မြန်မာ့အိမ်နီးချင်းနိုင်ငံ အိန္ဒိယအစိုးရက ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ ၆ သန်း အကူအညီ ပေး မည်ဟု သိရသည်။
မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန် (Consul General ) Dr. Madan Mohan Sethi သည် ယမန်နေ့က ချင်းပြည်နယ် မြို့တော် ဟားခါးသို့ ရောက်ရှိလာပြီး ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် အမေရိကန် ဒေါ်လာ ၆ သန်း အကူအညီ ပေး မည်ဟုပြောဆိုခဲ့ကြောင်း အမည်မဖော်လိုသည့်ချင်းပြည်နယ် အစိုးရ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယင်းငွေကြေးပမာဏကို ချင်းပြည်နယ်၏ ကျန်းမာရေး၊ ပညာရေး နှင့် လူမှုရေးကိစ္စများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသုံးပြုရန် အကူအညီပေးခြင်း ဖြစ်သည်ဟု ၄င်းကပြောသည်။
အိန္ဒိယကောင်စစ်ဝန်သည် ချင်းပြည်နယ်ဝန်ကြီးအဖွဲ့များ ၊ မြို့မိမြို့ဖ တချိူ့တို့နှင့် ဟားခါးမြို့ပြည်နယ်ဝန်ကြီး ချူပ်ရုံးတွင် တွေ့ဆုံပြီး နောက် ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဒေါ်လာ ၆ သန်းအကူအညီပေးမည်ဟုပြောဆို သွားခဲ့ခြင်း ဖြစ်သည်။ အကူအညီ ပေးမည့် ကာလ သတ်မှတ်ချက် မည်မျှ ရှိသည်ကိုမူ မသိရှိရသေးပေ။
ကောင်စစ်ဝန် Dr. Madan Mohan Sethi သည် ချင်းပြည်နယ်သို့ ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်ပြီး အိန္ဒိယ အစိုးရအနေဖြင့် ချင်းပြည်နယ်အတွက်အကူအညီပေးမည့်အစီစဉ်သည်လည်းပထမဆုံးအကြိမ်ဖြစ် သည် ဟု သိရသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ချင်းလူမျိူးကိုယ်စားပြုအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ချင်းအမျိူးသားပါတီ ဥက္ကဌ ဦးဇိုးဇမ် က အိန္ဒိယအစိုးရအနေဖြင့် ချင်းပြည်နယ်အတွက် အကူအညီပေးမည်ဟုကြားသိရသည့်အတွက် ၀မ်းသာကြိုဆိုကြောင်း ခိုနူမ်းထုန်ကိုပြောသည်။
“ချင်းပြည်နယ်က မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးပြည်နယ်ဖြစ်တယ်။ ဒီလိုမျိူးအခြေအနေကြံုနေတဲ့အချိန်မှာ ချင်းပြည်နယ်ဖွံ့ဖြိုး တိုးတက် ဖို့အတွက် အိန္ဒိယအစိုးရက အကူအညီပေးမယ်ဆိုတာ ကျနော်တို့အများကြီး ၀မ်းသာကြိုဆိုပါတယ်’’ဟု သူကပြောသည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) အဖွဲ့၏ ပြီးခဲ့သည့် ဇွန်လက ထုတ်ပြန်သော စစ်တမ်းကောက်ယူ ချက်တွင် မြန်မာနိုင်ငံပြည်နယ် နှင့် တိုင်းအားလုံးတွင် ချင်းပြည်နယ်သည် အဆင်းရဲဆုံးပြည်နယ်ဖြစ်သည်ဟု ဖော်ပြထားသည်။