မြန်မာအစိုးရတပ်တို့၏ ညွန်ကြားချက်များကို လိုက်မလုပ်ပေးနိုင်သော ကရင်နီပြည်မယ်စဲ့မြို့ နယ်အခြေစိုက် ကရင်နီနယ်ခြားစောင့်တပ်အမှတ် ၁၀၀၄ အား စစ်တပ်မှ အယုံအကြည်မရှိတော့သည့် အတွက်စစ်ရေး မွမ်းမံသင်တန်း လုပ်ပေးရသည်ဟု သိရသည်။
ကရင်နီပြည်နယ် လွိုင်ကော်မြို့အခြေစိုက် ဒေသကွပ်ကွဲရေး စစ်ဌာနချုပ်(ဒကစ)မှ ပို့ချပေးသော တစ်လတာ စစ်ရေးမွမ်းမံသင်တန်းကို နယ်ခြားစောင့်တပ်အမှတ် ၁၀၀၄ အခြေစိုက်သည့် မယ်စဲ့မြို့နယ် ပန်တိမ်းတပ်စခန်းတွင် ပြုလုပ်၍ ယမန်နေ့က သင်တန်းပြီးဆုံးသည်။
“ဒကစမှူး (ဗိုလ်မှူးချုပ်)၀င်းမြင့် ရဲ့ အမိန့်အရဖြစ်ပါတယ်။ ဖရူဆို၊ ဒီးမော့ဆိုနဲ့ နယ်စပ်ဒေသတဝိုက်မှာ အခြေစိုက်နေတဲ့ နယ်ခြားစောင့်တပ် ၁၀၀၄ တပ်ရင်းမှ အားလုံးတပ်တွေ ပြန်ခေါက်ခိုင်းတယ်။ ပန်တိမ်းမှာပေါ့။ အဲဒီမှာ သင်တန်းပေးတယ်။ တစ်လတာပေါ့။ အဓိကတော့ ဗမာစစ်တပ်တွေက အဲဒီ တပ်ရင်းကိုသုံးလို့မရ ဘူးတဲ့။ အယုံအကြည်မရှိဘူးတဲ့။ အဲဒါဗမာဘက်ကလည်း စိုးရိမ်ရတာပေါ့။ DKBA လိုဖြစ်လာမလား ပေါ့” ဟု လွိုင်ကော် ဒကစနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။
ဇွန်လ ၂၇ ရက်နေ့မှ ဇွန်လှိုင်လ ၂၇ ရက်နေ့အထိ ဒကစမှ ပို့ချပေးသော စစ်ရေးမွမ်းမံသင်တန်းကိုနယ်ခြား စောင့်တပ်အမှတ် ၁၀၀၄ တပ်ရင်းမှ တက်ရောက်ခဲ့ပြီး သင်တန်းတွင် စစ်ရေးသဘောတရားများလည်း ပို့ချခဲ့သည်ဟုသိရသည်။
“သင်တန်းကို ပြီးခဲ့တဲ့လ ၂၇ ရက်ကတည်းက ပေးပါတယ်။ မနေ့တုန်းကဘဲ ပြီးသွားတယ်။ လောလောဆယ် သူတို့ကို အနားယူခိုင်းထားတယ်။ ဘယ်လိုဆက်လုပ်မလဲဆိုတာတော့ မပြောတတ်သေးဘူး” ဟုနယ်ခြားစောင့် တပ်အမှတ် ၁၀၀၄ နှင့် နီးစပ်သူက ဆိုသည်။
တပ်အင်အား ၃၂၆ ရှိသည့် ကရင်နီနယ်ခြားစောင့်တပ်အမှတ် ၁၀၀၄ ကို တပ်ရင်းမှူး ရိစမာ ဦးဆောင်၍ မယ်စဲ့မြို့နယ်တွင် အခြေစိုက်ပြီး အမှတ် ၁၀၀၅ အား တပ်ရင်းမှူး ဆီးမိုးနယ်ဦးဆောင်၍ ဘောလခဲမြို့နယ်တွင် အခြေစိုက်လျက်ရှိသည်။
ကလလတသည် ၁၉၇၈ ခုနှစ်တွင် ကေအဲန်ပီပီမှ ခွဲထွက်ခဲ့ပြီး ၁၉၉၄ ခုနှစ် မေလတွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရယူခဲ့သည်။ ထို့နောက် ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်နယ်ခြား စောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့ကြသည်။