နယူးဒေလီ (မဇ္စျိမ) ။ ။မြန်မာ့ဒီမိုကရေစီခေါင်း ဆောင်၏ ပထမဆုံး လူသိရှင်ကြား ပန်ကြားမှု ဖြစ်သော အစိုးရ တပ်နှင့် တိုင်းရင်းသားလက်နက် ကိုင် တပ်ဖွဲ့များ၏ တိုက်ပွဲများကိုအမြန်ဆုံးရပ်ဆိုင်း ရန်နှင့် ငြိမ်းချမ်းစွာဖြေရှင်းရန် ကြာသပတေးနေ့က ထုတ်ပြန်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တကွ ကချင် လွတ်မြောက်ရေး အဖွဲ့၊ ကရင်အမျိုးသား အစည်းအရုံး၊ မွန်ပြည်သစ်ပါတီနှင့် ရှမ်းပြည်တပ်မတော်တို့သို့ လိပ်မူထားသော အိတ်ဖွင့် ပေးစာတွင် “တိုင်းရင်းသား လူမျိုးများ အားလုံး၏ အကျိုးစီးပွားများကို ရှေးရှု၍ ယခုဖြစ်ပွားနေသော ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းကြပါရန်နှင့် အမြန်ဆုံး အပစ်ခတ်ရပ်ဆဲကြပါရန် လေးနက်စွာ ပန်ကြားအပ်ပါသည်” ဟု ပါရှိသည်။
“ ယင်းပဋိပက္ခများကြောင့် သေကြေပျက်စီးမှုများ ဝမ်းနည်းဖွယ်ရာ ဖြစ်ပွားလျက် ရှိသည့်အပြင် တန်ဖိုးကြီးသည့် နိုင်ငံပိုင် အဆောက်အဦးများ၊ စီမံကိန်း လုပ်ငန်းများ၊ ယိုယွင်းပျက်စီးမှုများ ကြံုတွေ့နေရပါသည်။ ဒေသခံ တိုင်းရင်းသား ပြည်သူများလည်း အတိဒုက္ခများစွာ ရောက်နေ ကြသည့်အပြင် အိမ်နီးချင်းနိုင်ငံများကိုပါ ကူးစက် ပျံ့နှံ့မည့် အန္တရာယ်ရှိနေပါသည်” ဟုလည်း ပါရှိသည်။
အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ တိုက်ပွဲများကို အမြန်ဆုံး ရပ်ဆိုင်းရန်နှင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည် ပန်ကြား
“ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးစုများနှင့် ပေါင်းစပ် ဖွဲ့စည်းထားသော နိုင်ငံ ဖြစ်ပါသည်။ ယင်းတိုင်းရင်းသား အားလုံးသည် နှစ်ပရိစ္ဆေဒများစွာကပင် တမြေတည်းနေ တရေတည်းသောက် အတူနေထိုင်ခဲ့ကြသော ညီအကိုမောင်နှမများ ဖြစ်ကြပါသည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးစုများအားလုံး ချစ်ကြည်ရင်းနှီး သွေးစည်းညီညွတ်ရေးသည် အလွန်အရေးကြီးပါသည်” လည်း ပါရှိသည်။
နိုဝင်ဘာ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲပြီး နောက်တရက်ကပင် ကရင်ပြည်နယ်တွင်း တကျော့ပြန် စတင်ခဲ့သော စစ်ပွဲများသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်များတွင်ပါ ဆက်တိုက် ဖြစ်ပေါ်နေခဲ့သည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဗဟိုအစိုးရ
တပ်အောက်သို့ ဖိအားပေး သွတ်သွင်းရန် ကြိုးစားလာခဲ့ခြင်းက ယခင် အပစ်ခတ်ရပ် အဖွဲ့များကိုပါ စစ်ပွဲတွင်းသို့ ဆွဲခေါ်လာတော့သည်။
တိုင်းပြည်တခုတွင် စစ်တပ်တခုတည်း ရှိရေးမူကို နေပြည်တော်က တဖတ်သတ် ကြိုးစားနေချိန်တွင် ဖြစ်ပွားနေသော စစ်ပွဲများအကြောင်းကိုလည်း နေပြည်တော် ထိပ်တန်းအရာရှိများအကြား ထုတ်ဖော်ပြောဆိုမှု မပြုလုပ်ကြသလို အကဲဆတ်ထိ မခံသော အကြောင်းအရာ တခုဖြစ် နိုင်ငံရေးပါတီများကလည်း သတ်မှတ် ထားကြသည်။
“အခြေအနေအရ ဒီကိစ္စတွေ ငြိမ်းချမ်းဖို့အတွက် ဆောင်ရွက်ပေးချင်တယ်လို့ ထုတ်ကြေညာလိုက်တာပဲ” ဟုအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က “အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပံ့ပိုးရန်အတွက် ကျွန်မအနေဖြင့် ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုးပမ်းရန် အသင့်ရှိနေပါသည်” ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
“အခု ပြည်တွင်းစစ်မီး တောင်လောက်နေတဲ့ အနေအထားကို ရောက်နေတယ်။ ဒီတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စုံစမ်းအရေးယူဖို့ဆိုတာ ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ် လုပ်ဖို့ကောင်းတယ်။ အဖွဲ့အစည်း ရွေးနေစရာ မလိုပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ တင်ပြကြဖို့၊ ဆွေးနွေးကြဖို့၊ ညှိနှိုင်းကြဖို့ဆိုတာ အမြဲတမ်း လိုနေတာပဲ” ဟု NLD က ဗဟိုကော်မတီဝင် ဦးဝင်းတင်က ဆိုသည်။
ယခုထုတ်ပြန်ချက်ကို မိမိတို့အနေဖြင့် ကြိုဆိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သုံးပွင့်ဆိုင် ဆွေးနွေး သွားမှာကိုလည်း လိုလားကြောင်း ပြန်လည် ပူးပေါင်းထားသည့် ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်းမှ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောင်ဆိုင်းက ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ တိုင်းရင်းသားများကို ကိုယ်စားပြုပြီးတော့ လက်ရှိ အစိုးရနဲ့ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကို ဆွေးနွေးပေးနိုင်မယ် ဆိုရင်တော့၊ တောင်းဆိုပေးမယ် ဆိုရင်တော့ ကျနော်တို့က လိုလားပါတယ်။ မျှော်လည်း မျှော်လင့်ပါတယ်” ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဆိုသည်။
ဇူလိုင်လ ၂၆ ရက်နေ့အထိ ရှမ်းနှင့် ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ရှိနေသည်။ တိုက်ပွဲများကြောင့် ကျောင်းများပင် ပိတ်ထားရကာ အစိုးရဘက်မှ လေယာဉ်ဖြင့်ပင် တိုက်ခိုက်မှုများ ရှိခဲ့သည်ဟုရှမ်းပြည် တပ်မတော် SSA အရာရှိများထံမှ သိရသည်။
ကချင်ပြည်နယ်တွင်လည်း KIO နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရန်အတွက် စာဖြင့် အပြန်အလှန် ညှိနှိုင်းနေ သော်လည်း ယခုအချိန်အထိ မစေ့စပ်နိုင်သေးဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဆဲ ဖြစ်သည်။ စစ်ဘေးကြောင့် ဒုက္ခသည် ၁၆ဝဝဝ ကျော် ရှိနေကာ အကူအညီများ လိုအပ်နေကြောင်းလည်း KIO ကျန်းမာရေးဌာန အရာရှိတဦး ပြောဆိုချက်အရ သိရသည်။
ကရင်ပြည်နယ်တွင်လည်း ဒေသခံတပ်များနှင့် အစိုးရတပ်များအကြား တိုက်ပွဲများ ဇူလိုင်လ ၂၁ ရက်နေ့ထိတဖက်နှင့် တဖက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုရှိခဲ့ပြီး ဘက်ပြောင်းသွားသည့် ဗိုလ်ချုပ်နှုတ်ခမ်းမွှေး တပ်များ မြဝတီမြို့အနီး လှုပ်ရှားမှုရှိသဖြင့် ရွာသားများအား ရွာပြင်မထွက်ရန် DKBA တပ်များက တပ်လှန့်ထားခဲ့သည်။
“ငြိမ်းချမ်းရေးအတွက် အတတ်နိုင်ဆုံး ဘယ်နည်းနဲ့ဖြစ်ဖြစ်ပေါ့ဗျာ။ ငြိမ်းချမ်းရေး ရချင်တယ်။ ဘယ်လိုနည်းနဲ့ ရနိုင်မလဲ ဆိုတာ။ တယောက်နဲ့ တယောက် တိုက်ပြီး ချေမှုန်းနေတာတော့ မလိုချင်ဘူးဗျ အမှန်အတိုင်း ပြောရင်၊ ပြည်တွင်း ငြိမ်းချမ်းဖို့ ဆိုရင်” ဟု ၂ဝ၁ဝ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ဆိုသည်။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးကော်မရှင် တရပ်ဖွဲ့စည်းရန်ကိုလည်း ဇူလိုင်လ ၂၇ ရက်နေ့က ၃၇ ပါတီနှင့် ပြည်ထောင်စုကော်မရှင် တွေ့ဆုံပွဲတွင် တိုင်းရင်းသား ၅ ပါတီက တောင်းဆိုခဲ့ကာ လွှတ်တော်၌ တင်ပြသွားမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုခဲ့သည်။
တောင်းဆိုခဲ့သည့် ၅ ပါတီမှာ မွန်၊ ရခိုင်၊ ဖလုံစဝေါ်၊ ရှမ်းနှင့် ချင်းအမျိုးသားပါတီတို့ ဖြစ်သည်။
“ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးအခြေအနေက လိုအပ်နေတယ်လေ။ ခဏခဏ ပစ်နေတာတွေ၊ခတ်နေ တာတွေ ရှိတယ်လေ။ ပြည်သူတွေကလည်း သိပ်ပြီး အေးအေးဆေးဆေး မနေရဘူးပေါ့။ ရွာတွေဘက်က တိုက်ပွဲဖြစ်တဲ့ အခြေအနေတွေမှာ ဒါက ပထမ အရေးကြီးတဲ့ အရာလို ဖြစ်နေတာ ငြိမ်းချမ်းရေးကလေ” ဟု ဖလုံစဝေါ်ပါတီ အတွင်းရေးမှူး ဦးစောဘီကျင်ဦးက ပြောသည်။