နယူးဒေလီ (မဇ္ဈိမ) ။ ။ ရက်သတ္တ တပါတ်ကြာ သင်ကြားပို့ချခဲ့သည့် ပထမဆုံးအကြိမ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နိုင်ငံရေးသိပ္ပံသင်တန်း ကို ကြာသပတေးနေ့က အောင်မြင်စွာပို့ချပြီးစီး ခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဆက်တိုက် သင်ကြားပို့ချခဲ့သော အဆိုပါ သင်တန်းတွင်အနှောက် အယှက် တစုံတရာ မရှိခဲ့ကြောင်း NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။
“ ကြိုတင် စီစဉ်ထားတဲ့ အတိုင်း လုံးဝ အောင်အောင်မြင်မြင် ပြီးဆုံးပါတယ်။ လုံးဝ အနှောက်အယှက် မရှိပါဘူး။ ”ဟု သူက ပြောသည်။
သင်တန်းဆရာ ၂ ဦးအဖြစ် တောင်ကိုးရီးယားနိုင်ငံ Ewha အမျိုးသမီး တက္ကသိုလ်မှ ပါမောက္ခ Dr Brendam Howe နှင့် ပါမောက္ခ Dr Mathias Maas တို့က ပို့ချခဲ့ရာ သင်တန်းသား ရ၀ ကျော် တက်ရောက်ခဲ့ကြသည်။
သင်တန်းပို့ချမှု ပုံစံနှင့် ပတ်သက်၍ ဦးအုန်းကြိုင်က “အလုပ်ရုံ ဆွေးနွေးပွဲပုံစံ ကျင်းပတာဖြစ်တဲ့ အတွက် ကျောင်းသူ/သားများ အရမ်း စိတ်ဝင်စားမှု ရှိပါတယ်။ ပြဿနာတွေကို ဖြေရှင်းကြပါတယ်။ စာတမ်းတွေ ပြုစုပါတယ်” ဟု ပြောသည်။
နေ့စဉ် နံက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပို့ချသည့်သင်တန်းတွင် Human Security and Human Development, State Security and State Development and other prospects, Art of Negotiation, Negotiation Process နှင့် Introduction to International Relations ဘာသာရပ်များ ပါဝင်ပြီး သင်တန်း တာဝန်ခံ ဦးဝင်းထိန်၊ ဒေါက်တာ မျိုးအောင်နှင့် ကိုမျိုးရန်နောင်သိန်းတို့က ဘာသာပြန်ဆိုပေးခဲ့ကြသည်။
ကြာသတေးနေ့ ညနေက ပြုလုပ်ခဲ့သည့် သင်တန်းဆင်းပွဲတွင် သင်တန်းဆရာ Dr Mathias Maas က သင်တန်းဆင်း နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း “အချိန်တိုတိုပဲ ပြောခွင့်ရတဲ့အတွက် အားနာတယ်တဲ့၊ ဒါပေမယ့် သူပြောတာတွေဟာ စပြီး လေ့လာစရာ၊ စဉ်းစားစရာတွေ၊ ရှေ့ဆက်ပြီးတော့ ဆောင်ရွက်စရာတွေလမ်းကြောင်း ပွင့်သွားမယ်လို့ မျှော်လင့်ကြောင်း ပြောသွားပါတယ်” ဟု ဦးအုန်းကြိုင်က မဇ္စျိမကို ပြန်ပြောပြသည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် သဘာပတိအဖြစ် NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ဆောင်ရွက်ပြီး ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဒေါ်မေဝင်းမြင့် စသည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များလည်း တက်ရောက်ကြသည်။
အင်္ဂါနေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်က သင်တန်းဆရာ နှစ်ဦးအား နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ပြီး တနာရီကြာ စကားလက်ဆုံ ပြောဆိုဖြစ်ခဲ့သေးသည်။
သင်တန်းသို့ ပြည်နယ်နှင့်တိုင်း အသီးသီးမှ ပါတီဝင်များနှင့် ဗေဒါအင်စတီကျုမှ သင်တန်းသား ၃၃ ယောက်လည်း လာရောက် လေ့လာခဲ့ကြသည်။
ယခင်က မြန်မာတိုင်းရင်းသား ဆရာများ ပါဝင်သည့် နိုင်ငံရေး သိပ္ပံသင်တန်းများ၊ ဆွေးနွေးပွဲများ ကျင်းပရန် စီစဉ်ခဲ့ဖူးသော်လည်း အကြောင်း မညီညွတ်၍ အစီအစဉ် ပျက်ခဲ့ရကြောင်း ဦးအုန်းကြိုင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် အထူးသဖြင့် လူငယ်များအား ရည်ရွယ်၍ လယ်သမား သင်တန်း၊ ကွန်ပြူတာ သင်တန်း၊ အင်္ဂလိပ်စာ သင်တန်းများကို NLD မှစီစဉ်ပြုလုပ် လာခဲ့ရာမှ ပြည်ပ တက္ကသိုလ်များမှ ပညာရှင်များအား ဖိတ်ခေါ်၍ ဤကဲ့သို့ နိုင်ငံရေး သိပ္ပံသင်တန်းပို့ချနိုင် ခဲ့ခြင်း ဖြစ်သည်။
ဆက်လက်ပြီးလည်း နိုင်ငံရေး သိပ္ပံသင်တန်းများ ပြုလုပ်ဦးမည်ဟု သိရှိရသည်။