မြန်မာစစ်တပ်အချင်းချင်း မော်တာကျည်ဖြင့် အပြန်အလှန်ပစ်ခတ်ကြ

မြန်မာစစ်တပ်အချင်းချင်း မော်တာကျည်ဖြင့် အပြန်အလှန်ပစ်ခတ်ကြ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်တောင်ပိုင်း မန်မော် (ဗန်းမော်)ခရိုင်၊ မန်ဂျေ(မံစီ)မြို့နယ် မုံခေါင်(Mung Hkawng)ကျေးရွာ ၌ ဇူလိုင် ၂၈ ရက်တွင် မြန်မာစစ်တပ်အချင်ချင်း မော်တာကျည်ဆံဖြင့် အပြန်အလှန်ပစ်ခတ်သည်ဟု သိရသည်။

munghkawng-map_0729ဆားမှော်နယ်မြေခံ ခလရ (၁၀၅)၏ မုံခေါင်ရောက် လှုပ်ရှားစစ်ကြောင်းတစ်ခုသည် ဇူလိုင် ၂၇ ရက် နံနက်ပိုင်း မုံခေါင်အနီး ပန်ဆပ်(Pang Sap)ကျေးရွာ အောက်ပိုင်း၊ ကျွန်းသစ်စိုက်ကွင်းတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)၏ လုံခြုံရေးမိုင်း နင်းမိသည်။

ဇူလိုင် ၂၈ ရက် ဗုံးပေါက်သည့်နေရာတွင် နေရာယူနေဆဲ မြန်မာတပ်များအား KIA တပ်ရင်း ၂၇ က ပစ်ခတ် သွားပြီးနောက် မုံခေါင်ရှိမြန်မာတပ်နှင့် မြန်မာစစ်ကြောင်းတပ်များကြား မော်တာကျည်ဆံဖြင့် အပြန်အလှန် ပစ်ခတ် ကြခြင်းဖြစ်သည်ဟု KIA အရာရှိတစ်ဦးပြောသည်။

“အဲဒီစစ်ကြောင်းက မုံခေါင်ရွာထဲကို လက်နက်ကြီးနဲ့ လေးခါပစ်ထည့်လိုက်ကြတယ်တဲ့ မနေ့က ၂ နာရီခွဲလောက်မှာ မော်တာကျည်က စာသင်ကျောင်းနားမှာ တစ်ခု၊ ရပ်ကွက် ၄ မှာတစ်ခု၊ RCM (Roman Catholic Mission) ဘုရားရှိခိုးကျောင်းနားမှာ တစ်ခု၊ သူတို့(ခလရ၁၀၅)စစ်တပ် နားမှာတစ်ခု၊ ၁၀၅ တွေအချင်းချင်း၊ ဒီလိုနဲ့ မုံခေါင်ဘက်က ပြန်ပစ််လိုက်၊ ၂ ခေါက်တောင်” ကျောင်းစာသင်ချိန်တွင် ကျည်ပေါက်ကွဲသံကြောင့် အလန့်တကြား ၀ပ် ကြရသည်ဟု မုံခေါင်အထက်တန်းကျောင်းဆရာမတစ်ဦးနှင့် နီးစပ်သူများမှ တဆင့်သိရသည်။

မုံခေါင် တပ်စခန်းမှ တပ်ကူရောက် မ လာသည့်အတွက် မြန်မာတပ်အချင်းချင်း ရှေ့တန်းစစ်ကြောင်းက နောက်တန်းကို တမင်တကာ ပစ်လိုက်ပုံရသည်ဟု KIA အရာရှိက ထင်မြင်သည်။

မုံခေါင် ခလရ ၁၀၅ တပ်စခန်းနှင့် ၎င်းတို့ရှေ့တန်းစစ်ကြောင်းမှာ သုံးမိုင်ခန့် ကွာဝေးကြကာ မြေပြန့်တွင် ဖြစ်သည်ဟုလည်း သိရသည်။ သေကြေဒဏ်ရာရမှု ရှိမရှိ မ သိရပါ။

Most read this week