ဖောင်ဖြည့်ခလဲ ၅၀ ကျပ်စီ ပေးနေကြရပါတယ်။ အယင်က အစိုးရလက်ထက်တုန်းကဆို စစ်တွေကနေ မြောက်ဦးကို ၃၀၀ ကျပ်၊ ဘူးသီးတောင်ကို ၅၀၀ ကျပ် နဲ့ တောင်ဂုတ်ကို ၃၀၀၀ ကျပ်ပဲ ပေးခဲ့ကြရပါတယ်” ဟု ၄င်းဒေသခံ လူကြီးက ပြောသည်။

အဆိုပါ သင်္ဘောခမှာ အခင်းမပါသည့် သင်္ဘောကြမ်းပြင်ပေါ်တွင် စီနင်းလိုက်ပါခွင့် သက်သက်ဖြစ်ပြီး၊ ထိုင်ခုံဖြင့် ထိုင်လိုလျှင် ထိုင်ခုံတစ်လုံးကို ခရီးစဉ်အလိုက် ကျပ် ၁၀၀၀ မှ ၃၀၀၀ ထိပေးဆောင်ကြရပြီး၊ သီးသန့် အခန်းဖြင့် သွားလိုလျှင် အခန်းငှါးခ အဖြစ် ကျပ် ၃၀၀၀ မှ ၆၀၀၀ အထိ အသီးသီးပေးဆောင်ကြရကြောင်းလည်း သူက ဆက်ပြောသည်။

အဆိုပါ ပြည်တွင်းရေကြောင်းလိုင်း သင်္ဘောများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးအပ်လိုက်ခြင်းကိစ္စ နှင့်ပတ်သတ် ၍ နိရဥ္စရာမှ စစ်တွေရှိ ပရသဖ ခေါ် ပြည်တွင်းရေကြောင်းဦးဌာနရုံးကို ဆက်သွယ်ခဲ့သည်။ သို့သော်လည်း တာဝန်ကျ လူကြီးက ထိုအကြောင်းနှင့် ပတ်သတ်၍ တစုံတရာ ထုတ်ဖေါ်ပြောကြားရန် ငြင်းဆိုခဲ့သည်။

ဒေသခံ သတင်းရပ်ကွက်များ၏ အဆိုအရ ရခိုင်ပြည်နယ်အတွင်း အဓိက အရေးပါသည့် ရေကြောင်းလိုင်း ၃ ခုတွင် ခရီးသည်သာမက ကုန်ပါတင်ဆောင် ပြေးဆွဲနေသည့် သင်္ဘော (၉)စီးကို ပြည်တွင်းရေကြောင်းဦးစီး ဌာနမှ ပုဂ္ဂလိက ကုမ္ပဏီများသို့ ယခုလ (၁၂)ရက်နေ့တွင် ခြောက်လစာချုပ်ဖြင့် လွှဲပြောင်း ငှါးရမ်းလိုက်ကြောင်း သိရှိရသည်။

၄င်းရေကြောင်းလိုင်းသုံးခုတွင် (၂၂၄)မိုင် အကွာအဝေးရှိသည့် စစ်တွေ-တောင်ဂုတ် ရေကြောင်းတွင် ဆွဲနေသည့် သင်္ဘော (၃)စီးကို ဦးကျောက်တောင် ကုမ္ပဏီ၊ မိုင် ၈၀ အကွာအဝေးရှိသည့် စစ်တွေ ဘူးသီး တောင် ရေကြောင်းတွင်ဆွဲနေသည့် တခြား သင်္ဘော ၃ စီးကို သီဟရာဇာ ကုမ္ပဏီ နှင့် မိုင် (၄၀) ကွာဝေးသည့် စစ်တွေ-မြောက်ဦး ရေကြောင်းတွင်ဆွဲနေသည့် ကျန် သင်္ဘော (၃)စီးကို ဦးသိန်းစိုး ကုမ္ပဏီသို့ အသီးသီး လွှဲပြောင်း ငှါးရမ်းလုပ်ပိုင်ခွင့် ပေးထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ သင်္ဘောများကို ပုဂ္ဂလိက လက်သို့ လွဲပြောင်း ပေးအပ်လိုက်ပြီးနောက် ၀န်ဆောင်မှုလည်း ပိုမို ဆိုးရွား သွားကြောင်းနှင့် ခရီးသွားပြည်သူများမှာ သင်္ဘောဖြင့် ခရီးသွားလာရာတွင် ထိခိုက်နစ်နာ နေကြရသည်ဟု လည်း သတင်း ရရှိသည်။

ပုဂ္ဂလိက များအနေဖြင့် ၄င်းသင်္ဘောများကို ငှါးရမ်းပြီး ခရီးသွားပြည်သူများကိုထက်သူတို့ပိုင်ဆိုင်သောကုမ္ပဏီ များ၏ ၀န်တင်ဝန်ချ လုပ်ငန်းများကိုသာ အဓိကထား လုပ်ဆောင်နေကြခြင်းကြောင့် ခရီးသည်ဝန်ဆောင်မှုများ မှာ ယခင်ကထက် ပိုမိုဆိုးရွားလာနေကြောင်း စစ်တွေ-ဘူးသီးတောင်လိုင်း ဓညဝတီ (၁) သင်္ဘောမှ သင်္ဘောသား တစ်ဦးက ပြောသည်။

“ကုမ္ပဏီပိုင်ရှင်တွေက ကြံ့ဖွံ့အမာခံတွေဖြစ်ပြီး အစိုးရနဲ့အထူးနီးစပ်သူတွေဆိုတော့ ဘယ်သူ့ကိုမှ အရေး မစိုက်ဘူးဗျာ။ ခရီးသည်တွေကို သွားချင်သွား မသွားချင်နေဆိုတဲ့ သဘောပေါ့။ သင်္ဘောတွေကို သူတို့ရဲ့ အကျိုးအမြတ်အတွက် သူတို့ ကုမ္ပဏီတွေရဲ့ ၀န်တင်ဝန်ချလုပ်ငန်းတွေကိုသာ အဓိကထားလုပ်နေကြတော့ ခရီးသည် ၀န်ဆောင်မှုတွေက အရင်ကထက် ပိုဆိုးသွားတာပေါ့ဗျာ” ဟု ၄င်းသင်္ဘောသားက ပြောသည်။

၄င်းအပြင် အဆိုပါ ပုဂ္ဂလိက ကုမ္ပဏီများမှာ သင်္ဘောများ၏ ခရီးစဉ်များအတွက် လိုအပ်သည့် ဆီများကို အစိုးရမှ စျေးနှုန်းချိုသာစွာဖြင့် ထုတ်ဝေပေးထားသည့် အတွက်ကြောင့် အမြတ်အစွန်းများ ပိုမိုရရှိနေကြ ကြောင်းလည်း ၄င်း သင်္ဘောသားက ပြောသည်။

စစ်အစိုးရအာဏာသိမ်းပြီးနောက် ၂၀၀၀ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်အတွင်း စစ်တွေ-ရန်ကုန် ကားလမ်း အပါအဝင် မြို့တစ်ခုနှင့် တစ်ခု ဆက်သွယ်နိုင်သည့် လမ်းပိုင်းတချို့ကို ဖွင့်လှစ်ပေးခဲ့ပြီး နောက်ပိုင်း ပြည်တွင်း ရေကြောင်း ဆက်သွယ်ရေး ဦးစီးဌာနမှ ဒေသတွင်း သင်္ဘောလိုင်းများကို တဖြည်းဖြည်းချင်းရပ်တန့်လာ ခဲ့သည်။

ထိုသို့ ရပ်တန့်လာခဲ့ပြီးနောက်ပိုင်း အစိုးရမှ လက်ရှိကျန်ရှိနေဆဲ ဖြစ်သည့် သင်္ဘောလိုင်းများကို ပုဂ္ဂလိကများသို့ များမကြာမီက ငှါးရမ်း လွှဲပြောင်း လုပ်ပိုင်ခွင့် ပြုလိုက်ခြင်းဖြစ်သည်။

သို့သော်လည်း အစိုးရမှ ဖောက်လုပ်ပေးထားသည့် ကားလမ်းများမှာ စနစ်တကျ ခိုင်ခိုင်ခံ့ခံ့ တည်ဆောက် ပေးထားသည့် လမ်းများ မဟုတ်ပဲ လမ်းများကိုဖွင့်လှစ်ပေးခဲ့ပြီး နောက်ပိုင်း လပိုင်း အတွင်းတွင်ပင် ယိုယွင်း ပျက်စီးလာခြင်းကြောင့် ဒေသခံပြည်သူများမှာ ပြည်တွင်း ခရီးသွားလာရေးအတွက်ရေကြောင်း လမ်းများကိုသာ အဓိက အားထား နေကြရဆဲဖြစ်သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ်အတွင်း မိုးကြီးရေလွှမ်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် စစ်တွေ-ရန်ကုန် အဝေးပြေး ကားလမ်းမ အပါအဝင် ပြည်တွင်းလမ်းမ အများအပြားမှာ ယခင်ကယိုယွင်းပျက်စီးနေ သည့်အထဲ ပိုမို ပျက်စီးသွားသဖြင့် ယခုအချိန်အထိ လမ်းဆက်သွယ်ရေး ပြတ်တောက်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ အစိုးရမှ ကားလမ်းများကို အကြောင်းပြုကာ ရေကြောင်းသင်္ဘောလိုင်းများကို ရပ်တန့်လာခဲ့ခြင်းကြောင့် ပြည်တွင်းခရီးသွားလာရေး လိုအပ်ချက်နှင့်အညီ မော်တော်ဘုတ်ငယ်များဖြင့် ခရီးသည်များကိုသာတင်ဆောင် သည့် ပုဂ္ဂလိက အမြန်ရေယာဉ် ကုမ္ပဏီတစ်ချို့ ပေါ်ပေါက်လာခဲ့သည်။ သို့သော်လည်း အဆိုပါ အမြန်ယာဉ် များမှာ စျေးနှုန်းကြီးမားလွန်းသည့် အတွက်ကြောင့် ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေကြရသည့် ပြည်သူအများစုမှာ ၄င်းယာဉ်များဖြင့် ခရီးသွားလာနိုင်ခြင်း မရှိကြသေးပေ။

မြစ်ချောင်းများပေါများသည့် ကမ်းရိုးတန်းဒေသ ရခိုင်ပြည်နယ်အတွင်း ရေကြောင်းဖြင့် ခရီးသွားလာရေးမှာ ယခုအချိန်အထိ အဓိကလိုအပ်နေဆဲဖြစ်ပြီး အများပြည်သူများ၏ ခရီးသွားလာရေးကို ပိုမိုခက်ခဲစေသည့် ပုဂ္ဂလိက ကုမ္ပဏီများသို့ လွှဲပြောင်းပေးလိုက်ခြင်းမှာ အစိုးရအနေဖြင့် ပြည်သူများ၏ ဆင်းရဲဒုက္ခ အဝဝကို မျက်ကွယ်ပြုလိုက်ခြင်းပင် ဖြစ်သည်ဟု စစ်တွေဒေသခံက ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်တို့ ပြည်နယ်ထဲမှာ ကားလမ်းတွေက တော်တော်ဆိုးတာကြောင့် ခရီးသွားပြည်သူအများစုမှာ ရေကြောင်းလမ်းတွေကိုပဲ အဓိက အားထားသွားလာနေကြရဆဲဖြစ်ပါတယ်။ ဒီလို ပြည်တွင်း ခရီးသွားလာရေး အတွက် အလိုအပ်ဆုံးဖြစ်နေတဲ့ ပြည်တွင်း သင်္ဘောလိုင်းတွေကို တဖြည်းဖြည်း ရပ်တံ့ပစ်ပြီးတော့ ကျန်ရှိနေတဲ့ အဓိက အရေးပါနေတဲ့ သင်္ဘောလိုင်းတွေကိုလဲ ပိုမိုခက်ခဲ ဆိုးရွားလာအောင် ပုဂ္ဂလိက ကုမ္ပဏီတွေကိုငှါးရမ်း လုပ်ပိုင်ခွင့် ပြုလိုက်တာဟာ အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခ အခက်အခဲတွေကိုလျစ်လျူရှူ ပြီး တော့ ပိုမို ခက်ခဲအောင် ပြုလုပ်လိုက်တာပဲ ဖြစ်ပါတယ်” ဟု ၄င်းဒေသခံက ပြောသည်။

အစိုးရမှ သင်္ဘောလိုင်းများကို ငှါးရမ်းလုပ်ခွင့် ပြုထားသည့် ဦးကျောက်တောင်အပါအဝင် ကုမ္ပဏီပိုင်ရှင်များမှာ လက်ရှိအစိုးရကို ဦးဆောင်ကြိုးကိုင်ထားသည့် ကြံ့ဖွံ့ပါတီ၏ ဒေသဆိုင်ရာ ထိပ်တန်းအမာခံ အဖွဲ့ဝင်များ ဖြစ်ကြောင်းလည်း သိရှိရသည်။

Most read this week