ချင်းမိုင်(မဇ္ဈိမ) ။ ။မြန်မာနိုင်ငံအလယ်ပိုင်း ကုန်းတွင်းဒေသများတွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ စမ်းသပ် ရှာဖွေရန် နိုင်ငံခြား ကုမ္ပဏီများကိုကမ်း လှမ်း ထားကြောင်း မြန်မာနိုင်ငံစွမ်းအင်ဝန်ကြီး ဌာနထံမှ သိရသည်။
ဧရာဝတီမြစ်ကြောင်း တလျှောက်ရှိ ကုန်တွင်းပိုင်း လုပ်ကွက် ၁၈ကွက်ကို ပြည်ပ ကုမ္ပဏီများကို ဇူလိုင်လ ဒုတိယပတ်မှ စတင်ခေါ်ယူခဲ့ပြီး သြဂုတ်လ ၂၃ ရက်နေ့ နောက်ဆုံးထားကာ ချိတ်ပိတ် တင်ဒါစနစ်ဖြင့် လျှောက်လွှာ တင် စျေးပြိုင်ပေးရမည် ဖြစ်သည်။
“ လျှောက်လာတဲ့လူတွေက သက်ဆိုင်ရာ နိုင်ငံတွေက သံရုံးတွေကနေ တဆင့် ထောက်ခံချက်နဲ့အတူ လျှောက်လာရမှာဖြစ်ပါတယ်” ဟု စွမ်းအင်ဝန်ကြီးဌာန အကြီးတန်း အရာရှိတဦးက မဇ္စျိမကိုပြောသည်။
ရေနံနှင့် သဘာဝဓါတ်ငွေ့ ရှာဖွေရန် တင်ဒါအောင်သူများသည် စမ်းသပ် တူးဖေါ်ခွင့် ရရှိမည်ဖြစ်ပြီး စွမ်းအင်ရင်းမြစ်များ ရှာဖွေတွေ့ရှိပါက တူးဖေါ်အဆင့်မှ ထုတ်လုပ်အဆင့်ထိ မြန်မာနိုင်ငံ စွမ်းအင်ဌာနနှင့် ထပ်မံ ညှိနှိုင်းကာ သဘောတူချက် ရယူဖို့ လိုသည်။ ကုမ္ပဏီတခုစီကို လုပ်ကွက် ၃ ကွက် အတွက် လျှောက်လွှာ တင်သွင်းခွင့် ပြုထားသည်ဟုလည်း သိရသည်။
“အခုဟာကတော့ စမ်းသပ်အဆင့်ပေါ့။ ဒီကမှတွေ့ရင် တူးဖေါ်ပြီး ထုတ်လုပ်တဲ့ အဆင့်ထိ သွားမှာပေါ့။ တချို့ကြ တော့လည်း ရှာဖွေရေးမှာတင် တွက်ခြေ မကိုက်ဘူးဆိုပြီး ရှာဖွေရေးမှာတင် ရပ်ပြီး ပြီးသွားတာပေါ့” ဟု အဆိုပါ အရာရှိကြီးက ဆက်ပြောသည်။
ယခုလက်ရှိ မြန်မာနိုင်ငံမှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့များ တိုးချဲ့တူးဖော် ထုတ်လုပ်နိုင်ရေးအတွက် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ စင်္ကာပူ၊ မလေးရှား၊ တောင်ကိုရီးယား စသည့် နိုင်ငံများမှ ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ဆက်လက် ရှာဖွေတူးဖော်မှု ပြုလုပ်နေကြောင်းစွမ်းအင်ဝန်ကြီး ဌာနမှ သိရသည်။
ရှာဖွေ စမ်းသပ်ရန် ကမ်းလှမ်းထားသည့် လုပ်ကွက် ၁၈ ကွက်ထဲမှ နေရာအချို့တွင် ၁၉၉၁ ခုနှစ်မှ ၁၉၉၈ ခုနှစ် အတွင်းက ရှာဖွေ စမ်းသပ်မှုများ ပြုလုပ်ခဲ့သည့် နေရာဟောင်းများလည်း ပါဝင်နေသည်ဟု သိရသည်။
“နေရာဟောင်းတွေ ပါနေပေမယ့်လည်း ရှာဖွေစမ်းသပ်တဲ့ ကုမ္ပဏီတွေက တခုနဲ့ တခု တူတာမှ မဟုတ်တာ” ဟု စွမ်းအင် ဝန်ကြီးဌာနမှ အခြားအရာရှိ တဦးကလည်း မဇ္စျိမကို ပြောသည်။ ထိုစဉ်က ယခုကဲ့သို့ တရားဝင် ကမ်းလှမ်းမှုမျိုး ပြုလုပ်ခြင်း နည်းပါးပြီး နီးစပ်ရာ လာဘ်သိပ်ထိုးစနစ်ဖြင့်သာ ရှာဖွေခွင့် ပေးသည့် ပုံစံဖြင့် ၁၉၉၉ ခုနှစ်အထိ ပြုလုပ်ခဲ့ကြောင်း သူက ဆက်ပြောသည်။
မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းတွင် ရေနံနှင့် သဘောဝ ဓါတ်ငွေ့ ထုတ်လုပ်မှု လုပ်ကွက်ပေါင်း ၄၇ ကွက်ရှိရာ တရုတ် ကုမ္ပဏီများက ၂၃ ကွက် ဖြင့် အများဆုံး လုပ်ကိုင်နေပြီး မလေးရှားက ဒုတိယလိုက်ကြောင်း သိရသည်။
ရေနံလုပ်ငန်းများတွင် မြန်မာနိုင်ငံသားပိုင်အဖြစ် မြန်မာနိုင်ငံ ရွက်လှေအသင်း ဥက္ကဋ္ဌ ဦးမိုက်ကယ်မိုးမြင့်၏ Myanmar Petroleum Resources L.td တခုတည်းသာ ရှိပြီး၊ ဦးတေဇပိုင် ထူးကုမ္ပဏီနှင့် စက်မှု ၁ဝန်ကြီး ဟောင်း ဦးအောင်သောင်း၏သား ဦးနေအောင်တို့မှာ ပြည်ပမှကုမ္ပဏီများ ခေါ်ယူလာရာတွင် ရှယ်ယာစုဝင်တဦး အဖြစ်မျှသာ ပါဝင်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန သတင်းရပ်ကွက်မှ သိရသည်။
မြန်မာနိုင်ငံရှိ ကုန်းတွင်းပိုင်း ရေနံမြေနှင့် သဘာဝဓာတ်ငွေ့မြေများမှ ရေနံစိမ်းစည် နေ့စဉ် ၉,၃၀၀ ကျော်နှင့် သဘာဝ ဓာတ်ငွေ့ကုဗပေ သန်း ၁၀၀ ကျော် ထုတ်လုပ်ပေးနေပြီး ကမ်းလွန်သဘာဝ ဓာတ်ငွေ့မြေများ ဖြစ်သည့် ရတနာနှင့် ရဲတံခွန် စီမံကိန်းတို့မှလည်း နေ့စဉ် သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၁,၀၀၀ ကျော်ခန့်ကို ထုတ်လုပ် ရောင်းချ နေရကြောင်း သိရသည်။
အတည်ပြုထားသည့် သဘာဝဓါတ်ငွေ့ပမာဏ အနေဖြင့် ကုန်းတွင်းပိုင်းတွင် ၀.၄၆ ထရီလီယံ ကုဗပေ ရှိပြီး ကမ်းလွန်တွင် ၁၇ ထရီလီယံ ကုဗပေရှိသည်ဟု စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။