ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။    ။ အရပ်သားအစိုးရသစ်တွင် သမ္မတနှင့် စစ်တပ်အကြား အားပြိုင်နေသည့် အတွက် အစိုးရ အဖွဲ့တွင်း ဦးစွာညှိနှိုင်းမှသာလျှင် အများလိုချင် သည့် ငြိမ်းချမ်းရေးအတွက်ပြုလုပ်နိုင် မည်ဟုညီညွတ် သော တိုင်းရင်သားလူမျိုးများ ဖက်ဒရယ် ကောင်စီ -UNFC အထွေထွေအတွင်း ရေးမှူး နိုင်ဟံသာက ပြောသည်။

UNFC တွင် ကရင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ NMS၊ ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် SSPP/SSA၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် ချင်းအမျိုးသားတပ်ဦး CNF တို့မှာ အခြေခံအဖွဲ့ဝင်များအဖြစ် ပါဝင်သည်။

UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာကို မဇ္စျိမသတင်းထောက် ထွန်းထွန်းက ဆက်သွယ်မေးမြန်းထား သည်။
nainghanthar

UNFC အဖွဲ့ဝင်တွေရဲ့ အဓိက တောင်းဆိုချက်ကကော ဘာများလဲဗျ။

“ကျနော်တို့ရဲ့ အဓိကတောင်းဆိုချက်ကတော့ ကျနော်တို့ နိုင်ငံက လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တဲ့ အပေါ်မှာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့။ လူမျိုးတိုင်း၊ လူမျိုးတိုင်းမှာ အမျိုးသားကိုယ် ပိုင် ပြဋ္ဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေးတွေ ရှိဖို့။ အဲဒီလို စစ်မှန်တဲ့ ပြည်ထောင်စုမျိုးကို ပြန်လည်ဖွဲ့စည်းနိုင် ဖို့ ပေါ့ဗျာ။ နောက် လွယ်လွယ်နဲ့ ပြောရမယ်ဆိုရင်တချိန်က ၁၉၄၇ ခုမှာ စတင်ပြီးတော့ အခြေ တည်လာခဲ့တဲ့ ပင်လုံစာချုပ်အပေါ်မှာ ပြန်လည်ပြီးတော့မှ အကောင်အထည် ဖော်နိုင်ဖို့ပေါ့လေ။ အဲဒီ အပေါ်မှာ ”အခုအစိုးရ က ပြည်ထောင်စုစနစ်ကို လုပ်ဆောင်နေတယ် ဆိုတော့ အန်ကယ်တို့ကလည်း ပင်လုံစာချုပ် ပါပြည်ထောင်စု စနစ်ကို လိုလားတယ်ဆိုတော့ ဘယ်လိုများကွာဟနေသလဲ။

“ကျနော်တို့က ကျနော်တို့ကို ကျနော်တို့ မြင်တာကတော့ ပင်လုံစာချုပ် အခြေခံအရ ပေါ့နော်။ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့လမ်းကြောင်းက သွားပြီးတော့မှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ချင်တာ။ ဒါပေမဲ့ အာဏာရထားတဲ့ အစိုးရအသစ်က အဲဒီလို မမြင်ဘူး။ ကျနော်တို့ဘက်က ခံယူချက်ကတော့ သူတို့ကတော့ ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေကို လက်အောက်ခံ လူမျိုးတွေ အနေနဲ့
 ပေါ့ဗျာ။ အဲဒီလိုထားပြီးတော့မှ ကျနော်တို့ကို နှိမ့်ချထားပြီးတော့မှ သူတို့ရဲ့ဦးဆောင်မှုအပေါ်မှာလိုက်နာ စေချင်တဲ့ ပုံစံမျိုးနဲ့ ချုပ်ကိုင်ပြီးတော့မှ တပြည်ထောင်စနစ်ပုံစံပေါ့ဗျာ။ အဲဒီလိုပုံစံနဲ့ သွားချင်နေတဲ့ပုံစံ ရတယ်။ အဲဒါကိုကျနော်တို့ ခံစားမိတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ လက်မခံနိုင်ဘူးဗျ။ အဲဒါကြောင့် ကွာခြားနေတာပါ”

“တနေ့ လက်ရှိအစိုးရသည်ပင်လျှင် ဒီကနေ့ မြန်မာပြည်နယ်တွေ ဖွဲ့စည်းထားတယ်။ ဒါပေမဲ့ ပြည်နယ်တွေမှာ ပြည်နယ်အခွင့်အရေးတွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရှိဘူး။ အနိမ့်ဆုံးပေါ့ဗျာ။ ပြည်နယ်ထဲမှာ သက်ဆိုင်ရာ လူမျိုးရဲ့ ဘာသာစကား၊ စာပေကိုယ်တောင် တရားဝင်သင်ကြားခွင့် မရှိဘူးဗျာ။ အဲဒီလို ဘာမှ အခွင့်အရေး မရှိတဲ့ ပြည်နယ်မျိုး ကိုလည်း ကျနော်တို့က လက်ခံလို့ မဖြစ်နိုင်ဘူး။ ကျနော်တို့က မခံယူနိုင်ဘူး”

အခု မြန်မာအစိုးရသစ်က ငြိမ်းချမ်းရေးအတွက် ပါလီမန်ထဲကနေ လုပ်ဆောင်ဖို့ ပြောထားတာ ရှိတယ်။ ဒီတော့ UNFC ကကော လုပ်ကိုင်ဖို့ အစီအစဉ် ရှိသလား။

“သူတို့ရဲ့ လွှတ်တော်ထဲမှာ ပြောဖို့ဆိုတာ ကျနော်တို့မှာ အစီအစဉ်လည်း မရှိဘူး။ ပြောလို့လည်း ရနိုင်မယ်လို့ လည်း မထင်ဘူး။ ကျနော်တို့က လွှတ်တော် ကိုယ်စားလှယ်တွေလည်း မဟုတ်ဘူးလေ။ ကျနော်တို့ပါဝင်နိုင် ခြင်းလည်း မရှိဘူး။ နောက် သူတို့ထဲမှာ ကန့်သတ်နေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအရပေါ့ဗျာ။ အဲဒီထဲကို ကျနော်တို့က ဝင်ပြီး တော့မှ လှုပ်ရှားရမယ်ဆိုရင် ကျနော်တို့ လွတ်လပ်ခွင့်မရှိဘူးလေ”

အခု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်ပွဲကြောင့် လူတွေ နစ်နာတဲ့ အတွက် အစိုးရ အပါ အဝင် အားလုံးကို အပစ်ရပ်ဖို့နဲ့ ကြားဝင်စေ့စပ်ဖို့ ကမ်းလှမ်းမှုကကော အကောင်အထည် ဖော်နိုင် မယ်လို့ မျှော်လင့်ထားလား။

“ကျနော်တို့ဘက်ကတော့ အဲဒါကို ကြိုဆိုတယ်၊ ထောက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လုပ်သင့် လုပ်ထိုက်လို့ လုပ်တဲ့လုပ်ငန်းဖြစ်တယ်။ ဒါက အလုပ်ဖြစ်မယ်၊ မလုပ်ဖြစ်ဘူးဆိုတာကတော့ အာဏာရထားတဲ့ အစိုးရအပေါ်မှာ အဓိက မူတည်တယ်လို့ မြင်တယ်လေ”

သမ္မတက ငြိမ်းချမ်းရေးအတွက် ပြောနေပေမယ့် စစ်တပ်က တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်တာဟာ သမ္မတနဲ့ စစ်တပ်ကြား အာဏာခွဲဝေမှု ပြဿနာလို့ သုံးသပ်မှုတွေ ရှိနေတယ်။ ဒီတော့ UNFC ကကော ဘယ်လိုမြင်ပါသလဲ။

“ကျနော်တို့လည်း အဲဒီကိစ္စမှာ ခန့်မှန်းမိတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အစိုးရမှာ တဖက်က အစိုးရက အာဏာအားလုံး သူ့လက်ထဲမှာ မရှိဘူးဗျ။ စစ်တပ်က သီးခြားလို ဖြစ်နေ တယ်။လွှတ် တော် ကလည်း သီးခြားလို ဖြစ်နေတယ်။ ဒါက ဗိုလ်ချုပ်သန်းရွှေက နေပြီးတော့မှ အစီအစဉ်ချထားတဲ့အပေါ် မှာ အာဏာတွေခွဲပြီးတော့ လုပ်ထားတဲ့ပုံစံ ဖြစ်နေတယ်”

“အဲဒီတော့ သူတို့က တခုခုလုပ်မယ်ဆိုရင်တော့ ကျနော်တို့ အများကြီး စဉ်းစားရတယ်ဗျ။ သူတို့မှာ လုပ်ပိုင် ခွင့်ရှိရဲ့လား၊ အားလုံးရဲ့ သဘောတူညီမှုရှိရဲ့လားဆိုတာ အဲဒါ ခက်နေတယ်။ အဲဒီအနေအထားမျိုး ရှိနေတော့ ကျနော်တို့လည်း အစစအရာရာ ချင့်ချိန်နေရတယ်”

ဒါဆိုရင် ပြည်တွင်းငြိမ်းချမ်းရေး တကယ်လိုချင်ရင် သမ္မတနဲ့ စစ်တပ်ကြား အရင်ညှိနှိုင်းရမယ့် သဘောလားဗျ။

“ဟုတ်တယ်။ ဒါလည်း လိုအပ်တယ်။ သူတို့ဘက်မှာ အဓိက ပိုလိုအပ်တယ်လို့ မြင်တယ်။ ဘယ်လိုမျိုး ညှိနှိုင်း သင့်သလဲဆိုတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းဖို့ ဆန္ဒရှိဖို့ လိုတယ်။ တချို့ကတော့ အဲဒီလိုဆန္ဒ
မရှိဘူး။ စစ်ရေးနည်းနဲ့ပဲ ဖြေရှင်းချင်တယ်။ အဲဒီလို ညှိနှိုင်းတဲ့နေရာမှာလည်း တိုင်းရင်းသားတွေ အပေါ်မှာ မှန်ကန်တဲ့သဘောထား သူတို့အတွင်းမှာ ညီဖို့လိုတယ်ဗျ။ ဥပမာ တချို့က ဘယ်လို အခွင့်အရေးမျိုးပေးချင် တယ်၊ တချို့က ဘယ်လိုအခွင့်အရေးမျိုးပဲ …ဥပမာ မပေးချင်ဘူးဆိုတဲ့ အနေအထား မျိုးပေါ့ဗျာ။ သူတို့ထဲမှာ အမြင်မတူရင် အဲဒီကိစ္စက ပုံစံချဖို့က တော်တော်လေး ခဲယဉ်းမယ်လို့ ကျနော် ထင်တယ်”

UNFC ရဲ့တောင်းဆိုခွင့်ရမယ်ဆိုရင် အစိုးရဘက်က ဦးဆုံး လိုက်လျောရမှာက ဘာဖြစ်မလဲ။

“သဘောကတော့ ကနေ့ ထိုးစစ်ကို မလုပ်ဖို့။ တဖက်က ထိုးစစ်မလုပ်ဘူး။ ကျနော်တို့ဘက်ကလည်း ထိုးစစ်
မလုပ်ဘူး။ အဲဒီလို နားလည်မှုယူပြီးတော့မှ ယာယီမပစ်အခတ် ရပ်စဲရေးလုပ်ကြမယ်။ အဲဒီကာလမှာ ကျနော်တို့
ဟာ နိုင်ငံရေးအရ ဘယ်လို တွေ့ဆုံ ညှိနှိုင်းဖြေရှင်းနိုင်မလဲဆိုတာကိုလည်း တဖက်က နည်းလမ်း ရှာသွားမယ်။ အဲဒီလိုပုံစံနဲ့ဆိုရင် ညှိနှိုင်းလို့ရပါတယ်”

“ကျနော်တို့အနေနဲ့က စစ်အစိုးရက ထိုးစစ်ဆင်နေတဲ့ အဓိကအားဖြင့် ကချင်တို့၊ ရှမ်းတို့၊ ကရင်တို့ ဧရိယာ မှာ
ပေါ့ဗျာ။ အဲဒါအားလုံးကို ရပ်ဆိုင်းပြီးတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ကြေညာစေချင်တယ်။ ကျနော်
တို့ဘက်ကလည်း ကျနော်တို့ လိုက်နာမယ်”

စစ်တပ်က အပစ်မရပ်ဘူးဆိုရင်ကော။

“ကျနော်တို့က ကိုယ့်ကိုကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ အားလုံးစုပေါင်းပြီး ခုခံသွားရမှာပေါ့။ ဒါက မလွဲမရှောင်သာ လုပ်ရတဲ့ လုပ်ငန်းဖြစ်တယ်လို့ ခံယူထားတယ်”

ဖြည့်စွက်ပြောချင်တာများ ရှိသေးလား။

“ကျနော်တို့နိုင်ငံမှာက ပြည်တွင်းစစ်ဖြစ်နေတာ နှစ်ပေါင်း ၆ဝ ကျော်ပြီ။ ကျနော်တို့ နိုင်ငံက တဖက်က ကြည့်မယ်ဆိုရင် သဘာဝသယံဇာတတွေက တော်တော်လေးကို ကြွယ်ဝတယ်၊ ပြည့်စုံကောင်းမွန်တယ်။ ဒါပေမဲ့ ပြည်တွင်း စစ်ဖြစ်နေလို့ ကျနော်တို့နိုင်ငံဟာ အဲဒီသဘာဝသယံဇာတတွေရဲ့ အကျိုးကျေးဇူးတွေကို လည်း မခံစားနိုင်ဘူး။ တဖြည်းဖြည်းချင်းနဲ့ ခေတ်နောက်ကျပြီး ဆင်းရဲမွဲတေနေတယ်။ ပြည်သူလူထုတွေ လည်း ဒုက္ခ ဖြစ်နေတယ်”

“ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားတွေ အမျိုးမျိုးနစ်နာနေရသလို ဗမာလူမျိုးတွေလည်း လွတ်လပ်ရေးရဲ့ အခွင့်အရေးကို ခံစားခွင့်မရှိကြဘူးလို့ မြင်တယ်။ ပြည်တွင်းစစ်ဖြစ်နေတဲ့အတွက် ဘယ်လူမျိုးမှာမှ အကျိုး မရှိဘူး။ နိုင်ငံအတွက်လည်း အကျိုးမရှိဘူး။ အဲဒါကို ကျနော်တို့က စစ်ရေးနည်းနဲ့ ထပ်ပြီး ရှင်းနေရင်လည်း
 ပြေလည်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် နိုင်ငံရေးအရ ဖြေရှင်းနိုင်တဲ့နည်းကို ရှာပြီးတော့မှ အမြန် ဖြေရှင်း
နိုင်တာက အကောင်းဆုံးပဲ”

Most read this week